ဒေါက်တာအောင်ကြီး(ကျိုက်လတ်မဲဆန္ဒနယ်)
နေပြည်တော်ကောင်စီနယ်မြေတွင် မီတာဖြင့် သုံးစွဲရသည့် အငှားယာဉ်(TAXI) ပြေးဆွဲရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နေပြည်တော်ကောင်စီ နယ်မြေသည် နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတမှစပြီး ဝန်ထမ်းအဖွဲ့အစည်း များမှ ဝန်ထမ်းများ ၊ ပြည်သူများစုပေါင်းနေထိုင်ကြ သည့် မြို့ကြီးဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ် မတိုင်ခင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ မြို့တော်သည် ရန်ကုန်မြို့ဖြစ်ခဲ့သော်လည်း ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်ခြင်း နိုင်ငံတော်အတွင်း သွားလာမှု အချက်အချာကျခြင်း ရေ၊ မြေ၊ တောတောင် လိုအပ်ချက်များဖြင့် ပြည့်စုံခြင်းနှင့် နိုင်ငံတော်၏ ဗဟိုအချက်အချာကျခြင်းတို့ကြောင့် ပြီးခဲ့သည့်အစိုးရများလက်ထက် နိုင်ငံတော် အကြီးအကဲများ မှ နေပြည်တော်ကောင်စီနယ်မြေကို နိုင်ငံတော်၏မြို့တော်အဖြစ်ရည်ရွယ်တည်ဆောက်ခဲ့ပါကြောင်း၊ လွှတ်တော် အဆောက်အဦကြီး များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးရုံးများ၊ လမ်းမရှည်ကြီး များ ရောင်စုံပန်းများနှင့် လှပခန့်ညားသည့် အဝိုင်းကြီးများဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်အောင် တည်ဆောက်ခဲ့ပါ ကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရလက်ထက်တွင်လည်း အနာဂတ် ခေါင်းဆောင်များ မွေးထုတ်ရာ State Academy အပါအဝင်Polytechnic University တို့ကိုလည်းလှပခန့်ညားစွာ တည်ဆောက် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် ကျယ်ဝန်းသော်လည်း တစ်နေရာ မှ တစ်နေရာကို သွားလာရန် အများပြည်သူသုံး Bus ကားယာဉ်မရှိမှုနှင့် သင့်တင့် လျောက်ပတ်သောနှုန်းထားဖြင့် ငှားရမ်းသွားလာနိုင်သည့် သီးခြားအငှားယာဉ် Private TAXI များ ထားရှိပေးရန် လိုအပ်လျက်ရှိသည်ကို စီစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ သွားလာ ရေး လွယ်ကူစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် မီတာဖြင့်သုံးစွဲရသည့် အငှားယာဉ်တက္ကစီများ ပြေးဆွဲပေးရန် အစီအစဉ် ရှိ မရှိမေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်
နေပြည်တော် ကောင်စီနှင့်ပေါင်းစပ်၍ ဖြေကြားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို နိုင်ငံတော်၏ Clean City, Green City, Smart City ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပြီး နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများမှလည်း မြို့တွင်း(TAXI) ပြေးဆွဲသည့် လုပ်ငန်း ဆောင်ရွက်မှုများကို ပူးပေါင်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ နေပြည်တော်မြို့တွင်း စင်းလုံးငှား (TAXI)အနေဖြင့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) ရှေ့တွင် EV Stationနေရာ၌ EV TAXI အရေအတွက် ၁၅ စီး၊ သပြေကုန်း EV Station တွင် EV TAXI အရေ အတွက် ၁၂ စီးတို့ကို နေ့စဉ်On Call စနစ်ဖြင့် ယာဉ်စီးခနှုန်း သတ်မှတ်၍ ယာဉ်ပေါ်စတက်ပါက ၂ဝဝဝ ကျပ်နှင့် တစ် ကီလိုမီတာကို ၁ဝဝဝ ကျပ်နှုန်းဖြင့် ပြေးဆွဲခြင်းကို ၂၀၂၄ ခုနှစ်ကတည်းက စတင်ပြေးဆွဲ လျက်ရှိပါကြောင်း၊ ထို့ကြောင့် နေပြည်တော် ကောင်စီအစီအစဉ်ဖြင့် ၂၇ စီး၊ ပုဂ္ဂလိက တစ်ဦးချင်း ပိုင် ၉ စီးနှင့် စုစုပေါင်း EV TAXI ၃၆ စီး နေ့စဉ် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေး အတွက်ကို နေရာအနှံ့အပြားတွင် ဂိတ်ထိုး၍စင်းလုံးငှားစနစ်ဖြင့် ပြေးဆွဲနေ သော မီနီအိုးဝေ ၂၅၂၀ စီး ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နယ်မြေ အတွင်း မီတာစနစ်သုံး၍ အငှားယာဉ် EV TAXI များ ပြေးဆွဲလျက်ရှိပြီး စင်းလုံးငှားစနစ်ဖြင့်လည်း မီနီအိုးဝေများလည်း ပြေးဆွဲလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းမှာ အငှားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီ များ မှ မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့်လျှောက်ထားပါက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ ဌာနများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေ လျက်ရှိပါကြောင်းနှင့် အမျိုးသားအဆင့် လျှပ်စစ် သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ အနေဖြင့်လည်း EV ယာဉ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာ စေရေး အများပြည်သူ သယ်ယူ ပို့ဆောင်ရေးအတွက်ကို EV Bus များ၊ EV TAXI များနှင့် Charging Station များကို နှစ်အလိုက် စီမံချက်များချမှတ်၍ အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။