နောက်ဆုံးရသတင်းများ
MY EN

(င)- ဦးစိုင်းဆမ်(မိုင်းယန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-11
တတိယအကြိမ်
ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းဆမ်(မိုင်းယန်းမဲဆန္ဒနယ်)

မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ရွာ(၆)ရွာတွင် ဖုန်းဆက်သွယ်ရေးတာဝါတိုင်တည်ဆောက် ပေးရန် အစီအစဉ် ရှိ မရှိနှင့် တည်ဆောက်ပေးမည်ဆိုပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၀ ရွာရှိသည့်အနက် ကျန် ၆ ရွာမှာ တယ်လီဖုန်းလိုင်း မရှိပါသဖြင့် ပြောဆို၍ မရသေးပါကြောင်း၊ ၎င်းကျေးရွာဒေသကို လိုအပ်နေသော ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာနေပြည်သူလူထုများ လူမှုရေး၊ ဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး တိုးတက်လာမည် ဖြစ်ပါ ကြောင်း ၊ ထို့ကြောင့် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ရွာ ၆ ရွာကို ဖုန်းဆက်သွယ်ရေး တာဝါ တိုင် တစ်ခု တည်ဆောက်ပေးရန်အစီအစဉ် ရှိ/ မရှိ နှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မိုင်းယန်းမြို့နယ်တွင် MPT,U9 နှင့် Mytel Operater များ၏ စုစုပေါင်း မိုဘိုင်းစခန်း ၈ ခုကို တည်ဆောက်ထားရှိပြီး မိုင်းယန်းမြို့နယ်နှင့် နီးစပ်သော အချို့သော ကျေးရွာများကို ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

            မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာသည် လျှပ်စစ်ဓာတ်အား မရှိခြင်း၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ရန်ခက်ခဲမှုတို့ကြောင့် မိုဘိုင်းစခန်းအသစ်တစ်ခု တည်ဆောက်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း၊ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားလာရန်မလွယ်ကူသည့် နယ်မြေဒေသတွင်ရှိသည့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်နိုင်မှုနှင့် နယ်မြေဒေသအခြေအနေများအပေါ်မူတည်ပြီး ကွင်းဆင်းတိုင်းတာနိုင် ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကွင်းဆင်းတိုင်းတာရရှိမှုအခြေအနေများအပေါ် မူတည်၍ အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မိုဘိုင်းစခန်းများ တည်ဆောက်နိုင်ရေးကို ဘဏ္ဍာနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။