နောက်ဆုံးရသတင်းများ
MY EN

(က)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)-မေးခွန်း

2026-06-08
တတိယအကြိမ်
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(က)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

PUBLIC PRIVATE PARTNERSHIP (PPP)ဥပဒေအား ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အစီအစဉ်ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်သူပူးပေါင်းပါဝင်သော ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် အများအပြား ပေါ်ပေါက်လျက်ရှိသော်လည်း PPP နှင့်ပတ်သက်၍ သီးခြားဥပဒေ မရှိသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်များ၊ တိုးတက်သင့်သလောက် တိုးတက်ရ မည်များမှာ မတိုးတက်ဘူးဖြစ်နေပါကြောင်း၊ မိမိတို့၏ ဥပဒေအားနည်းချက်၊ လစ်ဟာချက် တစ်ခုဟု မြင်ပါကြောင်း၊ ဥပမာ- သီလဝါဆိပ်ကမ်းမှာ PPP စနစ်နှင့် လည်ပတ်နေသော်လည်း သီးခြား ဥပဒေမရှိသည့်အတွက် အခက်အခဲများရှိကြောင်း၊ ထို့အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးမှုအတွက် အစိုးရကသာ ဆည်တမံများ တည်ဆောက်ပြီး ရေပေးဝေနေမည့်အစား PPP စနစ်ဖြင့် ပုဂ္ဂလိက ပိုင်ဆည်တမံများ ဆောင်ရွက်စေမည်ဆိုပါက အစိုးရလည်း ဝန်ထုပ်ဝန်ပိုး လျော့ သည့်အပြင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍလည်း ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဥပမာ အိန္ဒိယနိုင်ငံတွင် PPP စနစ်နှင့် ဆည်မြောင်းတာတမံများကို  ဆောက်လုပ်သည့်အတွက် ရေပေး ဝေရေး စနစ်များသည် ပုဂ္ဂလိကနှင့် ဆောင်ရွက်ကြသည့်အတွက် အိန္ဒိယနိုင်ငံပြည်သူ သန်း ၁၆၀၀ လုံးသည် ဆန်စပါးဖူလုံ သည့်အပြင် နိုင်ငံခြားကိုပါ Export ပို့နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ထို့အပြင် ဗြိတိန်နိုင်ငံ တွင်လည်း Royal Naval Hospital သည် ယခင်က အစိုးရဆေးရုံ ဖြစ်သော်လည်း ၁၉၉၀ ခုနှစ်မှစ၍ PPP စနစ်နှင့် ပြောင်းသည့်အခါ အင်မတန်ကောင်းသည့် ဝန်ဆောင်မှုများပေးနိုင်သော ဆေးရုံတစ်ရုံ ဖြစ်သွားပါကြောင်း။ 

ပေါ်တူဂီနိုင်ငံတွင်လည်း Fertagus ဆိုသည့် ပုဂ္ဂလိက ရထားလိုင်းသည် PPP စနစ်နှင့် ဆောင်ရွက်သည့်အခါ ယခင်က အရှုံးပေါ်ရာမှ အမြတ်အစွန်းများရရှိပြီး နိုင်ငံတော်အစိုးရမှလည်း ဘတ်ဂျက်များ မသုံးရတော့သည့် အနေအထားဖြစ်ပကြောင်း၊ ထိုသို့ဖြစ်ပေါ်လာစေရန် ထိုဥပဒေ သည်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပုဂ္ဂလိကကဏ္ဍများမှ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေသော်လည်း ဥပဒေမရှိသည့်အတွက် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ချို့ယွင်း အားနည်း ခြင်းများဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့်၎င်းဥပဒေကိုမည်သည့်အချိန်တွင်ပြဋ္ဌာန်းနိုင်မည် ဆိုသည် ကို မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ထင်

         အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership)ကို  ဆောင်ရွက်ရာတွင် အက်ဥပဒေများ၊ ဥပဒေ များပြဋ္ဌာန်းဆောင်ရွက်ခြင်း၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်မှု မူဘောင် (Public Private Partnership Framework)၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုညွှန်ကြားချက်များ(Public Private Partnership Guideline)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် စံပြုစာချုပ်(Model Concession Agreement)၊ PPP လက်စွဲ စသည်တို့နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။ 

         PPP Law ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ပုဂ္ဂလိက၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆွဲဆောင်နိုင်ခြင်း၊ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ PPP စီမံကိန်းများတွင် အစိုးရ၏ ကတိကဝတ်ကို ခိုင်မာစေခြင်း၊ ဈေးကွက်ယုံကြည်မှုခိုင်မာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း စသည့် အကျိုးများရရှိ မည်ဖြစ်ပါကြောင်း၊ PPP Law ပြဋ္ဌာန်းရာတွင် PPP နှင့် ဆောင်ရွက်မည့် နယ်ပယ်များတွင် သဘော သဘာဝ မတူညီသည့်အတွက် PPP ဆိုင်ရာ သတ်မှတ်ချက်အားလုံးသည် ဥပဒေတစ်ခုတည်း အောက်တွင် အလုံးစုံ လွှမ်းခြုံနိုင်မှု မရှိခြင်း၊ တာဝန်နှင့်အခွင့်အရေးများ၊ စွန့်စားမှု နှင့် လွှဲပြောင်း ခြင်း (Risk Transfer)နှင့် အစိုးရ၏ အာမခံကိစ္စများမှာ ကာလရှည်အတွက် ဘဏ္ဍာရေး ခံနိုင် ရည်ရှိရန် အတွက် လိုအပ်ခြင်းနှင့် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတွက် ပြင်ဆင်ရန်လိုအပ်ပါက အလွယ်တကူ ပြင်ဆင်ရန် ခက်ခဲခြင်းများလည်း ရှိနိုင်ပါကြောင်း။ 

