နောက်ဆုံးရသတင်းများ
MY EN

(ဃ)- ဦးကောင်းသက်စံ (သီပေါမဲဆန္ဒနယ်)-မေးခွန်း

2026-06-11
တတိယအကြိမ်
ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကောင်းသက်စံ (သီပေါမဲဆန္ဒနယ်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် ၂၄ နာရီပတ်လုံး ဖုန်းလိုင်းများဆက်သွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးလျက်ရှိသည့်ကာလတွင် ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအဆောက်အအုံ တစ်ရပ်ဖြစ်သလို ပြည်သူများ၏ လူမှုစီးပွား မြင့်မားတိုးတက်ရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုများ လက်လှမ်းမီရေးနှင့် ဒေသအလိုက် မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ သို့ရာတွင် သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ အားနည်းရ ခြင်း၏ အဓိက အကြောင်းအရင်းများအနက် ဒေသတွင်းဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ဆက်သွယ် ရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်းအချို့ ပျောက်ဆုံး၊ ဆုံးရှုံးခဲ့ရခြင်းတို့ပါဝင်ကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးတာဝါတိုင်များ ပုံမှန်လည်ပတ်နိုင် ရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားမရရှိသည့် အခက်အခဲများလည်းရှိနေပါကြောင်း၊ လျှပ်စစ်မီး မရရှိသည့်အခြေအနေများတွင် ဒီဇယ်မီးစက်ဖြင့် လည်ပတ်ဆောင်ရွက်သော်လည်း သီပေါမြို့နယ် အတွက် စက်သုံးဆီခွဲတန်းမရရှိခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စက်သုံးဆီ‌ ဈေးနှုန်းများသည်လည်း အဆမတန် မြင့်တက်လျက်ရှိပါကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှုကို ထိန်းသိမ်းနိုင်ရန် ကုန်ကျစရိတ် အလွန်မြင့်မားလာပြီး ဒေသအတွင်း တစ်ရက်လျှင် ဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် မြန်မာကျပ်ငွေ သိန်းတစ်ရာ တစ်ဆယ်ခန့်အထိ ကုန်ကျနေကြောင်း၊ ထိုအခြေအနေသည် ဒေသခံပြည်သူများ ဆက်သွယ်ရေး ဝန်ဆောင်မှုကို အဆက်မပြတ် အသုံးပြုနိုင်ရေးအတွက် ရေရှည်ခံနိုင်သည့် အခြေအနေတစ်ရပ် မဟုတ် ပါသဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် အထူးအစီအစဉ်အဖြစ် ပံ့ပိုးကူညီဆောင်ရွက် ပေးရန် လိုအပ်လျက်ရှိပါကြောင်း။

ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေးလုပ်ငန်းစဉ်များ၊ တောင်သူလယ်သမားများ ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သတင်းအချက်အလက်ရရှိရေး၊ စီးပွားရေးလုပ်ငန်းများ၏ ‌ဈေးကွက် ဆက်သွယ်ရေး၊ ကျန်းမာရေးအရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းပေးမှု တွင်လည်း အခက်အခဲများစွာ ဖြစ်ပေါ်နေပါကြောင်း၊ အထူးအားဖြင့် နိုင်ငံတော်သမ္မကြီးအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အစဉ်တစိုက် အလေးထား၍ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ  အကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းညွှန်ပံ့ပိုးကူညီပေးလျက်ရှိသည့်အပေါ် သီပေါ မြို့နယ်ရှိ ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထာင်စုဒုတိယဝန်ကြီး ကိုယ်တိုင် မြေပြင်အခြေအနေများကို အနီးကပ်ကြည့်ရှု၍ သီပေါမြို့သို့ ၉- ၅-၂၀၂၆ ရက်နေ့ တွင် လာရောက်၍ လက်တွေ့ကျသော ဖြေရှင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒုတိယ ဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း၊ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် တိုးချဲ့တည်ဆောက်ပေးခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ဝန်ဆောင်မှုမရောက်ရှိသေးသည့် ကျေးရွာများ အထိ ဆက်သွယ်ရေး ကွန်ရက်များဖြန့်ကြက်ပေးခြင်းနှင့် လက်ရှိကြုံတွေ့နေရသော ဆက်သွယ်ရေး အခက်အခဲများကို ရေရှည်တည်တံ့သောနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးကို ဆက်လက် အလေးထားဆောင်ရွက် ပေးစေလိုကြောင်း၊ သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဆက်သွယ်ရေး လိုအပ်ချက် များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း ၂၄ နာရီပတ်လုံး ဖုန်းလိုင်များ ဆက်သွယ်နိုင်ရန် ဆောင်ရွက် ပေး နိုင်ပါရန် အစီအစဉ်ရှိ /မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်

