(ခ)-ဦးစိုင်းဆမ်(မိုင်းယန်းမဲဆန္ဒနယ်)
မိုင်းယန်းမြို့အတွက် မဟာဓာတ်အားလိုင်းခွဲစက်ရုံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး နိုင်ခြင်း အစီအစဉ် ရှိ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှ ဒီဇယ်ဓာတ်အားပေးစက်နှစ်ခုဖြင့် မြို့ပေါ်မှာ တစ်ညလျှင် ၆ နာရီမှ ၉ နာရီအထိ ပုံမှန်ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ ကို နိုင်ငံတော်အစိုးရမှ ဓာတ်အားဖြန့်ဖြူးနိုင်ခြင်း မရှိသေးပါကြောင်း၊ မိုင်းယန်းမြို့နယ် အထူးဒေသ(၄) မိုင်းလားမြို့နယ်ရှိ ဆီလူးဒေသ ရေအားလျှပ်စစ်မှ ၂၄ နာရီ ဓာတ်အားရရှိနေသော်လည်း ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ်လျှင် ၉၀၀၀ ကျပ်ဖြင့် ပေးဆောင်နေရသဖြင့် မီးသုံးစွဲလိုသောပြည်သူများအား ဓာတ်အားခဈေးကြီးမှုတို့ကြောင့် ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားခွဲရုံ ဆောင်ရွက်ပေးစေလို ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းယန်းမြို့နယ်ရှိ ပြည်သူလူထုများအား ဓာတ်အား ပြည့်ဝ သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ ရောက်ရှိနေပြီဖြစ်သော မိုင်းခတ်မြို့နယ်မှ မိုင်းယန်းမြို့နယ်သို့ ၂၃ မိုင် ကွာဝေးသော မိုင်းယန်းမြို့နယ်အတွက် မဟာဓာတ်အားလိုင်း၊ ဓာတ်အား ခွဲစက်ရုံ တည်ဆောက် ပေးစေလိုကြပါကြောင်းနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေး နှစ် တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် ဆောင်ရွက်ပေး မည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပြီးဖြစ်သည့် မိုင်းခတ်မြို့မှ ၂၃ မိုင် ကွာဝေးသည့် မိုင်းယန်းမြို့သည် မြို့ပေါ် (၁၁) ရပ်ကွက်တွင် အိမ်ထောင်စု ၁၃၈၂ စုနှင့် ကျေးရွာအုပ်စု ၂ အုပ်စုမှာ အိမ်ထောင်စု ၉၁၁ စုရှိပြီး လက်ရှိမှာ မြို့ပေါ် (၁၁) ရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၄ စုအား 300 kVA Caterpillar နှင့် 500 kVA MTU ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးနှင့် တစ်ရက်ကို သုံးနာရီကြာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော်ဓာတ်အား စနစ် မရောက်ရှိသေးသည့် ဒေသများကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးပေး နိုင်ရေး အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ လျာထား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ မိုင်းပျဉ်း ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ကျိုင်းတုံ ပင်မဓာတ်အားခွဲရုံများအား တည်ဆောက် အကောင်အထည်ဖော်ပြီး ၂၀၂၀ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားစတင် ပို့လွှတ်ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါကြောင်း။
အဆိုပါ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာရှိသည့် မြို့နှင့်ကျေးရွာ များ ကို ဆက်လက်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွင့်ပြုရရှိမှုအရ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ထပ်မံတည်ဆောက်ပြီး အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိုင်းပျဉ်းမြို့အား ၇-၆-၂၀၂၀ ရက်နေ့၊ ကျိုင်းတုံမြို့ကို ၂၇-၆-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ မိုင်းခုတ်မြို့ကို ၁-၂-၂၀၂၄ ရက်နေ့မှာ လည်းကောင်း၊ မိုင်းဆတ်မြို့ ကို ၁-၆-၂၀၂၄ ရက်နေ့နှင့် မိုင်းခတ်မြို့ကို ၂၂-၁၁-၂၀၂၅ ရက်နေ့မှာလည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားအသီးသီး တိုးချဲ့ဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိုင်းယန်းမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက မိုင်းခတ်-မိုင်းယန်း ၆၆ ကေဗွီ ဓာတ်အား လိုင်း ၂၂ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၁၀.၁၀၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ မိုင်းယန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ ၇ ရွာရှိ အိမ်ထောင်စုပေါင်း ၁၉၂၀ ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါ ကြောင်း။
သို့ဖြစ်ပါ၍ မိုင်းယန်းမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် မိုင်းခတ်-မိုင်းယန်း ၆၆ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်း မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်း(Survey)အား စတင်လျာထားဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်မှ စပြီး ပြည်ထောင်စုရန်ပုံငွေ ခွင့်ပြုရရှိမှုအရ ဆက်လက်လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။