နောက်ဆုံးရသတင်းများ
MY EN

(စ)- ဦးလှမင်း(ငါန်းဇွန်မဲဆန္ဒနယ်)-မေးခွန်း

2026-06-11
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှမင်း(ငါန်းဇွန်မဲဆန္ဒနယ်)

ငါန်းဇွန်မြို့နယ်အတွင်း မူလတန်းကျောင်းမှ အထက်တန်းကျောင်းအထိ စုစုပေါင်း ၁၂၇ကျောင်းရှိသည့် အနက် ၆၆ ကျောင်းမှာ ယာယီပိတ်ထားရပါသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးမည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ငါန်းဇွန်မြို့နယ်အတွင်းတွင် အိမ်ထောင်စုပေါင်း ၃၂,၄၉၁ စု၊ လူဦးရေ ၁၄၃,၂၂၅ ဦးရှိပြီး ၁၈ နှစ် အောက် ကျောင်းနေအရွယ် ၃၂,၄၉၁ ဦးရှိပါကြောင်း၊ ငါန်းဇွန်မြို့နယ်အတွင်းတွင် အခြေခံပညာ ကျောင်း စုစုပေါင်း ၁၂၇ ကျောင်းရှိပြီး အဆိုပါကျောင်းများအနက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအကုန်ပါ ၆၆ ကျောင်းလောကသည် မိဘများနှင့်အတူ ကျောင်းသား/ကျောင်းသူများသည် နေရပ်စွန့်ခွာ၍ အခြားဒေသသို့ ပြောင်းရွှေ့သွားသဖြင့် ယာယီကျောင်းပိတ်ထားရသည့်အတွက် ထိုကျောင်းများကို မည်သို့ပြန်လည်ဖွင့်လှစ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်

