(က)-ဦးတင်အောင်ချစ်(အောင်လံမဲဆန္ဒနယ်)
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များ ပါဝင်သည့် အောင်လံခရိုင်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် သရက်ခရိုင်မှခွဲထုတ်ပြီး အောင်လံခရိုင်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ သို့သော် ခရိုင်ဖွဲ့စည်းခြင်း လေးနှစ်ကြာကာလအတွင်း သက်ဆိုင်ရာခရိုင်ရုံးတစ်ချို့ လိုအပ်နေသေးကြောင်း ပြည်သူများထံမှ သိရှိရသည့်အတွက် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်ဟု သတ်မှတ်ထားမှုနှင့် အညီ ခရိုင်အဆင့်ရုံးများဖြစ်သည့်(ကညန)ရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာနရုံးနှင့် မြန်မာ့အာမခံ လုပ်ငန်းရုံးတို့ကို ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါကမည်သည့်အချိန်တွင်လုပ်ဆောင် ဖွင့်လှစ် ပေးမည် ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ကို အောင်လံခရိုင်အဖြစ်၃၀.၄. ၂၀၂၂ ရက်နေ့တွင် သရက်ခရိုင်မှ ခွဲထွက်၍ အောင်လံခရိုင်အဖြစ် ဖွဲ့စည်းခဲ့သော်လည်း ခရိုင်အဆင့် ရောက်ရှိပြီး လေးနှစ်ကြာသည့်အချိန်အထိ ခရိုင်အဆင့်နှင့် လျော်ညီသောရုံးများ လိုအပ်နေသေးသည် ကိုတွေ့ရှိရပါကြောင်း၊ အဓိကအားဖြင့် ပြည်သူများနှင့်ဆက်ဆံထိတွေ့နေရသည့်၊ ပြည်သူများမဖြစ်မနေ ဆက်ဆံနေရသည့် ခရိုင်အဆင့်ရုံးများဖြစ်သည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံး နှင့် ခရိုင်အာမခံလုပ်ငန်းရုံးများ လိုအပ်နေသေးသည်ကို တွေ့မြင်ခဲ့ ရပါကြောင်း၊ သရက်ခရိုင်အတွင်းမှာပါဝင်သည့် မြို့နယ်များအတွက် သရက်မြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်ရှိ မော်တော်ယာဉ် ပေါင်းစုံမှတ်ပုံတင်ထားမှုသည် ၉,၉၄၄ စီးရှိပြီး အောင်လံခရိုင်တွင် ပါဝင်သည့် အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်ပေါင်းသည် ၁၁,၉၈၂ စီး ရှိကြောင်းတွေ့ရှိရပြီး အောင်လံခရိုင်သည် သရက်ခရိုင်ထက် ကား အစီးရေပေါင်း ၂,၀၃၈ စီး ပိုမို များပြားနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အောင်လံ မြို့နယ်နှင့် ဆင်ပေါင်ဝဲ မြို့နယ်မှာရှိသည့် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ထားရှိမှု ၂၀,၉၆၀ ရှိသည် ကိုလေ့လာတွေ့ရှိရပါကြောင်း။
အောင်လံခရိုင်တွင် ခရိုင်အဆင့်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၊ ခရိုင်အဆင့် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံးနှင့် မော်တော်ယာဉ်များ သက်တမ်းတိုးရာတွင် တစ်ပါတည်း ဆောင် ရွက်နိုင်ရန်အတွက် ခရိုင်အဆင့်မြန်မာ့အာမခံလုပ်ငန်းရုံးကို ဖွင့်လှစ်ပေးမည်ဆိုပါက ပြည်သူ များ အနေဖြင့် မပင်ပန်းဘဲ အချိန်ကုန်၊ ငွေကုန်၊ အထူးသက်သာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်း ဒေသကြီး၊ အောင်လံခရိုင်ဟု သတ်မှတ်ထားမှုနှင့်အညီ ခရိုင်အဆင့်ရုံးများဖြစ်သည့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးနှင့် အာမခံလုပ်ငန်းရုံးတို့ကို ဖွင့်လှစ် ပေးနိုင်ပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးထွန်းလူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အောင်လံခရိုင် အတွင်းရှိ မော်တော်ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုထုတ်ပေးခြင်း ကို သရက်ခရိုင်ရုံးမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲ မြို့နယ် (၂)ခုပါဝင်သည့် အောင်လံခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ မေလအထိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၁၂,၀၈၇ စီး၊ ယာဉ်မောင်းလိုင်စင် ၁၈,၇၀၇စောင်ရှိပါ ကြောင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆို ထုတ်ပေးခြင်းလုပ်ငန်းများကို အောင်လံမြို့တွင် တစ်လ (၂)ကြိမ်နှုန်းဖြင့် တစ်နှစ် (၂၄)ကြိမ် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေ ဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် အဌားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်၊ ထော်လာဂျီယာဉ်နှင့် သုံးဘီးမော်တော်ဆိုင်ကယ်ယာဉ်များကို ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း၊ ဥပဒေနှင့်အညီ ပြေးဆွဲစေရေး ကြီးကြပ်ကွပ်ကဲခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပြီး အောင်လံခရိုင်အတွက် သရက် ခရိုင်ရုံး မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အောင်လံခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ မေလ အထိ အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၂,၃၄၂ စီး၊ ထော်လာဂျီယာဉ် ၂၉ စီး နှင့် သုံးဘီးမော်တော်ဆိုင်ကယ် ၅၆၂ စီး စုစုပေါင်း ၁,၉၃၃ စီး ဖြစ်ပါကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းသည့်အခါ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်း ကိုပါ တစ်ပါတည်း One Stop Service ပုံစံ ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ ရှိသည့်ဒေသများ တွင် မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် အာမခံလုပ်ငန်းများကို တွဲဖက်ရုံး (၁၃)ရုံး ဖြင့် လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သရက်ခရိုင်ရုံးအနေဖြင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန မှ အောင်လံ ခရိုင်သို့ နယ်လှည့်ကွင်းဆင်းသည့်အခါ မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် အာမခံ ချက် လုပ်ငန်းများကိုပါတစ်ပါတည်း One Stop Service ပုံစံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ခရိုင် ၁၂၁ ခုရှိသည့်အနက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ခရိုင်ရုံး ၃၅ ရုံး၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနခရိုင်ရုံး ၃၀ ရုံးတို့ကို ဖွင့်လှစ်ထားရှိပါကြောင်း၊ လတ်တလောကာလတွင် အောင်လံခရိုင်အတွက် သရက်ခရိုင်နှင့်တွဲဖက်ပြီး One Stop Service ပုံစံဖြင့် ဆောင်ရွက်ပေးလျက်ရှိနေခြင်း၊ ခရိုင်ရုံးအသစ်များဖွင့်လှစ်နိုင်ရန် ကန့်သတ်ချက်များရှိနေ ခြင်း တို့ကြောင့် အောင်လံခရိုင်အတွက် ခရိုင်ရုံးဖွင့်လှစ်နိုင်ရန် လတ်တလော အစီအစဉ်မရှိသေးပါ ကြောင်း နှင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးတင်အောင်ချစ်(အောင်လံမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အောင်လံခရိုင်အတွင်း မော်တော်ယာဉ်ပေါင်း ၁၁၉၈၂ စီး၊ ယာဉ်မောင်းလိုင်စင်ပေါင်း ၂၀,၉၆၀ ရှိသည်ကို တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အောင်လံခရိုင်အတွင်းရှိ မော်တော်ယာဉ်ပိုင်ရှင်များ သက်တမ်းတိုး လုပ်ငန်း ဆောင်ရွက်ရာတွင် သရက်ခရိုင်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ဆောင် မှုကို နှစ်ပတ်လျှင် တစ်ကြိမ်၊ တစ်လလျှင် (၂) ကြိမ်သာ သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိ ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးမှုကို ပြည်သူများကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း၊သို့ပါသော်လည်း တစ်လတွင် (၂)ကြိမ်သာ ဆောင်ရွက်ခွင့်ရှိသည့် အတွက် ပြည်သူများအနေဖြင့် အချိန်ကြန့်ကြာခြင်း၊ မိမိတို့အလှည့်ရောက်မည့် အချိန်ကိုစောင့်ဆိုင်း နေရခြင်း တို့ကို တွေ့ကြုံနေရသည့်အတွက်ကြောင့် ခရိုင်အဆင့်မြို့တစ်မြို့ဖြစ်ခြင်း၊ မော်တော်ယာဉ်များ နေခြင်း တို့ကြောင့်လည်းကောင်း၊ ပြည်သူလူထုအကျိုးကို ပြန်လည်စိစစ်သုံးသပ်၍ သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုအစီအစဉ် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ /မရှိ အား ဆက်စပ် မေးခွန်းမေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး၊ဦးထွန်းလူ မှဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။
အောင်လံခရိုင်၏ မော်တော်ယာဉ် သက်တမ်းတိုးခြင်း၊ လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်းလုပ်ငန်း များကို သရက်ခရိုင်မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်လလျှင် (၂)ကြိမ်နှင့် တစ်နှစ် ကို (၂၄)ကြိမ် သွားရောက်ပြီး မော်တော်ယာဉ်နှင့် ပတ်သက်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မရှိစေရေး အောင်လံခရိုင်ရှိပြည်သူများ မော်တော်ယာဉ်နှင့် ပတ်သက်သည့်လုပ်ငန်းများ လွယ်ကူချောမွေ့စွာနှင့် အဆင်ပြေစွာ လုပ်ကိုင်ပေး နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှနေပြီး တစ်လ (၂)ကြိမ် အစားထိုး အချိန်ထပ်တိုးပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း နှင့် ဆောင်ရွက်သည့် အခါတွင်လည်း မြန်မာ့ အာမခံလုပ်ငန်းမှ တစ်ပါတည်း One Stop Service အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။