နောက်ဆုံးရသတင်းများ
MY EN

(ဂ)-စိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်) မေးခွန်း

2026-06-05
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဂ)-စိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)
မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာအုပ်စု၊ တပ်မိုင်ကျေးရွာရှိ နမ့်နှုန်းချောင်းဘေးတွင် အရှည် ၅၀၀ ပေခန့် ကျောက်စီ ရေတားနံရံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိလျှင်မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်ခတ်မြို့နယ်၊  မိုင်းနှုန်းကျေးရွာအုပ်စု၊ တပ်မိုင် ကျေးရွာသည် အိမ်ခြေ ၆၅ အိမ် ရှိပြီး လူဦးရေ အား ဖြင့် ၃၅၀ ဦးကျော်ခန့် နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာသူ/ ကျေးရွာသားများ သည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်နေကြသည်ကို တွေ့ရှိရ ပါကြောင်း၊ တပ်မိုင်ကျေးရွာသည်  နမ့်နှုန်းချောင်းဘေးတွင် တည်ရှိနေသည့်အတွက် မိုးများသည့် အခါ မကြာခဏ မြစ်၊ ချောင်းများ ရေကြီးလာပြီး ချောင်းဘေးရှိအိမ်များနှင့် အိမ်မွေး တိရစ္ဆာန် များအား ရေဝင်ရောက်တိုက်စားခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများစွာရှိခဲ့ပါကြောင်း၊  မြစ်ချောင်း ဘေးအရှည် ၅၀၀ ပေခန့် ရှိပြီးအစိုးရမှ  နှစ်စဉ်အပိုင်းလိုက် ကျောက်စီရေတားနံရံ ဆောက်လုပ် ပေးမည်ဆိုပါက ကျေးရွာသူ ကျေးရွာသားများသည် ရေကြီး ရေလျှံခြင်းအန္တရာယ်ဘေးမှ ကင်းလွတ် သွားမည်ဖြစ်ပါကြောင်း၊  မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာအုပ်စု၊ တပ်မိုင်ကျေးရွာရှိ နမ့်နှုန်း ချောင်းဘေးရှိ အရှည် ၅၀၀ ပေခန့် ကျောက်စီ ရေတားနံရံတည်ဆောက် ပေးရန်အစီအစဉ်ရှိ /မရှိနှင့် အစီစဉ်ရှိပါကမည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးထွန်းလူ
တပ်မိုင်ကျေးရွာသည် မိုင်းခတ်မြို့၏အနောက်ဘက် ၈ မိုင်ခန့်ကွာဝေးသည့်တောင်များ အကြားရှိ မြေပြန့်ဒေသတွင်တည်ရှိပါကြောင်း၊ တပ်မိုင်ကျေးရွာဘေးတွင် ဖြတ်သန်းစီးဆင်းနေသည့် နမ့်နှုန်း ချောင်းသည် တောင်ကျချောင်းတစ်ခုဖြစ်ပြီး မိုးရွာလျှင် မိုးရေများသည် ဆည်၊ တမံအထိန်းအကွပ် မရှိဘဲ တပ်မိုင်ကျေးရွာဘေးကို ဖြတ်သန်းစီးဆင်းလျက်ရှိပြီးနောက် နမ့်လွေချောင်းအတွင်းသို့ စီးဝင် လျက်ရှိပါကြောင်း၊နမ့်နှုန်းချောင်းသည် ကမ်းပြိုမှုမဖြစ်ပွားသော်လည်း တောင်ကျချောင်းဖြစ်ခြင်း၊ ရေစီးသန်ခြင်း၊ ချောင်းရေနှင့်အတူ သစ်ပင်၊ သစ်လုံး၊ ဝါးစသည်များမျောပါပြီးလျှင် ကျေးရွာ အတွင်း ဝင်ရောက်သည့်အခါ သီးနှံ၊အိမ်နှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုရှိသည်ကို သိရှိရပါကြောင်း၊ တပ်မိုင် ကျေးရွာကို ရေကြီး ရေလျှံမှုမှကာကွယ်စေရန်အတွက် နည်းလမ်း ၂ မျိုးရှိပါကြောင်း၊ ပထမ နည်းလမ်းမှာ နမ့်နှုန်းချောင်း ကို ရေလမ်းကြောင်းလွှဲပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာ မျက်နှာချင်း ဆိုင် တွင်ရှိသည့် မြေသားခုံ အလျား ၁၂၆၀ ပေခန့်ကို တူးပြီးချောင်းဖြောင့်ပေးခြင်းဖြင့် တပ်မိုင်ကျေးရွာကို ရေဦးထိုးစီးဆင်း နေမှုမှ သွေဖယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယ နည်းလမ်း မှာ တပ်မိုင်ကျေးရွာအား နမ့်နှုန်း ချောင်းကမ်းပါးတစ်လျှောက် မြေထိန်းနံရံများဖြင့် တိုက်ရိုက် ကာကွယ်ရာတွင် ချောင်းနှင့် ထိစပ်နေ သောအပိုင်းဖြစ်သည့် အလျား ၆၅၀ ပေခန့်ကိုသာ လမ်းမကြီး Level အမြင့်နှင့်အညီ ကာကွယ် ပေးရန်လိုအပ်သည်ကိုတွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ တပ်မိုင်ကျေးရွာအနီး လက်ရှိဖြတ်သန်းစီးဆင်းနေသည့် နမ့်နှုန်းချောင်း ချောင်းဖြောင့် လုပ်ငန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရေး ငွေလုံးငွေရင်းရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် ဦးစားပေး လုပ်ငန်းအဖြစ်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ကွင်းဆင်းတိုင်းတာစစ်ဆေး၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်ပို့ဆောင်ရေးဝန်ကြီး ဌာနမှ လည်း လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။