ငါန်းဇွန်မြို့နယ်အတွင်းတွင် ကျောင်း ၁၂၇ ကျောင်းအနက် ၆၁ ကျောင်းသည် ဖွင့်လှစ်ထားပြီး ဖြစ်ပါ ကြောင်း၊ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် ယာယီပိတ်ထားသည့် ကျောင်း ၆၆ ကျောင်းအနက် ဂျိုအခြေခံ ပညာအထက်တန်းကျောင်း၊ ကမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မဂျီအခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၊ ရွှေတောင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ငါန်းလွန့်အခြေခံပညာ မူလတန်း ကျောင်း၊ ဆပ်ပြာကျင်းအခြေခံပညာမူလတန်းကျောင်းနှင့် သပြေသာအခြေခံပညာ မူလတန်းကျောင်း၊ သပြေကန်အခြေခံပညာမူလတန်းကျောင်း စုစုပေါင်း ကျောင်း ၈ ကျောင်းတို့ကို ပြန်လည် ဖွင့်လှစ်နိုင် ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် သပြေသာအခြေခံပညာ မူလတန်း ကျောင်း တစ်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းအုပ် ၁ ဦး၊ မူလတန်းအဆင့်သင် ဆရာ ၃ ဦး၊ တွဲဖက်ဆရာ ၁ ဦးနှင့် အထွေထွေလုပ်သား ၁ ဦး စုစုပေါင်း ဝန်ထမ်း ၆ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကျန် ၇ ကျောင်းကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်မည်ဆို ပါက သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဖွင့်ကျောင်းများတွင် ယာယီတွဲဖက်ထားသည့် အဆိုပါကျောင်းများမှ ကျောင်းအုပ် ၇ ဦး၊ ဆရာဆရာမ အထက်တန်းအဆင့်သင် ၁၇ ဦး၊ အလယ်တန်းအဆင့်သင် ၁၄ ဦး၊ မူလတန်းအဆင့်သင် ၁၉ ဦး စုစုပေါင်း ၅၅ ဦးကို ပြန်လည်နေရာချထား တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးလှမင်း(ငါန်းဇွန်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကျောင်းဖွင့်လှစ်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ ကျေနပ် ပါကြောင်း၊ သို့သော် မိမိ၏မေးခွန်းသည် ကျောင်းကိစ္စဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ လာရောက်ဖြေကြားသော်လည်း ကျောင်းမဖွင့်နိုင်သည့် အခြေအနေအရပ်ရပ်သည် ပညာရေး ဝန်ကြီးဌာနအပေါ် ပတ်သက်နေခြင်းမဟုတ်ပါကြောင်း၊ ဖြစ်စဉ်ကို အနည်းငယ်ပြောရလျှင် ၃.၁၀.၂၀၂၁ရက်နေ့တွင် ဆင်ဖြူဖုံးရွာက မူလတန်းပြဆရာဦးအောင်သီဟနှင့် ဆရာမဒေါ်မြသန်းဌေး တို့ကို အကြမ်းဖက်အဖွဲ့မှ လာရောက်သတ်ဖြတ်ပါကြောင်း၊ ၁၈..၂၀၂၂ ရက်နေ့တွင် ထနောင်းကုန်း ရွာမှ ဒေါ်ဆွေဆွေမွန် မူလတန်းပြဆရာမလည်း အသတ်ခံရသည့် ဖြစ်စဉ် ရှိပါကြောင်း၊ ၁၈.၁၁.၂၀၂၃ ရက်နေ့တွင် ကုလားရွာမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်တိုးတိုးသန်းနှင့်အဖော် ဒေါ်အေးမွန် ကျော်တို့ကိုလည်း ကုလားရွာတွင်ပင် အသတ်ခံရပါကြောင်း၊ ၃..၂၀၂၄ ရက်နေ့တွင် ကျင်းသာရွာမှ မူလတန်းပြ ဆရာမ ဒေါ်ချိုချိုမာနှင့်အတူ ဦးကျော်စိုးမိုးတို့နှစ်ဦး အသတ်ခံရပါကြောင်း၊ ၁..၂၀၂၄ ရက်နေ့တွင် ညောင်လေးပင်ရွာမှ မူလတန်းပြဆရာမ ဒေါ်ရွှေယမင်းဦးကို လာရောက်သတ်ဖြတ် သော်လည်း ဒဏ်ရာသာရရှိခဲ့ပါကြောင်း၊ ယခုလိုဖြစ်စဉ်များရှိသလို ယခုဝန်ကြီးလာရောက်ဖြေကြား သလိုမျိုး ကျောင်း ၈ ကျောင်းပြန်လည်ဖွင့်လှစ်ရန်အတွက် ကြိုးစားအားထုတ်သည့်အခါ မလုတ် ကျေးရွာအုပ်စု၊ သပြေသာရွာက ကျောင်းဖွင့်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း အကျိုးဆောင်အဖွဲ့များခေါ်ပြီး ရှင်းလင်းဆွေးနွေးခြင်း၊ ရပ်မိရပ်ဖမှအားလုံးမှလည်း အားတက်သရောလုပ်ကြပါကြောင်း၊ ထိုသို့လုပ်ကြသည့်အချိန် ၇..၂၀၂၆ရက် ညနေ ၈ နာရီတွင် အကြမ်းဖက် PDF ၁၀ ဦးမှ သပြေသာရွာသို့ ရောက်ရှိလာပြီး ကျောင်းဖွင့်လှစ်ရေးကိစ္စအတွက် ဦးဆောင်ပြီးလုပ်သည့် အရပ်သူဒေါ်အေးပွေး၊ ဒေါ်အေးမိစံ၊ ဒေါ်ပိန် စုစုပေါင်း ၁၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် ကျောင်းထားရန်လုပ်သည့် ကျောင်းသားများနှင့် အကျိုးဆောင်အဖွဲ့များကို ပိုက်ဆံ ၂ သိန်းကျပ် ယူပြီး‌ ပြန်လွှတ်ပေးပါကြောင်း၊

ထို့အတူ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ နွားထန်ကြီးကုန်းကျေးရွာအုပ်စု၊ သစ်တော်ဗြား (မြောက်)ကျေးရွာအတွင်းသို့ အမည်မသိ PDF အဖွဲ့အင်အား စိစစ်ဆဲ ဝင်ရောက်ပြီး ရွာအတွင်းသို့  ဝင်ရောက်နှောင့်ယှက်ပြီး ဆရာဆရာမများကို လိုက်လံရှာဖွေပြီး မတွေ့သည့်အခါ ကျောင်းအကျိုး တော်ဆောင်ဖြစ်သည့် ဒေါ်ချစ်၊ အသက် ၅၂ နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး‌ ကျောင်းမဖွင့်ရန် ခြိမ်းခြောက်သွားပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနမှ မည်သို့ပင် ကျောင်းဖွင့်ရေးအတွက် ‌ဆောင်ရွက်သော်လည်း ငါန်းဇွန်မြို့သည် စစ်အုပ်ချုပ်ရေးကြေညာထားသောကြောင့် ဆက်စပ် ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းပြီး ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါ သလဲဟု ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်

မိမိတို့ပညာရေးဝန်ကြီးဌာနသည် ကျောင်းစပြီးဖွင့်ခွင့်ပြုပြီဆိုသည်နှင့် ဆက်စပ်မှုအားလုံးကို ဖြည့်ဆည်းပြီး ဆရာဆရာမများကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလိုမေးမြန်း ပေးသည့်အတွက်လည်း ကျန်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။