နောက်ဆုံးရသတင်းများ
MY EN

(ဂ)-ဦးစိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်) မေးခွန်း

2026-06-10
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဂ)-ဦးစိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)

မိုင်းခတ်မြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းမကြီးဖြစ်သော မိုင်းခတ်လမ်းအပိုင်း၌ အကွေ့ အကောက်များသော၊ လမ်းကျဉ်းသောနေရာများတွင် ၁၈ ပေလမ်းကတ္တရာအဆင့်သို့ တိုးမြှင့် ခင်းပေးနိုင်ရန် အစီအစဉ်ရှိ မရှိ ရှိလျှင် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိ 

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့နှင့် မိုင် ၅၀ သာကွာဝေးပါကြောင်း၊ ကျိုင်းတုံမြို့မှ ဝမ်တာပုံ တံတား ထိ လမ်းပိုင်းအား ကျိုင်းတုံမြို့လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရသောလမ်းဖြစ်ပြီး ဝမ်တာပုံတံတားမှ ခြောက်ထပ်ကွေ့တောင်အထိ လမ်းပိုင်းအား မိုင်းခတ်မြို့လမ်းဦးစီးဌာနမှ တာဝန် ယူဆောင်ရွက်လျက် ရှိသောလမ်းဖြစ်ပါကြောင်း၊ ကတ္တရာအားလုံးခင်းထားပြီး ဖြစ်သော်လည်း အကွေ့အကောက်များသည့်နေရာ၊ လမ်းကျဉ်းသည့်နေရာများတွင် ကတ္တရာကို ၁၂ ပေအထိသာ ခင်းထား သည်ကိုတွေ့ရှိရပါကြောင်း၊ လမ်းကျဉ်းသည့်အတွက် မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပွင့်လင်း ရာသီတွင် ခရီးသွားပြည်သူများ သွားလာမှုများပြားသည်ကိုကြောင်းလည်း တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ကျိုင်းတုံမှ မိုင်းလား၊ ကျိုင်းတုံမှ မိုင်းယန်းသို့ ပြေးဆွဲသောယာဉ်ကြီး၊ ယာဉ်ငယ်များ နေ့စဉ်နှင့်အမျှ သွားလာနေ ကြပြီး ကုန်တင် ၁၂ ဘီးကားကြီးများလည်း ရှမ်းမြောက်ကုန်သွယ်ရေးလမ်းမဖွင့်သည့် အတွက် ရှမ်းအရှေ့ လမ်း ကို အသုံးပြုပြီး ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားသို့ နေ့စဉ်နှင့်အမျှ သွားလာနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ် လမ်းအန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် အကွေ့အကောက်များသည့် နေရာ၊ လမ်းကျဉ်းသည့်နေရာများတွင် မြေတောင် ချဲ့ပြီး ၁၈ ပေကတ္တရာ အဆင့်သို့ တိုးမြှင့်ခင်းပေးမည် ဆိုပါက ခရီးသွားပြည်သူများ အန္တရာယ်ကင်း အဆင်ပြေ ချောမွေ့ပြီး ခရီးသွားလာနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မိုင်းခတ်လမ်းအပိုင်း၌ အကွေ့အကောက် များ သည့်နေရာ၊ လမ်းကျဉ်းသည့် နေရာမှာ လက်ရှိ ၁၂ ပေကတ္တရာခင်းခြင်းမှ ၁၈ ပေကတ္တရာ အဆင့်သို့ တိုးမြှင့်ခင်းပေးနိုင်ရန် အစီ အစဉ် ရှိ/ မရှိ နှင့် အစီစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းသည်  မိုင်းခတ်မြို့နယ်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဝမ်တာပုံတံတားမှ ၆ ထပ်ကွေ့အပိုင်းအပါအဝင် မိုင်(၀/၀ မှ ၆၉/၂) အထိ ၆၉ မိုင် ၂ ဖာလုံရှိသည့်အဆိုပါလမ်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ မိမိတို့က ပြည်ထောင်စုမှစီမံခန့်ခွဲ သည့်လမ်း၊ ပြည်နယ်မှစီမံခန့်ခွဲသည့်လမ်း ဟူ၍ ခွဲထားပါတယ်ကြောင်း၊ အဆိုပါလမ်းသည် ပြည်နယ်မှ စီမံခန့်ခွဲ သောလမ်း ဖြစ်ပါကြောင်း၊ ဖော်ပြပါလမ်းသည် ၆၉ မိုင် ၂ ဖာလုံလမ်း ဖြစ်ပါကြောင်း၊ ယခုနှစ် လောလောဆယ် လျာထား သည်မှာ အကွေ့အကောက်များသည့်နေရာ၊ ကွေ့သည့် နေရာများကိုချဲ့ပြီး မြေသား တာဘောင် အရင်လုပ်ထားရမည် ဒါကလည်း ရရှိရန်ပုံငွေပေါ်မူတည် ပြီး ၂ နေရာဘဲ လုပ်နိုင်သေးပါကြောင်း၊ တင်ပြပါအတိုင်း စီမံဆောင်ရွက်ထားပါကြောင်း၊ လမ်းပေါ်ရှိ ဝမ်တာပုံတံတား ၆ ထပ်ကွေ့မှ လမ်းပိုင်းသည် မိုင်းလွေချောင်းကမ်းပါးဘေးတွင် ဖောက်လုပ်ထားသည့် တောင်ပေါ်လမ်းပိုင်းဖြစ်ပြီး အကွေ့အကောက်များနေသည့် အတွက် ယခင်နှစ်တွင် ယခုတင်ပြခဲ့သည့် ရန်ပုံငွေဖြင့် လမ်းချဲ့ခြင်း ၂ ဖာလုံနှင့် အကွေ့အကောက်များသည့်နေရာအား ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်သည့် လမ်းအပိုင်းများသည် ကတ္တရာလမ်းများနှင့် အကွေ့အကောက်များကို ထပ်ပြီး ၁၈ ပေချဲ့မည်ဆိုပါက ပြည်နယ်မှာညှိနှိုင်းပြီး ရန်ပုံငွေတင်ပြ တောင်းခံရပါမည်ဖြစ်ပါကြောင်း၊ ပြည်နယ်မှာတွင်လည်း ညွှန်ကြားရေးမှူးများ ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ညွှန်ကြားရေးမှူးများ ပေါင်းစပ်ညှိနှိုင်းပြီး ပြည်နယ်အစိုးရမှာ ရန်ပုံငွေရရှိရေး တင်ပြတောင်းခံပြီး ရရှိလာပါက ရရှိသည့် ရန်ပုံငွေအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။