ဦးရဲထွဋ်အောင် (မင်းလှမဲဆန္ဒနယ်)
တရားဝင်အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားသော ပရဟိတအသင်းအဖွဲ့များရှိ လိုင်စင်မဲ့မော်တော် ကားများအား အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီတရားဝင်လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သူ့ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီး၌ တရားဝင်အသင်းအဖွဲ့ဖြင့် မှတ်ပုံတင် ထားကြသော ပရဟိတအသင်းများတွင် မိဘပြည်သူများ၏ စုပေါင်းလှူဒါန်းငွေဖြင့် လိုင်စင်မဲ့ မော်တော်ကားများ ဝယ်ယူ၍ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြ ရပါကြောင်း၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်နှင့်ရပ်ကျေးအဆင့် ပရဟိတအသင်းအဖွဲ့များ အနေဖြင့် နှစ်ကာလကြာမြင့်စွာ တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကာလမှစ၍ ရှိသမျှရန်ပုံငွေများဖြင့် မော်တော်ယာဉ်များဝယ်ယူ၍ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ ကိုဗစ်-၁၉ ကာလ တစ်နိုင်ငံလုံးရှိ ပရဟိတ အသင်းအဖွဲ့များသည် ၂၃.၃.၂၀၂၀ ရက်နေ့မှစတင်သည့် ပထမလှိုင်းတွင် လည်းကောင်း၊ ၁၆.၈.၂၀၂၀ ရက်နေ့မှစတင်ခဲ့သည့် ဒုတိယလှိုင်းတွင် လည်းကောင်း၊ ၂၇.၅.၂၀၂၁ ရက်နေ့တွင် စတင်ခဲ့သည့် တတိယလှိုင်းတွင်လည်းကောင်း၊ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်ဆောင်ရွက်ခြင်း နှင့် အရေးပေါ်လိုအပ်နေသည့် အောက်ဆီဂျင် များအား ခက်ခဲစွာရှာဖွေ၍ ကူညီလှူဒါန်းမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်း စဉ်များနှင့် မြို့နယ်အသီးသီး၌ ဖွင့်လှစ်ခဲ့သည့် Quartine Center များတွင် Volunteer များဖြင့် ဝင်ရောက်ကူညီဆောင်ရွက်ပေးခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကွယ်လွန်သွားကြသူများအား ကောင်းမွန်စွာသင်္ဂြိလ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ကြပါကြောင်း၊ ၁၀.၉.၂၀၂၄ ရက်နေ့မှစတင်သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စု နယ်မြေအတွင်းရှိ ပျဉ်းမနား၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိမြို့နယ်၊ ရမည်းသင်းနှင့် ပျော်ဘွယ် စသည့်မြို့များမှာ နှစ်ပေါင်းများစွာတွင် မကြုံဖူးသည့် ဆိုးရွာသောရေကြီးမှုများဖြစ်ပေါ်ရာတွင်လည်း တစ်နိုင်ငံလုံးရှိ ပရဟိတအသင်းအဖွဲ့များအနေဖြင့် တပ်မတော်သားများနှင့်အတူ ဝင်ရောက်ကူညီ ကယ်ဆယ်ခြင်းနဲ့ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြ ပါကြောင်း။
၂၈.၃.၂၀၂၅ ရက်နေ့ (သောကြာနေ့) တွင် နေ့လယ် ၁၂:၀၀ ကျော်တွင် မန္တလေးမြို့ အနောက် မြောက်ဘက်အနီး၌ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၇ ဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး လှုပ်ခတ် သွားသောငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်စသည့် မြို့ကြီးများတွင် အဆာက်အဦများပြိုကျခြင်း၊ လမ်းတံတားများပျက်စီးခြင်းတို့ဖြစ်ပေါ် လာပါ ကြောင်း ၊ တစ်နိုင်ငံလုံးရှိ ပရဟိတအသင်း အဖွဲ့များအား အင်တိုက် အားတိုက်ပါဝင်ပြီး လုပ်အားဒါန ပြုခြင်းအပြင် အမှန်တကယ်လိုအပ်သည့် သောက်သုံးရေနှင့် စားသောက်ကုန်များ ကူညီလှူဒါန်း ခဲ့ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ထို့ပြင် နိုင်ငံတစ်ဝန်းဖြစ်ပွားသည့် မီးလောင်မှု ဖြစ်စဉ်များတွင်လည်း နီးစပ်ရာပရဟိတ အဖွဲ့များသည် မီးသတ်အဖွဲ့များဖြင့် ပူးပေါင်းကူညီခြင်း၊ မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများ၊ မီးခိုးမွှန်သူများကို ရှေးဦးပြုစုပေးခြင်းနှင့် ဆေးရုံ၊ ဆေးခန်း များသို့ အချိန်မီရောက်ရှိနိုင်ရေး ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်နေကြပါကြောင်း၊ မည်သည့်နေရာမှာမဆို ယာဉ်တိုက်မှုများ ဖြစ်ပါကလည်း တာဝန်ရှိသူများနှင့်အတူ လိုက်ပါပြီး ထိခိုက်ဒဏ်ရာရသူများအား အသက်အန္တရာယ် ကင်းဝေးစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း၍ ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တရားဝင်အသင်း