နောက်ဆုံးရသတင်းများ
MY EN

(ဃ)-ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်) မေးခွန်း

2026-06-10
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

(ဃ)-ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

တပ်ကုန်းမြို့နယ်ရှိ သပြေချောင်းကျေးရွာမှ ရွှေမြို့ကျေးရွာသို့ ဆက်သွယ်သော ရွှေမြို့တံတား-ဆင်သေ ချောင်းကူးတံတားအား ရေတို၊ ရေရှည် အစီအမံများချမှတ်၍ တံတားရေထိန်းနံရံအပါအဝင် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တပ်ကုန်းမြို့တွင် ရပ်ကွက်ပေါင်း ၆ ကွက်၊ ကျေးရွာအုပ်စုပေါင်း ၄၉ စု၊ ကျေးရွာ ပေါင်း ၁၇၆ ရွာ၊ လူဦးရေ ၂၇၀၀၀၀ ကျော်နေထိုင်ပါကြောင်း၊ တပ်ကုန်းမြို့နယ်တွင် သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဖြတ်သန်းဆက်သွယ်ထားသည့် ပေ ၄၀၀ ရှည်သော ဆင်သေချောင်းကူး တံတားသည် ရွှေမြို့နှင့် သပြေချောင်းကို ဆက်သွယ်ထားပါကြောင်း၊ တပ်ကုန်းမြို့နယ်ထဲရှိ လူဦးရေစုစုပေါင်း ၂၇၀၀၀၀ လောက်အသုံးပြုနေသည့် တံတားဖြစ်ပါကြောင်း၊ ထိုတံတားသည် လွန်ခဲ့သည့် ၂ နှစ်က ရာဂီမုန်တိုင်း တွင် ပါသွားပြီး ရွာမှ မဖြစ်မနေ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးရခြင်းဖြစ်သည့်အတွက် ယာယီတံတား ထိုး၍ သွားရပါကြောင်း၊ ထိုတံတားသည်လည်း ရေကြီးတိုင်းပါနေသည်မှာ ငါးကြိမ်ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါမေးခွန်းသည် တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကိုယ်စား တင်ပြပေးခြင်းဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင် ကွင်းဆင်း ကြည့်ရှုသည့်အခါ ထိုတံတားသည် သံဘောင်များ၊ အောက်ခံတိုင်များ၊ ကျန်ခဲ့ပါကြောင်း၊ ယာယီ (သစ်သား)တံတားလေးသည် ကျောင်းသူကျောင်းသားများ  မဖြစ်မနေ ကူးရသည့်အတွက် တံတားလေး သည် ပါသွားသည်မှာ ငါးကြိမ်ရှိပြီဖြစ်သည့်အတွက် အောက်ခံ Frame ကြီးများ ကျန်ခဲ့ပါကြောင်း၊ အဆိုပါတံတားသည် ပေ ၄၀၀ ရှိပြီး Approve လည်း ပါသွားသည့်အတွက် ယခုအခါ ပေ ၄၀၀ ထက် ကျော်သွားပါကြောင်း၊ ထို့အပြင် နောက်ထပ် ကမ်းမပြိုအောင်လည်း ဆောင်ရွက်ရန် လိုပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုတံတားကို မည်သည့်အချိန်တွင် အသစ် ပြန်လည်တည်ဆောက်ပေးနိုင်မလဲဆိုသည်ကို မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ကောင်စီဝင်၊ ဦးခင်မောင်လတ်

          တပ်ကုန်းမြို့နယ်ရှိ သပြေချောင်းကျေးရွာမှ ရွှေမြို့ကျေးရွာကိုဆက်သွယ် သော ဆင်သေ ချောင်းကူးတံတာသည် မိုးတွင်းကာလ ရေတိုက်စားမှု နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါသော ကြောင့် ရေတို ရေရှည်အစီအမံများချမှတ်၍ ရွှေမြို့တံတား-ဆင်သေချောင်းကူးတံတားအား ရေထိန်း နံရံအပါအဝင် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့် စပ်လျဉ်း၍ အဆိုပါ ရွှေမြို့တံတား-ဆင်သေချောင်းကူးတံတား တည်ဆောက်ရေးအတွက် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရွှေမြို့ကျေးရွာအဝင် ပေ ၄၀၀ အရှည် ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းအား စီမံကိန်းတန်ဖိုး ကျပ် ၂,၂၂၅ သန်း ရှိသည့် အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၈၀၀ ဖြင့် ဘေလီ သံဘောင်ပစ္စည်းများ ဝယ်ယူစုဆောင်းပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်၁,၄၂၅ သန်းဖြင့် အရှည် ၄၀၀ ပေ အကျယ် ၁၃ ပေ ဘေလီ တံတား ပထမ ပိုင်းတည်ဆောက်ရေးလုပ်ငန်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရာဂီမုန်တိုင်း အတွင်းတွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကြောင့် မူလသတ်မှတ်ထားသည့် တံတားအရှည် ပေ ၄၀၀ အား ပေ ၉၅၀ အရှည် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ထပ်မံဆောင်ရွက်ရမယ့် ၅၅၀ ပေ အရှည် တံတားတည် ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး နှစ်ဆက်လုပ်ငန်းဖြင့် ဆက်လက် လျာထား ဆောင်ရွက် ပေး သွားမည်ဖြစ်ပါကြောင်း၊  ဆင်သေချောင်းကူးတံတား-ရွှေမြို့ကျေးရွာအဝင် တံတား တည်ဆောက် ပြီးစီးပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရွှေမြို့တံတား ရေလမ်း၏ ရေထိန်းနံရံအပါအဝင် ရေလမ်းကြောင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအတွက် ပို့ဆောင် ရေးဝန်ကြီးဌာန၊ ဆင်သေချောင်းကွင်းဆင်းတိုင်းတာစစ်ဆေးရေးအဖွဲ့၏ တင်ပြချက် Master Plan ပါ အစီအမံများအရ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံ ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။