         နိုင်ငံတော်တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၈)ဖြင့် ထုတ်ပြန်ထားသည့် စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ညွန်ကြားချက်မှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို အခန်း ၄ မှ အခန်း ၁၀ အထိ ထည့်သွင်းဆောင်ရွက်ထားပါ ကြောင်း၊ ထိုနည်းတူ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှလည်း အစိုးရမှဖိတ်ခေါ်ခြင်း မရှိဘဲ မိမိဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာများကို ယှဉ်ပြိုင်တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ထားပါကြောင်း၊ ထို့အပြင် ပုဂ္ဂလိကမှ လုပ်ငန်း ဆောင်ရွက်ရာတွင် နိုင်ငံတော်ပိုင်မြေ၊ အဆောက်အအုံများငှားရမ်းမှု ပိုမိုများပြားလာသည့်အတွက် အဆိုပါလုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံ၊ အခြားပိုင်ဆိုင်သည့်ပစ္စည်း၊ ငှားရမ်းခွင့်ပြုခြင်း လုပ်ငန်းစဉ်ဆိုင်ရာညွှန်ကြား ချက်ကိုလည်း ယခင်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၆)ဖြင့် ၉-၃-၂၀၂၆ ရက်တွင် ထုတ်ပြန်ထားပါကြောင်း၊ PPP နှင့်စပ်လျဉ်းပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက် (Notification of PPP)ကို ရေးဆွဲပြီး ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားတင်ပြတောင်းခံထားပါကြောင်း။ 

လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ အစိုးရ-ပုဂ္ဂလိကအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၃၂၅.၂၉၈ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၈.၆၂၇ထရီလီယံကျော်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းရပ်များကို ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့အပြင် သီလဝါဆိပ်ကမ်းမှ ကုမ္ပဏီ ၂၂ ခုမှ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူပြီး သက်ဆိုင်ရာဥပဒေနှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံနိုင်ငံများမှလည်း PPP Law ပြဋ္ဌာန်းဆောင်ရွက်သည့် နိုင်ငံ ၄ နိုင်ငံရှိပြီး မြန်မာ နိုင်ငံအပါအဝင် ၇ နိုင်ငံတွင် ညွှန်ကြားချက်၊ စည်းမျဉ်း၊ ဒီကရီ၊ အက်ဥပဒေ၊ PPP လက်စွဲတို့နှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံတွင် PPP Law သီးခြားမရှိသော်လည်း စီမံကိန်း များ၏ ဖြစ်နိုင်ခြေလေ့လာမှုကို စနစ်တကျပြုလုပ်ပြီး အစိုးရ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် PPP Law ရေးဆွဲထားခြင်းမပြုဘဲ PPP စီမံကိန်း များစိစစ်ရန် လမ်းညွှန်ချက်ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ သို့ဖြစ်၍ ဥပဒေ သီးခြားပြဋ္ဌာန်းမထားဘဲ အခြားဆောင်ရွက်နိုင်သည့်နည်းလမ်းများနှင့် PPP လုပ်ငန်းများ အကောင်အထည်ဖော်မှုကို အားကောင်းစွာ ဆောင်ရွက်နေကြောင်း၊ သို့ပါ၍ PPP Law ကို ထုတ်ပြန် ခြင်းမရှိသော်လည်း အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ရန် ဆောင်ရွက်နေပါသဖြင့် PPP လုပ်ငန်းများကို အဆိုပါညွှန်ကြားချက်နှင့်အညီ စိစစ် ဆောင်ရွက်နိုင်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။  

မေးခွန်း
မေးခွန်း

ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်) က 

ထိုဥပဒေမရှိလျှင်လည်း အမိန့်နှင့်ညွှန်ကြားချက်နှင့် ဆောင်ရွက်နေသည်မှာ သင့်လျော်သော် လည်း Law ရှိလျှင် ပိုကောင်းပါကြောင်း၊ ဥပမာအားဖြင့် စာသင်ကျောင်းတစ်ကျောင်း ကန်ထရိုက် ရလျှင် စာသင်ကျောင်းကိုလာဆောက်သည့် ကန်ထရိုက်က ၂၅ နှစ် မပြိုမပျက်အောင် တာဝန်ခံသည် ဟု ဆောက်သွားသော်လည်း ပြီးလျှင် လက်မှတ်ထိုးလွှဲသွားပြီးထားခဲ့ကြောင်း၊ ရေမလာ၊ မီးမလာ၊ မိုးယိုခြင်း ဖြစ်လျှင် အစိုးရမှသာ ထိန်းသိမ်းရသည့် အနေအထားဖြစ်ပါကြောင်း၊ Law ရှိလျှင် ၂၅ နှစ် လက်မှတ်ထိုးထားသည့်အတွက် ၂၅ နှစ်လုံး ထိန်းသိမ်းရမည့် တာဝန်ရှိသည်ဟုဆိုကာ ဥပဒေအရ ဆောင်ရွက်လျှင် အစိုးရလည်း သက်သာကြောင်း၊ ပုဂ္ဂလိက မှလည်း တော်ရုံတန်ရုံ မကောင်းသည့် အညံ့အဖျင်းပစ္စည်းများကို မသုံးတော့ဘဲ ကောင်းမွန်သည့် ပစ္စည်းများကိုသုံးပြီး အဆောက်အအုံများ တည်ဆောက်တော့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ထို ဥပဒေ သည် လိုအပ်သည်ဟု ယူဆ ပါကြောင်း၊ သို့သော် ဒုတိယဝန်ကြီးဖြေကြားသွားသည့်အထဲတွင် ဥပဒေရေးရာ ဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းထားသည်ကို သိရသည့်အတွက် ကျေနပ်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။