(ဃ)-စိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)
မိုးနဲမြို့နယ်၊ ဖိုင်လုံဆည်မှ ကျူတောဆည်အထိ (၅.၁)မိုင်အတွင်းရှိ နုန်းမြေနှင့် ချုံနွယ်များကို တူးဖော်ရှင်းလင်းရန်ရှိ မရှိ၊ ကျိုးပေါက်နေသည့် နမ့်တွန်ချောင်းတာဘောင် ၄ နေရာကို ခိုင်ခံ့အောင် ပြန်တည်ဆောက်ပြီး အရံဘောင်များကို အဆင့်မြှင့်တင်ရန်ရှိ မရှိ၊ နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းဆုံ ရာမှ (နားခံ-ဟဲကော)လမ်းအထိ ၁.၄၃ မိုင်အား တာဘောင်မြှင့်တင်ခြင်းနှင့် နုန်းမြေဖယ်ရှားခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ရှိပါက မည်သည့်အချိန်တွင် လုပ်ငန်းစတင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စုရှိ ကြူတောဆည်၊ ဖိုင်လုံဆည်နှင့် ထိုဆည်များထဲသို့ စီးဆင်းနေသည့် နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းချောင်းများသည် နှစ်ရှည်လများမိုးရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ နုန်းမြေများပို့ချခြင်းကို ခံနေရပါကြောင်း၊ ထိုနုန်းမြေပေါ်မှ ကျူပင်၊ ကိုင်းပင်နှင့် ဆူးခြုံပင်များ ထူထပ်စွာ ပေါက်ရောက်သည့်အတွက် ရေစီးရေလာပိတ်ဆို့ပြီး နှစ်စဉ် ဆိုးဆိုးရွားရွားရေကြီးရေလျှံမှုများ ဖြစ်နေပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ၁၂-၃-၂၀၂၆ ရက်နေ့တွင် မိုးနဲမြို့နယ်၊ ဆိုင်ဖင်ကျေးရွာခန်းမတွင် ဒေသခံပြည်သူတောင်သူလယ်သမား ၁၀၃ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ မြေပြင်တွင် လယ်ယာမြေဧက ၇၀၀၀ ခန့်မှာ ရေကြီးနစ်မြုပ်ပြီး ပျက်စီး ဆုံးရှုံးနေရသည့်အတွက် လွှတ်တော်သို့ တင်ပြပေးရန် တောင်သူများမှ တစ်ညီတစ်ညွတ်တည်း တောင်းဆိုခဲ့ကြပါကြောင်း၊ လက်ရှိမြေပြင်တွင် ရေစီးရေလာ ပိတ်ဆို့မှုကြောင့် တာဘောင်များ အောက်ပါအတိုင်း ကျိုးပေါက်ပျက်စီးသည်ကို မိမိကိုယ်တိုင် ကွင်းဆင်းစစ်ဆေးလေ့လာ တွေ့ရှိခဲ့ရကြောင်း-နမ့်တွန်ချောင်းအနောက်ဘက်ခြမ်း ဒေသအခေါ် ထုန့်ကုန်းကော်တွင် ၄၀၀ ပေ ကျော်၊ ထုန့်နားမိုက်ဟိုင်းတွင် ၅၀၀ ပေကျော်နှင့် ထုန့်ဆွပ် မယ်မန်း တွင် ၂၂၀ ပေကျော်၊ နမ့်တွန်ချောင်းအရှေ့ဘက်ခြမ်း ထုန်ဆွပ်မယ်မန်းတွင် ၇၀ ပေခန့်၊ နန့်မယ်မန်းချောင်းတွင် နုန်းမြေများနှင့် ချုံနွယ်ကြောင့် ရေစီးပိတ်ဆို့ပြီး တာဘောင်ပေါ်မှ ၅ ပေခန့်အထိ ရေကျော်စီးဆင်းနေသဖြင့် နှစ်စဉ်ရေကြီးနစ်မြုပ်မှု ဒဏ်ကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေရပါကြောင်း။
