နောက်ဆုံးရသတင်းများ
MY EN

(ခ)- စိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်) မေးခွန်း

2026-06-10
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ခ)- စိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့မှ ကာလိမြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးအား ၂၃ပေအကျယ်ချဲ့ပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ပေးပါရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့ တို့၏ မြို့ချင်းဆက်သွယ်လမ်းကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ကွန်ဟိန်းမြို့နှင့်ကာလိမြို့တို့သည် တောင်ကြီးကျိုင်းတုံသွား  ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပါကြောင်း၊ မြို့နှစ်မြို့မှာ ၈ မိုင် ၅ ဖာလုံခန့်ကွာဝေးပါကြောင်း၊  တောင်ကြီး- ကျိုင်းတုံတာချီလိတ်လမ်းသည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ကုန်စည်စီးဆင်းရာ ပြည်ထောင်စု လမ်းမကြီးဖြစ်သောကြောင့် ကုန်တင်ကားကြီးများ နေ့ညမရွေး ဦးဒဟိုသွားလာနေသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ကွန်ဟိန်း -ကာလိမြို့ချင်းဆက်လမ်းမှာ ကွေ့ကောက်ပြီး လမ်းကျဉ်းသောကြောင့် ယာဉ်တိုက်မှု များ မကြာခဏဖြစ်ပေါ်လေ့ရှိပါကြောင်း၊  သို့ဖြစ်ပါ၍၎င်းမြို့ချင်းဆက် လမ်းပိုင်းအား ၂၃ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြင့်တင်ပေးပါရန် အစီအစဉ်ရှိ မရှိ အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

      မိမိအနေဖြင့် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်လှမှ မေးမြန်းထားသည့် ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့မှ ကာလိမြို့သို့ ဆက်သွယ်ထား သော ပြည်ထောင်စုလမ်းမကြီးသည် လမ်းကျဉ်းပြီး ကားများ တစ်စီးနှင့် တစ်စီး အသွား အလာအခက်အခဲရှိနေသဖြင့်၂၃ပေအကျယ်ချဲ့ပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ 

ရှမ်းပြည်နယ်ရှိ တင်ပြထားသည့်လမ်းနေရာမှာ အားလုံးအရှည် ၈ မိုင်နှင့် ၅ ဖာလုံခန့် ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ  ဆောက်လုပ်ရေးဝန်ကြီးဌာနမှထိန်းသိမ်းပေးထားသည့် လမ်းများ သည် ၄၁,၁၃၇ မိုင်ရှိပါကြောင်း၊ မိမိတို့တိုင်းပြည်တွင် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် လမ်းရယ်၊တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဟူ၍  ၂မျိုးရှိပါကြောင်း၊ မိမိတို့ပြည်ထောင်စု  မှစီမံခန့်ခွဲသည့်လမ်းသည် ၁၂,၀၇၂ မိုင်ရှိပါကြောင်း၊ ထိုရှမ်းပြည်နယ်အတွင်းတွင်မိမိတို့ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းသည် ၂၀၂၆ မိုင် ရှိပါကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် လမ်းပိုင်းမှာ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့မှ ကာလိမြို့သို့ဆက်သွယ်ထားသည့် တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်ပြီးမိမိတို့ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ကွန်ဟိန်းမြို့ ၂၅၅ မိုင် ၃ ဖာလုံမှ ကာလိမြို့ ၂၆၄ မိုင်အထိ ၈ မိုင် ၅ ဖာလုံ ရှည်လျားပြီး လက်ရှိအခြေအနေတွင် ၁၈ ပေ လမ်းဖြစ်ပါကြောင်း၊ ကွန်ဟိန်းမှ ကာလိသို့ ဆက်သွယ်ထားသည့် လမ်းပိုင်းမှာယခုနှစ်ရရှိရန်ပုံငွေ အရ သွားလာခက်ခဲပြီး လမ်းပျက်နေသည့် နေရာများတွင် လမ်းပြုပြင်ခြင်းလုပ်ငန်းသာ ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ကကွန်ဟိန်းနှင့် ကာလိလမ်းကို ၈ မိုင် ၅ ဖာလုံအား တိုးလာမည့် ယာဉ်စီးရေနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လမ်းအကျယ်ရရှိအောင် စီမံချက်ရေးဆွဲထားပါကြောင်း၊ 

လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိပြီးသည့်အတိုင်း မိမိတို့၏ တင်ပြချက်အပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းများက ရန်ပုံငွေများကို အသေးစိတ် ထပ်မံစိစစ်လျက်ရှိကြောင်း။ ထိုသို့ စိစစ်မှုများ ပြုလုပ်ပြီးနောက် ရရှိလာသည့် စိစစ်ချက်ရလဒ်များနှင့် ရန်ပုံငွေအခြေအနေများအပေါ် မူတည်၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။