ဦးဝင်းဇော်(ပင်းတယမဲဆန္ဒနယ်)
ပင်းတယမြို့နယ်အတွင်းရှိ သပြေကုန်းကျေးရွာရှိ အ.လ.က(ခွဲ)နှင့် ပင်ပျော်ကျေးရွာအုပ်စု အ.မ.က ရှောက်ချိုစာသင်ကျောင်းတို့တွင် ကျောင်းသားဦးရေနှင့် ကျောင်းဖွဲ့စည်းပုံအရ စာသင်ခန်း လုံလောက်မှုမရှိပါ၍ အလျား ၉၀ ၊ အနံ ၃၀ ပေတစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်စီ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပင်းတယမြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာရှိပြီး လူဦးရေ ၉၁၆၆၂ ရှိပါကြောင်း၊ မူလတန်းကျောင်း ၇၆ ကျောင်း၊ အလယ်တန်းကျောင်း ၂၆ ကျောင်း၊ အထက်တန်းကျောင်း ၁၈ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၂၀ ကျောင်းရှိပြီး ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ဆရာ/ဆရာမဝန်ထမ်းအင်အား ၁၀၇၀ ဦး ဖြင့် ကျောင်းသား/ကျောင်းသူပေါင်း ၁၈၀၃၂ ဦးအား ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းဆောင်သစ်များ၊ ဆရာ /ဆရာမဝန်ထမ်းအင်အား မလုံလောက်မှုများရှိပါ ကြောင်း၊ ပင်းတယမြို့နယ်အတွင်းရှိ ဦးစားပေး လိုအပ်လျက်ရှိသော တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိ အ.လ.က(ခွဲ)(သပြေကုန်း ကျောင်း)တွင် တစ်ထပ် ကျောင်းဆောင် ၂ ဆောင်၊ စာသင်ခန်း ၈ ခန်းဖြင့် ကျောင်းသားဦးရေ ၁၅၃ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ပင်ပျော် ကျေးရွာအုပ်စု၊ ရှောက်ချိုကျေးရွာရှိ အ.မ.က (ရှောက်ချိုကျောင်း)တွင်လည်း စာသင်ဆောင် ၂ ဆောင်၊ စာသင်ခန်း ၆ ခန်းဖြင့် ကျောင်းသားဦးရေ ၁၈၈ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း။ ၎င်းကျောင်း ၂ ကျောင်းသည် ကျောင်း၏ ဖွဲ့စည်းပုံအရသော်လည်းကောင်း၊ ကျောင်းသားဦးရေ အရ သော်လည်းကောင်း စာသင်ခန်းလုံလောက်မှုမရှိသဖြင့် ကျောင်းသား/ကျောင်းသူများသည် မြက်ခင်း ပြင်များ၊ အရိပ်ရသစ်ပင်များအောက်တွင် ခက်ခဲစွာ ပညာသင်ကြားနေကြရပါကြောင်း၊ ထို့ကြောင့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ တစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်စီဆောက်လုပ် ပေးနိုင် ပါက ကျောင်းသား/ကျောင်းသူများ အမိုးအကာအောက်တွင် အေးချမ်းစွာ ပညာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်လျက်ရှိသော အ.လ.က(ခွဲ)(သပြေကုန်းကျောင်း)နှင့် အ.မ.က (ရှောက်ချိုကျောင်း)များအတွက် ကျောင်းဆောင်သစ် ၂ ဆောင်အား ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ ကိုသိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်း အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ)တွင် မူလတန်းကျောင်းသား ၁၁၄ ဦး၊ အလယ်တန်း ကျောင်းသား ၃၇ ဦး နှင့် စုစုပေါင်း ၁၅၁ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ စာသင်ဆောင် သုံးဆောင်၊ စာသင်ခန်း ၆ ခန်း၊ တန်းခွဲ ၉ ခုနှင့် ပညာသင်ကြားလျက်ရှိကြောင်း၊ ကျောင်းသားနှင့် တန်းခွဲဦးရေအရ သပြေကုန်း အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှာ အလယ်တန်းအဆင့်အတွက် စာသင်ခန်း သုံးခန်း လိုအပ် နေသည့်အတွက် ပေ ၉၀ x ၃၀ RCC (၁)ထပ်ဆောင် ဆောက်လုပ်နိုင်ရန်အတွက် ၂၀၂၇-၂၈ ဘတ်ဂျက်လျာထားမှုအပေါ် ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပင်ပျော်ကျေးရွာအုပ်စု၊ ရှောက်ချို အခြေခံပညာမူလတန်းကျောင်းတွင် မူလတန်း ကျောင်းသား ၁၈၉ ဦး၊ စာသင်ဆောင် အဆောင် ၂ ဆောင်၊ စာသင်ခန်း ၆ ခန်း၊ တန်းခွဲ ၆ ခုနှင့် ပညာ သင်ကြားလျက်ရှိသည့်အတွက် ကျောင်းသားဦးရေအရ ရှောက်ချို အခြေခံပညာမူလတန်း ကျောင်း တွင် စာသင်ခန်းလုံလောက်မှုရှိကြောင်း၊ ကျောင်းသားတိုးတက်လာမှုအပေါ်မူတည်၍ ဘတ်ဂျက်လျာ ထားမှု ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။