(င)-ဦးဝင်းမြင့်(တွံတေးမဲဆန္ဒနယ်)
တွံတေးမြို့နယ်ရှိ ပယ်ဖျက်ရန် ကျန်ရှိနေသောစားကျက်မြေ ၂၆၈၁ ဧကအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်း အစီအစဉ် ရှိ မရှိ အား သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မူလက စားကျက်မြေဧက ၃၇၃၂ ဧကရှိခဲ့ရာမှ ၁၉၁၀-၁၉၈၀ ပြည့်နှစ်များက စားကျက်မြေများအတွင်း ဝင်ရောက်၍ လယ်ယာ စိုက်ပျိုးခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ ကျေးရွာမြေအဖြစ် အသုံးပြုခြင်း၊ သာသနာမြေအဖြစ်အသုံးပြုခြင်း၊ သုဿာန်မြေအဖြစ်အသုံးပြုခြင်းစသည်ဖြင့် နေထိုင် လုပ်ကိုင်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် စားကျက်မြေသည် ၁၈၈၉ ခုနှစ်အချိန်ခန့်မှ စတင် ပေါ်ပေါက် လာခြင်းဖြစ်ပါကြောင်း၊ ဗြိတိသျှအုပ်ချုပ်သည့်ကာလ Upper Burma Land Revenue Regulation, 1889 တွင် စားကျက်မြေကို သီးခြားအမျိုးအစားအဖြစ် စီမံခန့်ခွဲရန် သတ်မှတ်ခဲ့ပါ ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေထဲတွင် စားကျက်မြေကို သီးခြားဖော်ပြထားခြင်း မတွေ့ရ ပါကြောင်း၊ အဓိကအားဖြင့် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ တို့ကိုသာ ဖော်ပြထားသည်ကို တွေ့ရှိ ရပါကြောင်း၊ မူလစားကျက်မြေ ၃၇၃၂ ဧကထဲတွင် ၁၀၅၁ ဧကအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်သဖြင့် ၁၆၈၁ ဧက ကျန်ရှိနေပါကြောင်း၊ ဖော်ပြပါ ပယ်ဖျက်ရန် ကျန်ရှိသည့် ၂၆၈၁ ဧကတွင် ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ဦးပိုင်ပေါင်း ၃၉၀ ပေါ်တွင် တောင်သူဦးရေ ၁၆၇၀ ဦးမှ လယ်ယာစိုက်ပျိုးခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြပါကြောင်း၊ စားကျက်မြေပေါ်တွင် လုပ်ကိုင်လျက်ရှိသော ငါးမွေးမြူ ရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းတို့မှ ထွက်ရှိသည့် ကုန်ပစ္စည်းများ ကို ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများလည်း ရရှိနေပါကြောင်း၊ ပယ်ဖျက်ပေးရန် ကျန်ရှိနေသော စားကျက်မြေ ၂၆၈၁ ဧက ပေါ်တွင် လယ်ယာစိုက်ပျိုးခြင်း၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ကျေးရွာမြေအဖြစ်အသုံးပြုခြင်း၊ သာသနာပိုင်မြေ၊ သုဿာန် မြေ အဖြစ်အသုံးပြုခြင်းများကို ၁၉၁၀ မှ ၁၉၈၀ ပြည့်နှစ်များအထိ လုပ်ကိုင် ဆောင်ရွက်နေကြပြီ ဖြစ်သဖြင့် အဆိုပါမြေပေါ်တွင် နေထိုင် လုပ်ကိုင်စားသောက်နေသော ပြည်သူများ စိတ်ချမ်းသာစွာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် ပယ်ဖျက်ရန်ကျန်ရှိနေသော စားကျက်မြေဧက ၂၆၈၁ ဧကအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ /မရှိကို သိလိုပါကြောင်း မေးမြန်းသွားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ
စာကျက်မြေ အား ပယ်ဖျက်နိုင်ခြင်း ရှိ /မရှိ ဆိုသည့် အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်ချက်အရ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း စားကျက်မြေတည်ရှိမှုအနေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိပြီး ၎င်းကျေးရွာအုပ်စုများ၏ စုစုပေါင်းစားကျက်မြေဧရိယာ မှ ၃၇၃၂ ဧက ရှိပါကြောင်း၊ ၎င်းဧရိယာ ၃၇၃၂ ဧကအနက် ၁၀၅၁.၈၁ ဧကသည် စာကျက်မြေ ပယ်ဖျက်ခွင့် ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်သည့်အတွက် စားကျက်မြေဧရိယာ ၂၆၈၁.၁၉ ဧက ကျန်ရှိသည်ကို သိရှိရပါကြောင်း၊ ကျန်ရှိသည့် စားကျက်မြေ ဧရိယာ ၂၆၈၁.