ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)
မိုင်းပျဉ်းမြို့နယ်ရှိ အ.မ.က (၂၆) ကျောင်းတွင် လိုအပ်နေသော ဆရာ ဆရာမများအားခွဲဝေခန့်ထား ပေးနိုင်ရေး လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မိုင်းပျဉ်းမြို့နယ်သည် ၂၀၂၅-၂၆ ပညာသင်နှစ်တွင် အထက်တန်းဆင့်သင် အ.ထ.က ကျောင်း ၆ ကျောင်း၊ အလယ်တန်းအဆင့်သင် အ.လ.က ကျောင်းပေါင်း ၂၆ ကျောင်း၊ မူလတန်းအဆင့်သင် အ.မ.က ကျောင်း ပေါင်း ၁၀၆ ကျောင်း၊ ထက်၊ လယ်၊ မူ ကျောင်း စုစုပေါင်း ၁၃၈ ကျောင်းရှိပါကြောင်း၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာကျောင်းများတွင် ဆရာ /ဆရာမများ ခွင့်ပြုဦးရေ၊ ခန့်ထားဦးရေ၊ လစ်လပ်ဦးရေ အခြေ အနေ ကို တင်ပြရလျှင် မူလတန်းခွင့်ပြုဦးရေ ၇၄၂ ဦး၊ ခန့်ထားဦးရေ ၁၅၇ ဦး၊ လစ်လပ်ဦးရေ ၅၈၅ ဦး၊ အလယ်တန်း ခွင့်ပြုဦးရေ ၁၇၀ ဦး၊ ခန့်ထားဦးရေ ၅၄ ဦး၊ လစ်လပ်ဦးရေ ၁၁၆ ဦး၊ အထက်တန်း ခွင့်ပြုဦးရေ ၈၂ ဦး၊ ခန့်ထားဦးရေ ၅၆ ဦး၊ လစ်လပ်ဦးရေ ၂၆ ဦး ရှိပြီး ထက်၊ လယ်၊ မူ စုစုပေါင်း ခွင့်ပြု ဦးရေ ၁၀၀၂ ဦး၊ ခန့်ထားဦးရေ ၂၆၇ ဦး၊ လစ်လပ်ဦးရေ ၇၃၅ ဦး ရှိနေပါကြောင်း၊ ထို့ကြောင့် ခန့်ထားပြီး ဆရာ ဆရာမအင်အားနှင့် စာသင်ကျောင်း မျှတမှု မရှိသည့်အတွက် အ.မ.က(ခွဲ) ကျောင်း ၄ ကျောင်းကို လည်း ၂၀၀၆ ခုနှစ်ကတည်းက ကျောင်းပိတ်ထားခဲ့ရပါကြောင်း၊ ၂၀၂၅-၂၆ ပညာသင်နှစ်တွင် ဆရာ ဆရာမ မရှိသော အ.မ.က ၂၆ ကျောင်းရှိပြီး ယခု ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ဆရာ ဆရာမ မရှိသော အ.မ.ကကျောင်း ၅၁ ကျောင်းရှိနေပါသဖြင့် တောင်ပေါ်ဒေသနေ ဒေသခံ တိုင်းရင်းသား ကလေးငယ်၊ ကျောင်းသူကျောင်းသားများ ပညာသင်ကြားမှု အပြည့်အဝမရရှိဘဲ စာသင်ကြားပေမည့် ဆရာ ဆရာမ များအား မျှော်လင့်လျက်ရှိပါကြောင်း ၊ သို့ဖြစ်ပါ၍ မိုင်းပျဉ်းမြို့နယ်၊ ၂၀၂၆-၂၇ ပညာသင်နှစ် တွင် လိုအပ်နေသော အ.မ.က ကျောင်း ၅၁ ကျောင်းမှ ဆရာ/ ဆရာမ များအား ခွဲဝေခန့်ထားပေးနိုင်ပါရန် နှင့် ယခုပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်
မိုင်းပျဉ်းမြို့နယ်တွင် ကျောင်းပေါင်း ၁၃၈ ကျောင်းရှိပြီး မူလတန်းပြ ၁၅၁ ဦး၊ အလယ်တန်းပြ ၅၂ ဦး နှင့် အထက်တန်းပြ ၅၆ ဦး စုစုပေါင်း ၂၆၂ ဦး ခန့်ထားလျက်ရှိပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း ၅၁ ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ သင်ကြားသင်ယူမှု အဆင်ပြေစေရေးအတွက် မြို့နယ်အတွင်းရှိ ဆရာပြည့်မီသည့်ကျောင်းများမှ ဆရာ/ ဆရာမများကို လက်ရှိ တွဲဖက်တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမ လိုအပ်နေမှုအတွက် ၂၀၂၆-၂၇ ပညာသင်နှစ်တွင် Dip.Ed သင်တန်းဆင်းများ၊ B.A(Edu), B.Sc(Edu) ပညာရေး ဒီဂရီကောလိပ် သင်တန်းဆင်းများကို ဆရာ /ဆရာမ နည်းပါးသည့် ကျောင်းများတွင် ဦးစားပေး အစီအစဉ် အလိုက် ဖြည့်ဆည်း ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း ဆရာ/ ဆရာမ အရေအတွက်နှင့် မလုံ လောက်ပါက မြို့နယ်အတွင်းရှိ ဆရာ /ဆရာမများကို အလှည့်ကျ သို့မဟုတ် ယာယီ တာဝန်ချထား ပေးခြင်းဖြင့် သင်ကြားသင်ယူမှု အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။