(က)-ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ်)
ကလေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက် (ပြင်သာ) ဆိပ်ကမ်းမှ အင်းကျော်ရွာသို့ မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ပေးနိုင်ပါရန်အတွက် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကလေးမြို့နယ် အရှေ့ဘက်ဒေသတွင် စီးဆင်းနေသည့် မြစ်သာမြစ်သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါဒေသမှ မြစ်ဖျားခံပြီး တောင်ဘက်အရပ်မှ မြောက်ဘက်အရပ်သို့ ပြောင်းပြန်စီးဆင်းလာပြီး ချင်းပြည်နယ်မှ စီးဝင်လာသော မဏိပူရမြစ်နှင့် ကလေးမြို့နယ် မြောက်စည်းရွာ၏ အရှေ့ဘက် အနီး တွင် ပေါင်း၍ မြောက်ဘက်သို့ စီးဆင်းလာပြီး ကလေးဝ မြို့အနီး၌ ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းသွားပါကြောင်း၊ ချင်းတွင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်လည်း ဖြစ်ပါကြောင်း၊ မြစ်သာ မြစ်၏ တောင်ဘက်ပိုင်း မြစ်ဖျားပိုင်းကျေးရွာများဖြစ်သည့် ရှားတောရွာ၊ ကုက္ကိုယ်ရွာ၊ လယ်ခြားရွာ၊ ရေရှင်ရွာ၊ အင်းကျွန်းရွာ၊ ကျောက်ဆည်ရွာ၊ ကျောက်ပြုတ်ရွာနှင့် မန်တောရွာများမှာ မြစ်သာတံတား၊ ဟံသာဝတီကြိုးတံတားအသုံးပြုလျက်ရှိပါကြောင်း၊ သို့သော် မြစ်၏အောက်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ အင်းကျော်ရွာ၊ ဥယျဉ်အုပ်စုရွာ၊ အူဒူရွာ၊ ကင်ပွန်းချုံအုပ်စုရွာတို့မှာ ကလေးမြို့ အောင်မေတ္တာရပ်ကွက် ပြင်သာဆိပ်ကမ်းနှင့် နီးကပ်ရှိသော်လည်း အနေဝေး လျက်ရှိနေ ပါကြောင်း၊ မိုးရာသီတွင် စက်လှေများ၊ နွေရာသီကာလတွင် ဝါးထရံကပ်ယာယီတံတားများထိုး၍ ကူးလူး ဆက်သွယ်နေရပါကြောင်း၊ မြစ်သာမြစ်ရိုးတစ်လျှောက် အရှေ့ဘက်တွင်နေထိုင်သော ဒေသခံတောင်သူကြီးများ ကောက်ပဲသီးနှံများသယ်ဆောင်ရာတွင်လည်း စရိတ်ကြီးမားခြင်း၊ ကျေးရွာ သူ ကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားအခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရ ပါကြောင်း၊ အဆိုပါကျေးလက်ဒေသများ အမြန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကလေးမြို့ အောင်မေတ္တာရပ်ကွက် ပြင်သာဆိပ်ကမ်းနှင့် ဥယျာဉ်အုပ်စု အင်းကျော်ရွာသို့ မြစ်သာမြစ်ကူး တံတား ဆောက်လုပ် ပေးနိုင်ပါရန်နှင့် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ် ပေးမည်ကို သိရှိလိုပါကြောင်း ဖြင့်မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်
မေးမြန်းထားသည့် တံတားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း (ပြင်သာ) ဆိပ်ကမ်းမှမြစ်၏ အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ဆက်သွယ်မည့် မြစ်သာမြစ်ကူးတံတား တည်ဆောက်ပေးနိုင်ရန်သိရှိလိုခြင်း ဖြစ်ပါကြောင်း၊ မေးမြန်းထားသည့် တံတား တည်ဆောက်မည့် နေရာသည် တကယ်တည်ဆောက်သင့်သည့် နေရာလည်းဖြစ်ပါကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်ကနေစပြီး တံတားတစ်စင်းသည် ဆောက်လက်စရှိပါကြောင်း၊ ၎င်းတံတားသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင် အထည် ဖော်တည်ဆောက်သည့် တံတားဖြစ်ပါကြောင်း၊ လက်ရှိတံတား အခြေအနေမှာ လည်း ၉၃% ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ဒါကြောင့် ဆွေးနွေးလိုသည်မှာ အဆိုပါတံတားကို ပြီးစီးအောင် ဆက်လက် တည်ဆောက်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ တံတားပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက မြစ်သားမြစ်၏ အရှေ့ဘက်ရွာများ သည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ၎င်းတံတားတည်ဆောက်ပြီး ဖွံ့ဖြိုတိုးတက်လာသည့် အပေါ် မူတည်ပြီး ပြင်သာဆိပ်ကမ်းမှ မြစ်သာမြစ်သို့ဖြတ်ကူးမည့်တံတားကို ဆက်လက် တည်ဆောက် သင့်ပါကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် လူဦးရေနှင့်ကြည့်ပြီး ဒီတံတား ကိုဆက် လက်ပြီး တစ်ခုတည်ဆောက်မည်ဆိုပါက ဒေသတစ်ခုလုံး ဖွံ့ဖြိုးသွားမှာဖြစ်ပါကြောင်းဖြင့် မေးကြားခဲ့ပါသည်။
ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်အတွင်းမှာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေဖြင့် ကလေးမြို့ ဟိုမှန်ကျေးရွာမှတစ်ဆင့် ပေါက်တောကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည်ပေ ၈၅၃ ပေ မြစ်ကူး တံတား ၉၃% ပြီးစီးသည့် အတွက် များစွာကျေးဇူးတင်ပါကြောင်း ၊ ဒေသအခြေအနေ ကောင်းမွန်ပါက သမဝါယမနှင့်ကျေးလက်ဦးစီးဌာနနဲ့ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှညှိနှိုင်းပြီး အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်ကြောင်းသိရှိရတဲ့အတွက်လည်း ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ တင်ပြချင်တဲ့ အကြံပြုချင်တဲ့ဥစ္စာကတော့ မြစ်သာမြစ်ကူးတံတား၊ ပြင်သာတံတားဟာ ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနအပိုင်လမ်းဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနလမ်းနဲ့ ပေါင်းစပ်ပြီးတဲ့ အခါ ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပြင်သာဆိပ်ကမ်းမှတစ်ဆက်တည်း ဆောက်လုပ်သွား ပါမည်ဆိုလျှင် အချိန်အတိုအတွင်းမှာ မြို့ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည် စီမံကိန်းတွင်လည်း ကလေးမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ဖုန်းကြီးကြိုးဝိုင်းကို ဖြတ်ကျော်ပြီးတဲ့အခါ မင်းကင်းမြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ မြို့မကျေးရွာကို ဆက်သွားရင် မြို့မကျေးရွာကနေတစ်ဆင့် မင်းကင်းရွာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်ချင်းဆက်လမ်းလည်း ရေရှည် စီမံကိန်းအနေနဲ့ ဒါလည်းဖြစ်နိုင်ဖို့ အကြံပြုချင်ပါတယ်။ ပြီးတဲ့အခါ ကျွန်တော်တို့ မြို့မကျေးရွာကနေယာကြီးလမ်းပေါ်မှတစ်ဆင့် မုံရွာမြို့နဲ့ မန္တလေးမြို့များကို သွားလိုက်ရင်တစ်ဆက်တည်း ကလေးမြို့က နေ မြို့မယာကြီးကနေတစ်ဆင့် မုံရွာ-မန္တလေးအထိကို အချိန်တိုအတွင်းနဲ့ သွားရောက်နိုင်မယ့် လမ်းကြောင်းဖြစ်ကြောင်း တင်ပြချင်ပါတယ်။ သို့ဖြစ်ပါ၍ ကလေးမြို့ မြို့မယာကြီးလမ်းကို ဆက်သွယ်ပြီးဖောက်လုပ်ပေးဖို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့လည်းကောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတို့ရဲ့ ရန်ပုံငွေများရရှိသည့်အပေါ်တွင် ထပ်ဆင့်ပြီးတော့ ဒီလမ်းတံတားကိုဆောက်လုပ်ပေးဖို့ မေးမြန်း အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်
လွှတ်တော် ကိုယ်စားလှယ်တော်ကြီးမေးသွားသည့်လမ်းမှ တကယ်လည်းလုပ်သင့်ပါကြောင်း၊ မိမိတို့ အနေဖြင့် ၎င်းလမ်းများကို စီမံချက်အရင်ရေးဆွဲပေးပါ့မည်ဖြစ်ပါကြောင်း၊ စီမံကိန်းရေးဆွဲပြီးသည့် အခါ မှာ နောက်ဆက်စပ်ပြီး ဆောင်ရွက်နိုင်ရန်ကြိုးစားတင်ပြသွားပါ့မည်ဖြစ်ကြောင်း ဆက်စပ်မေးခွန်း အား ပြန်လည်ဖြေကြားခဲ့ပါသည်။