(ခ)-ဦးကျော်သန်း(မာန်အောင်မဲဆန္ဒနယ်)
မာန်အောင်မြို့နယ်၊ စမုံတဲလေယာဉ်ကွင်းအား တိုးချဲ့ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ /မရှိနှင့် တိုးချဲ့ဆောက်လုပ်ပေးမည်ဆိုပါက မည့်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်ကျွန်းသည် သီးခြားကျွန်းလတ်တစ်ခုဖြစ်သည့်အတွက် ပြင်ပနှင့် တခြားမြို့နယ်များ သို့ ဆက်သွယ်သွားလာရန် အလွန်ခက်ခဲသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်းမှ တခြားမြို့နယ် များသို့ သွားလာရန်အတွက် ကားမရှိ၊ သင်္ဘောမရှိ ဖြစ်နေသောကြောင့် ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် စမုံတဲလေယာဉ်ကွင်းကို တိုးချဲ့ပေးပြီး လေယာဉ်ကြီးများ ပြေးဆွဲပေးရန် မေးမြန်းတောင်းဆိုခြင်းဖြစ်ပါကြောင်း၊ ယခင်က ဒါကိုတာလေယာဉ် ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တစ်ပတ်လျှင် နှစ်ရက် ပြေးဆွဲခဲ့ပါကြောင်း၊ ခရီးစဉ်တွင် ရန်ကုန်-သံတွဲ-ကျောက်ဖြူ-အမ်းအထိ ပြေးဆွဲနိုင်ခဲ့သည့်အပြင် Toyota လေယာဉ်မှာလည်း ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ တစ်ပတ်လျှင် သုံးရက်အထိ ပြေးဆွဲ ပေးခဲ့ပါကြောင်း၊ ထို့နောက် မြန်အောင်အများပိုင်ကုမ္ပဏီမှ Caravan လေယာဉ်ဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပြေးဆွဲပေးခဲ့ပါကြောင်း၊ ထိုသို့ ပြေးဆွဲပေးခဲ့ကြသည့် အတွက် ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးဘဝများကိုပါ အလွယ်တကူ သွားလာလုပ်ကိုင် နိုင်ခဲ့ကြပါကြောင်း၊ ယခုအခါ ပြည်သူများ အဆင်ပြေသွားလာနိုင်ရေးအတွက် စမုံတဲလေယာဉ်ကွင်းကို တိုးချဲ့ပေးရန် လိုအပ်နေပါကြောင်း။
စမုံတဲလေယာဉ်ကွင်း၏ဧရိယာမှာ တိုးချဲ့ဧရိယာစုစုပေါင်း ၉၅.၆၃ ဧကရှိပါကြောင်း၊ ပြေးလမ်း၏ အရှည်မှာ ပေ ၄၅၀၀ ဖြစ်ပါကြောင်း၊ ATR လို လေယာဉ်ကြီးများ ဆင်းနိုင်ရန်အတွက် တိုးချဲ့ရန် ပေ ၂၅၀၀ သာ လိုပါကြောင်း၊ လေယာဉ်ငယ်များသည် မိုးရာသီတွင် မဆင်းနိုင်ပါကြောင်း၊ ATR လို လေယာဉ်ကြီးများသည် ရာသီမရွေး ဆင်းနိုင်သည့်အတွက် ပြည်သူများ အဆင်ပြေမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ အမှန်တကယ်လိုအပ်နေသည့် မာန်အောင်ကျွန်းမှ ပြည်သူများအတွက် စမုံတဲ လေယာဉ်ကွင်းအား ATR လေယာဉ်ကြီးများ ဆင်းနိုင်အောင် တိုးချဲ့ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် တိုးချဲ့ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ
ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စမုံတဲလေယာဉ်ကွင်းတွင်၂၄.၄. ၂၀၂၆ ရက်နေ့မှစတင်ပြီး L 410 လေယာဉ်များဖြင့် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်အား (၇)ရက်တစ်ပတ်လျှင် သုံးရက် ပုံမှန် ပျံသန်းပြေးဆွဲပေးလျက်ရှိပါကြောင်း၊ လက်ရှိလေယာဉ်ပြေးလမ်းအား ၄၅၀၀ ပေ x ၁၀၀ ပေ မှ ပြေးလမ်းတောင်ဘက်သို့ ၂၅၀၀ ပေ x ၁၀၀ ပေ တိုးချဲ့နိုင်ရန် လိုအပ်သည့် မြေဧရိယာ ၃၃.၅၆ ဧကကို မြေယာနှင့် သီးနှံလျော်ကြေးပေးချေထားပြီး မြေသိမ်းဆည်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မာန်အောင်လေယာဉ်ပြေးလမ်းသည် ATR 72-600 အမျိုးအစားလေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်ရေးအတွက် လက်ရှိလေယာဉ်ပြေးလမ်း ၄၅၀၀ ပေ x ၁၀၀ ပေ အား ပထမအဆင့်အနေနှင့် တောင်ဘက်ကို ၁၅၀၀ ပေ x ၁၀၀ ပေ လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။