၎င်းပြဿနာများကြောင့် ဒေသခံတောင်သူများသည် စိုက်ပျိုးပြီးသားစပါးခင်းများ ရေမြုပ် ပျက်စီးပြီး စိုက်ပျိုးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနေရပါကြောင်း၊ ဝင်ငွေများ လျော့နည်းလာပြီး စားဝတ် နေရေးခက်ခဲလာသဖြင့် လယ်ယာလုပ်ငန်းကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်သား အဖြစ် သွားရောက်လုပ်ကိုင်နေကြရ၍ ဒေသတွင်းတွင် လူ့အရင်းအမြစ်နှင့် လုပ်သားရှားပါးမှု ပြဿနာများ ရင်ဆိုင်နေကြရပါကြောင်း၊ ထို့ကြောင့် ဒေသခံ တောင်သူလယ်သမားများ၏ ဘဝရပ်တည်ရေးနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဖိုင်လုံဆည်မှ ကြူတောဆည်အထိ ၅.၁ မိုင်အတွင်းရှိ နုန်းမြေများနှင့် ချုံနွယ် များကို စက်ယန္တရားကြီးများ တူးဖော် ရှင်းလင်းပေးရန် အစီအစဉ်ရှိ/ မရှိ ၊ ကျိုးပေါက်နေသည့် တာဘောင် ၄ နေရာကို ခိုင်ခံ့အောင် တည်ဆောက်ပြီး အရံဘောင်များကိုသာ မြှင့်တင်ပေးရန် အစီအစဉ်ရှိ /မရှိ၊ နမ့်တွန်ချောင်း၊ နမ့်မယ်မန်း ချောင်းဆုံရာမှ ၁.၄ မိုင်အထိ တာဘောင်မြှင့်တင် ပေးခြင်းနှင့် နုန်းမြေဖယ်ရှားခြင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့် ကာလတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်
မိုးနဲမြို့နယ်အတွင်း နမ့်တွန်ချောင်းသည် အလျား ၅၀ မိုင် ရှိပြီး နမ့်တိန်းချောင်းအတွင်း စီးဝင်သည့် ချောင်းတစ်ခုဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မိုးနဲမြို့နယ်၊ နားခံရွာအနီး နမ့်တွန်ချောင်းပေါ်ရှိ ကြူတောကျေးရွာဆည်မှ စိုက်ပျိုးမြေ ဧရိယာ ၃၅၀ ဧကကိုလည်းကောင်း၊ ၁၉၆၈ ခုနှစ် တည်ဆောက်ခဲ့သည့် ဟဲကောကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာအနီးရှိ ဖိုင်လုံရေလွှဲဆည်မှ စိုက်ပျိုးမြေဧရိယာ ၄၃၃၂ ဧကကိုလည်းကောင်း အကျိုးပြုလျက်ရှိပြီး ဒေသအတွက် အရေးပါသည့် ချောင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် နမ့်တွန်ချောင်းမှာ တောင်ကျရေများ စီးဆင်း လာပြီး နေရာ ၅ နေရာတွင် ၅၀၀ ပေ + ၄၀၀ ပေ + ၂၃၀ ပေ + ၇၀ ပေ + ၁၁၂၅ ပေ စုစုပေါင်း ၂၃၂၅ ပေ ၀.၄၄ မိုင်ခန့် ချောင်းဘောင် ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့အပြင် ချောင်းတစ်လျှောက် အလျား ၅.၁ မိုင်တွင်လည်း သဲနုန်းများပို့ချခဲ့ပြီး ချောင်းဘေးဝဲယာတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း။
ကြူတောဆည်မှ ဖိုင်လုံဆည်အကြား အလျား ၅.၄ မိုင်အနက် အလျား ၀.၄၅ မိုင်တွင် နုန်းမြေနှင့် ချုံနွယ်များကို စက်ယန္တရားဖြင့် ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်းအား ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် မိုးဦးမကျမီ ရက် ၁၀၀ အတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်အလျား ၄.၆၅ မိုင်ကို ၂၀၂၇-၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧရိယာ ၃၀၀၀ ဧကခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ် နိုင်မည် ဖြစ်ပါကြောင်း၊ ကြူတောဆည်မှ ဖိုင်လုံဆည်ကြား ၅.