၁၉ ဧက တည်ရှိသည့် ကျေးရွာအုပ်စု များအနေဖြင့် စာဖြူစုကျေးရွာအုပ်စုတွင် ဧရိယာ ၂၂၇ ဧက၊ ငှက်ပျောစမ်းကျေးရွာအုပ်စုတွင် ဧရိယာ ၅၇၂ ဧက၊ ရွှေလှေချောင် (တွံ) ကျေးရွာအုပ်စု၌ ဧရိယာ ၁၂၇ ဧက၊ ထော်သို ကျေးရွာအုပ်စုတွင် ဧရိယာ ၁၄၂.၄၄ ဧက၊ ဇီးဖြူကုန်းကျေးရွာအုပ်စုမှာ ဧရိယာ ၂၀၅ ဧက၊ သဝန်းတော ကျေးရွာအုပ်စု၌ ဧရိယာ ၁၃၇ ဧက၊ ပြသတိုက်ကျေးရွာအုပ်စုတွင် ဧရိယာ ၂၆၇.၇၅ ဧက၊ ခလုပ်ကျေးရွာအုပ်စုမှာ ဧရိယာ ၄၅၄ ဧက၊ ဝက်ချောင်းကျေးရွာအုပ်စုမှာ ဧရိယာ ၅၄၀ ဧကနှင့် ကဒုံး ကျေးရွာအုပ်စုမှာ ဧရိယာ ၉ ဧကကျော်ရှိပြီး အဆိုပါကျေးရွာများ၏ စားကျက်မြေများတွင် လူနေအိမ် ကျူးကျော်ထားသည့် ဧရိယာ ၂၀၈.၅၀ ဧက၊ မိုးစပါးစိုက်ပျိုးထားသည့် ဧရိယာ ၃၈၂.၇၉ ဧက ၊ ရာသီသီးနှံ စိုက်ပျိုး ဧရိယာ ၆၆၂.၉၆ ဧက၊ ငါးကန်ကျူးကျော်ဧရိယာ ၁၂၅၇.၈၂ ဧက၊ ဆေးခန်း ဧရိယာ ၀.၅၀ ဧက၊ ဆန်စက် ရေခဲစက် ဧရိယာ ၄.၅၀ ဧက၊ လမ်းဧရိယာအသုံးပြုထားသည့် ဧရိယာ ၁၂.၀၀ ဧက၊ မြစ် ချောင်း ဧရိယာ ၃၈.၀၀ ဧက၊ ရွာမြေကျူးကျော်ထား ဧရိယာ ၁၀၁.၄၇ ဧက၊ ပလပ်မြေ ဧရိယာ ၁.၀၀ ဧကနှင့် သုဿာန်မြေအဖြစ် ဧရိယာ ၃.၀၀ ဧက၊ သာသနာမြေ ၆.၆၅ ဧက နှင့် ဘောလုံကွင်း ၂.၀၀ ဧကတို့သည် မြေပြင်တွင် ကျူးလွန်အသုံးပြုထားကြောင်း စိစစ်တွေ့ရှိရပါ ကြောင်း။
မြေပြင်တွင် ကျူးလွန်အသုံးပြုထားမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ပြီး အများ ပြည်သူအကျိုးအတွက် မဖြစ်မနေအသုံးပြုရန်လိုအပ်သည်ဆိုပါက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဇယား(၁) ပြည်ထောင်စုဥပဒေစာရင်းတွင် မြေယာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုမှ စီမံခန့် ခွဲရန် ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ နေပြီး နိုင်ငံတော်သမ္မတရုံးထံကို တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရမည် ဆိုပါက စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါ ကြောင်း၊ ပယ်ဖျက်ခွင့်ရရှိမည်ဆိုပါက မြေပြင်အသုံးပြုမှုအပေါ်မူတည်ပြီး ဌာနဆိုင်ရာ မြေအဖြစ် အသုံးပြုရန်အတွက်လည်းကောင်း၊ လယ်ယာစိုက်ပျိုး မြေ၊ ကျေးရွာမြေစသည့် အသုံးပြုရန် အတွက် လည်းကောင်း၊ မြေစာရင်းဦးစီးဌာနမှ မြေအမျိုးအစား ပြောင်းလဲမှတ်သားမှုများ ပြုလုပ်ပြီး စားကျက် မြေပယ်ဖျက်ခွင့်ပြုထားသည့် အတိုင်း ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စားကျက်မြေတည်ရှိမှုမှ ယခင်ဧရိယာစိစစ်ချက် အရ ၉၉၂၂၁.၂၈ ဧကရှိခဲ့ပြီး လယ်ယာစိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ ကျေးရွာမြေ အဖြစ်သော် လည်းကောင်း၊ အများပြည်သူအကျိုးအတွက်ဧရိယာ ၄၄၃၈၀.၀၄ ဧကကို မိမိတို့ ပယ်ဖျက်ပေးပြီး ဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးတို့တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အတွက် တည်ထောင်သတ်မှတ်ပေးထားသည့် စားကျက်မြေများ လျော့နည်းမှု မရှိစေရေး အတွက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော် စီမံကိန်းများနှင့် အများပြည်သူအကျိုး အတွက် ဆောင်ရွက်ပေးရန်လိုအပ်သည့် လုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်ရေးအတွက်ကိုလည်း ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီ စားကျက်မြေ ပယ်ဖျက်ရေးဆိုင်ရာကစ္စရပ်များကို သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့၏ စိစစ် တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတရုံးက မူအားဖြင့် ခွင့်ပြုပါရန်နှင့် ခွင့်ပြုသည့်အပေါ် ပြည်ထဲရေး ဝန်ကြီးဌာနနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ဖြေကြားခဲ့ပါသည်။