အဖွဲ့အနေဖြင့် ဆောင်ရွက်နေကြသည့် ပရဟိတအသင်းအဖွဲ့များပိုင်ဆိုင်သော မော်တော်ကားများ အား သင့်တင့်သည့်အခွန်ငွေပေးသွင်းပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင် ထုတ်ပေးပါက နိုင်ငံတော် အတွက် ထိုက်သင့်သည့် ဘဏ္ဍာငွေရရှိမှာဖြစ်သည့်အပြင် တရားဝင်အသင်းအဖွဲ့များ အနေဖြင့် လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအများစုကို လေ့လာကြည့်ပါက ပရဟိတအသင်းဝင်များ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ကြံ့ခိုင်မှု စစ်ဆေးပြီး အခွန်သက်သာခွင့်ပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ လျှော့ပေါ့ပေးခြင်း၊ ကိုယ်ရေးကိုယ်တာ အသုံးပြုမှု ရှိ /မရှိစစ်ဆေးခြင်း၊ အာမခံမဖြစ်မနေထားရှိခြင်း တို့ကိုဆောင်ရွက်ပြီး အထူးမှတ်ပုံတင်များ ပြုလုပ်ပေးနေသည်ကို လေ့လာသိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသသကြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တို့၌ တရားဝင်မှတ်ပုံတင်ထားပြီး လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည့် ပရဟိတအသင်း အဖွဲ့များပိုင်ဆိုင်သည့် မော်တော်ကားများအား အခွန်ငွေ သတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင် လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ/ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်
ယခင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိသည့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ နာရေးကူညီမှု အသင်းများ အနေဖြင့် ပိုင်ဆိုင်အသုံးပြုနိုင်သောယာဉ်စီးရေ အနည်းငယ်သာရှိခဲ့သည့်အတွက် တရားမဝင်ယာဉ် ကို သာအသုံးပြု၍ နာရေး ပို့ဆောင်ခြင်း၊ လူနာပို့ဆောင်ခြင်းနှင့် အခြားလူမှုရေးဆိုင်ရာကိစ္စများတွင် အသုံးပြုဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါအသင်းအဖွဲ့များ၏ တင်ပြချက်များအရလည်းကောင်း၊ ပြည်သူလူထု၏ လိုလားချက်ဆန္ဒများအရလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ အကြံပြုချက်များအရ လည်းကောင်း ၂၀၁၄ ခုနှစ်တွင် လူမှုရေးအသင်းအဖွဲ့များမှာ အသုံးပြုနေသည့် မှတ်ပုံတင်မဲ့ယာဉ်များအား တရားဝင်မှတ်ပုံတင်ခြင်းကို ၁၉-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ ကြီးကြပ်ပြီး One Stop Service အဖွဲ့များ ဖွဲ့စည်းပြီး ၇-၇-၂၀၁၄ ရက်နေ့မှ ၃၁-၇-၂၀၁၄ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ဆောင်ရွက် ပေးခဲ့ပါကြောင်း။
၎င်းပူးပေါင်းအဖွဲ့များဖြင့် One Stop Service စီမံချက်ဆောင်ရွက်ပေးခဲ့ရာ စီမံချက်မတိုင်မီ တရားဝင် မှတ်ပုံတင်ထားသည့် လူမူရေးအသင်းအဖွဲ့ ၅၈ ဖွဲ့ ရှိရာမှာ စီမံချက်ကာလ ရက်သတ္တပတ် ၄ ပတ်ခန့်အတွင်းမှာ တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ပေါင်း ၁၇၆၅ ဖွဲ့သို့ တိုးပွားလာခဲ့ပြီး စီမံချက်မတိုင်မီ မှတ်ပုံတင်ထားသည့် ယာဉ်စုစုပေါင်းမှာ ၁၁၄ စီးရှိခဲ့ရာမှ စီမံချက်ကာလအတွင်းမှာ စုစုပေါင်း ၄၉၈၅ စီးအထိ တိုးမြင့်လာခဲ့ပါကြောင်း၊ ထို့ကြောင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနအနေဖြင့် ပြည်ပမှတရားဝင်တင်သွင်းလာတဲ့ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန်ဖော်ပြချက်နှင့် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီး ဌာနမှ အခွန်အကောက်ကင်းလွတ်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာ စသည့် စာရွက်စာတမ်း များ အားစိစစ်ပြီး ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခကောက်ခံခြင်းမရှိဘဲ မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သိုဖြစ်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများပါရှိသည့် နိဗ္ဗာန်ယာဉ်များ ကို မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိပြီး တရားမဝင်ရောက်ရှိနေသော မော်တော်ယာဉ်များသည် ဖော်ပြပါ အထောက် အထားများတင်ပြနိုင်ခြင်း မရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး၍မရပါကြောင်း ဖြေကြားပါသည်။