နောက်ဆုံးရသတင်းများ
MY EN

(င)-ဦးဝင်းမြင့်(တွံတေးမဲဆန္ဒနယ်) မေးခွန်း

2026-06-10
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

(င)-ဦးဝင်းမြင့်(တွံတေးမဲဆန္ဒနယ်)

တွံတေးမြို့နယ် စည်ပင်ဈေးကြီးအား ခရိုင်အဆင့်မြင့် ဈေးကြီးတစ်ခုအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိအား သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာဈေးကြီးသည် ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် နဝဒေးလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဥမဇ္မူလမ်းတို့ဆုံရာတွင် တည်ရှိပြီး အလျား ၅၀၆ ပေ၊ အနံ ၂၈၆ ပေ၊ စုစုပေါင်း စတုရန်းပေ ၁၄၄,၇၁၆ ပေ၊ ဧကအားဖြင့် ၃.၃၀၅ ဧက ကျယ်ဝန်းပါကြောင်း၊ တွံတေးမြို့စည်ပင်သာယာဈေးကြီးကို ၁၉၀၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် ဈေးရုံအပြင်တန်း မီးလောင်ကျွမ်း ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မီးလောင်ဆိုင်ခန်းများအား ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ပါကြောင်း၊ မူလ ဈေးကြီးတွင် အတွင်း ဆိုင်ခန်းပေါင်း ၈၃၁ ခန်း၊ အပြင်ဆိုင်တန်းတွင် ဆိုင်ခန်းပေါင်း ၇၆ ခန်းရှိပါကြောင်း၊ ဆိုင်ခန်း အကျယ်များမှ ၈ ပေ x ၈ ပေ၊ ၆ ပေ x ၆ ပေ စသည်ဖြင့် ကျယ်ဝန်းပါကြောင်း၊ ဆိုင်ခန်းအရေအတွက်များပြားပြီး ထပ်မံတိုးချဲ့ရန် မြေနေရာ အခက်အခဲကြောင့် ငါးဈေးတန်း၊ အသီးတန်း၊ ကုန်ဈေးတန်း၊ ဟင်းသီးဟင်းရွက်တန်း၊ အထည်တန်း၊ ဆိုင်ခန်းများအား ရောယှက်ပြီး ဈေးဝယ်သူများ သွားလာ၍မရနိုင်အောင် ကြပ်တည်းမှုများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ကားပါကင်၊ ဆိုင်ကယ်၊ စက်ဘီး ထားစရာပင်မရှိအောင် ကြပ်တည်းနေပါကြောင်း၊ တွံတေးမြို့သည် လှိုင်သာယာ တံတားကြီးနှင့်လည်းကောင်း၊ ဒလ-ကိုရီးယားချစ်ကြည် ရေးတံတားကြီးနှင့် လည်းကောင်း ဆက်စပ်လျက်ရှိပြီး ရန်ကုန်မြို့မှ မိနစ် ၃၀ ခန့်ဝန်းကျင်သာ သွားလာရသဖြင့် တွံတေးမြို့စည်ပင် သာယာဈေးကြီးသို့ ရန်ကုန်ဘက်ကမ်းမှလည်း ဖောက်သည် များလာရောက်ဝယ်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ တွံတေးမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး ကို အဓိကထား လုပ်ကိုင်ကြသော ကြောင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးများ ပေါများပြီး လတ်ဆတ်မှုရှိခြင်းကြောင့် ခရိုင် အတွင်းရှိ မြို့နယ်အသီးသီးမှလည်း လာရောက်ဝယ်ယူကြလျက် ရှိပါကြောင်း၊ တွံတေးခရိုင်အတွင်း တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်နှင့် ၎င်းမြို့နယ် ၅ မြို့နယ်တို့မှလည်း အိမ်ထောင်စုပေါင်း ၂၃၄,၄၀၀ နှင့် လူဦးရေစုစုပေါင်း ၉၁၄,၇၀၀ မှလည်း တွံတေးစည်ပင်သာယာဈေးကြီးကိုသာ အားထားနေကြရပါကြောင်း၊ ယခင်က တွံတေးမြို့ သည် မြို့နယ်အဆင့်သာရှိခဲ့သော်လည်း ယခုအခါ ၁-၇-၂၀၂၂ ရက်နေ့တွင် ခရိုင်အဆင့် သို့တိုးမြှင့် သတ်မှတ်လိုက်ပြီးဖြစ်ပါကြောင်း၊ ခရိုင် အတွင်းရှိ ပြည်သူများကလည်း ခရိုင်အဆင့်ဈေးကြီး ဖြစ်ပေါ် လာရေးကို လိုလားလျက်ရှိပါကြောင်း၊ တွံတေးမြို့စည်ပင်သာယာဈေးကြီးအား ခရိုင်အဆင့်နှင့် လျော်ညီစွာ ခရိုင်အဆင့်မြင့်ဈေးကြီးတစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ /မရှိ နှင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင်

တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဈေးရုံ ၂၄ ရုံ၊ ဆိုင်ခန်း ၉၀၇ ခန်း ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းဈေးရုံးကြီးကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအနေဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ ဈေးရုံ ၂ ရုံအား သံကူကွန်ကရစ်ဈေးရုံကြီးအဖြစ် အလျား ၈၁ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ၂၀ ပေရှိ ဈေးရုံ (V) ရုံ အဆင့်မြှင့်တင်တည်ဆောက်ခြင်းအား ၁၇၉.၈၂ ကျပ်သန်း ဖြင့်လည်းကောင်း၊ အလျား ၁၆၈ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၂၀ ပေရှိ သားငါးတန်းဈေးရုံ အဆင့်မြှင့်တင်တည်ဆောက်ခြင်းအား ၃၄၂.၇၂ ကျပ်သန်းဖြင့် လည်းကောင်း စုစုပေါင်း ၅၂၂.၅၄ ကျပ်သန်းဖြင့် ဆောင်ရွက်ထားခဲ့ခြင်းဖြစ်ပါကြောင်း ၊ ဈေးရုံ ၂ ရုံအဆင့်မြှင့်တင်ရာမှာ ဈေးသူ ဈေးသားများ၏ ရောင်းဝယ်ဖောက်ကားမှု မထိခိုက်စေရေးအတွက် ခေတ္တဈေးရောင်းချရန် နေရာများ စီစဉ်ပေးခဲ့ပြီး စနစ်တကျတည်ဆောက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာရေး နှစ်တွင် တွံတေး မြို့မဈေးအဆင့်မြှင့်တင်လုပ်ငန်းများ ပါဝင်ခြင်းမရှိသော်လည်း လာမည့် ဘဏ္ဍာရေးနှစ် များတွင် ဒေသန္တရစီမံကိန်း၌ ထည့်သွင်းရေးဆွဲပြီး လုပ်ငန်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။