၁ မိုင်အတွင်း ကျိုးပေါက်နေသည့် နမ့်တွန် ချောင်းတာဘောင် ၅ နေရာ စုစုပေါင်း အလျား ၂၃၂၅ ပေရှိသည့်အနက် ချောင်းဘောင် အလျား ၁၁၂၅ ပေကို ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ၁၀၀.၄၉၅ ကျပ်သန်းဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြန်လည်မြေဖို့ ပြုပြင်ပြီးဖြစ်ပါကြောင်း၊ ကျန်ကျိုးပေါက်နေသည့် နမ့်တွန်ချောင်း ဘောင် ၄ နေရာ အလျား ၁၂၀၀ ပေခန့်ကို ခိုင်ခန့်အောင် ပြန်လည်မြေဖို့ခြင်းလုပ်ငန်းကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းမှ ၁၂၀ သန်းဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧရိယာ ၁၈၃၀ ဧကခန့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းချောင်းဆုံရာမှ ဖိုင်လုံရေလွှဲ ဆည်ကြား လယ်ယာမြေများကို ချောင်းရေလျှံမှုကာကွယ်နိုင်ရန် ယခင် ချောင်းဘောင်ဘေး ချောင်းဘောင်နှင့်အပြိုင် တာဘောင်ဖို့၍ အရံဘောင်(ရေလျှံထိန်းတာဘောင်)အဖြစ် အသုံးပြုခဲ့ ကြပြီး အဆိုပါအရံဘောင်တွင် နှစ်ကာလကြာမြင့်သောကြောင့် နိမ့်ကျလျက်ရှိပါကြောင်း၊ ထို့ကြောင့် တောင်ကျချောင်းရေနှင့် စီးဆင်းမှုများပြားချိန်တွင် ချောင်းဘေးလယ်ယာမြေများ ချောင်းရေလျှံမှု အထိုက်အလျောက် ကာကွယ်နိုင်ရန်အတွက် အရံဘောင်အလျား ၁.၃၇ မိုင်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇-၂၈ ပြည်ထောင်စုမူလရန်ပုံငွေ ငွေလုံးငွေရင်း သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေ ထည့်သွင်းတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောာင်း၊ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧရိယာ ၅၀၀ ဧကခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။
ထို့အပြင် နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းဆုံရာ နားခံ-ဟဲကောလမ်းအထိ နမ့်မယ်မန်း ချောင်းပေါ်တွင် အလျား ၁.၄၃ မိုင်အား တာဘောင်မြှင့်တင်ခြင်းနှင့် နုန်းမြေဖယ်ရှားခြင်းလုပ်ငန်း များကို ၂၀၂၇-၂၈ ပြည်ထောင်စုမူလရန်ပုံငွေ ငွေလုံးငွေရင်း သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧရိယာ ၂၀၀ ဧကခန့်အား ရေကြီးနစ်မြုပ်မှုကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲရှိ နမ့်တွန်ချောင်းတွင် နုန်းမြေနှင့်ချုံနွယ် များတူးဖော်ရှင်းလင်းခြင်းနှင့် ကျိုးပေါက်နေသည့် တာဘောင်ခိုင်ခံ့အောင် ပြန်လည်မြေဖို့ခြင်း လုပ်ငန်းများကို ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၂၀ ဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျန်ရှိလုပ်ငန်းများကို ၂၀၂၇-၂၈ ဘဏ္ဍာနှစ် သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက် ရမည့်လုပ်ငန်းများအတွက်ကိုလည်း ကွင်းဆင်းစစ်ဆေး၍ အသေးစိတ် လေ့လာဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။