သီပေါမြို့နယ်တွင် လက်ရှိအချိန်မှာဆိုရင်  MPT မှ မိုဘိုင်းစခန်း ၂၁ ခု၊ ATOM မှ မိုဘိုင်းစခန်း ၂၅ ခု၊ U9 မှ မိုဘိုင်းစခန်း ၉ ခုနှင့် Mytel မှ မိုဘိုင်းစခန်း ၃၇ ခု၊  စုစုပေါင်း မိုဘိုင်းစခန်း ၉၂ ခုနှင့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ဝန်ဆောင်မှု ပေးလျက်ရှိသည့် မိုဘိုင်းစခန်း ၉၂ ခုအနက် ၇၂ ခုမှာ ၂၄  နာရီ လုပ်ငန်းလည်ပတ်နိုင်သည့် အတွက် အချိန်ပြည့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျန်မိုဘိုင်းစခန်း ၂၀ ခုမှာလျှပ်စစ်ဓါတ်အားရရှိမှုနှင့် စက်သုံးဆီ ရရှိမှုအခြေအနေများပေါ် မူတည်၍ ၂၄ နာရီ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိ ရပါကြောင်း၊ ၂၄ နာရီအပြည့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိသေးသည့် မိုဘိုင်းစခန်း ၂၀ ခုအတွက် လျှပ်စစ်ဓာတ်အားနှင့် စက်သုံးဆီများ ပုံမှန်ပြန်လည်ရရှိမည်ဆိုပါက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အချိန်ပြည့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။

သီပေါမြို့နယ်သည် တိုက်ပွဲကြောင့် မြို့သည် ပြန်လည်တည်ထောင်သည့် ကာလတစ်ခု ဖြစ်ပါကြောင်း၊ တည်ထောင်သည့်ကာလတွင် အခက်အခဲနေဖြင့် မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု နှစ်ခုကလွဲလျှင် ညနေ ၆ နာရီကျော်ပါက ဖုန်းလိုင်းများ ပြတ်တောက်သွားပါကြောင်း၊ သဘာဝလေ ဘေးသင့်သည့်အခါ ဖုန်းလိုင်းမရပါကြောင်း၊ သို့သော် အချို့ကျေးရွာများတွင် CDMA 800 Gota line မိမိကိုယ်တိုင်လည်း Gota ဖုန်း ကိုင်ထားရပါကြောင်း၊ ထိုဖုန်းလိုင်းရသည့်အခါ အချိန်မီ ဆက်သွယ်နိုင် ပါကြောင်း၊ နောက်ပိုင်းတွင် ထိုကျေးရွာများတွင် ဖုန်းလိုင်းများ ရရှိပါကြောင်း၊ ထို့ကြောင့် အဓိက အကြောင်းအရာသည် နိုင်ငံတော်အစိုးရ အုပ်ချုပ်မှုယန္တရားရှိသည့် သီပေါမြို့နယ်၏ သီပေါ-ကျောက်မဲ ကြားဒေသများတွင် ဆက်သွယ်ရေးစနစ် ၂၄ နာရီပြောနိုင်ရန် တိုးချဲ့ပြီး အစိုးရအနေနှင့် ကူညီ ဆောင် ရွက် ပေးနိုင်ခြင်းရှိ /မရှိ ကို ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်း ထားသည့် အထဲတွင် ဆက်သွယ်ရေးအတွက် လိုအပ်သည့် ကျေးရွာများနှင့်ပတ်သက်လျှင် လက်ရှိ တည်ဆောက် ပြီးသား ဆက်သွယ်ရေးစခန်းများသည်လည်း တိုက်ပွဲကြောင့် ချို့ယွင်းအားနည်းသွားခြင်း ရှိသည်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးစခန်း ၉၂ ခုအပြင် တိုက်ပွဲကြောင့် ထိခိုက် သွားသည့် ဆက်သွယ်ရေးစခန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လတ်တလော အခြေအနေ အရ ၁၁ ခု ပြန်လည်ကောင်းမွန်လာပါကြောင်း၊ အားလုံးစုစုပေါင်း ၁၀၃ ခု ဆက်သွယ်ရေး စခန်းများ ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးစခန်းများကို ပြန်လည်တိုးချဲ့တည်ဆောက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ ဆက်သွယ်ရေးဆက်ကြောင်းများ သွားနိုင်မည့်အခြေအနေ၊ လျှပ်စစ်မီး ရရှိနိုင်မည့်အခြေအနေ၊ ဘဏ္ဍာငွေရရှိမှုအခြေအနေ၊ နယ်မြေဒေသအခြေအနေ အပေါ် မူတည်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ်လျာထားမှုတွင် ထည့်သွင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဖြင့်ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။