နောက်ဆုံးရသတင်းများ
MY EN

(စ)-ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်) မေးခွန်း

2026-06-05
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(စ)-ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်) 

ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စုအတွင်းရှိ ကိုယ့်အားကိုယ်ကိုးဆည်များဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့်ကျောက်ဆည် ဆည်များအား တောင်သူများစိုက်ပျိုး “ရေ”လုံ လောက် စွာ ရရှိသုံးစွဲနိုင်ရေး ပြန်လည်တူးဖော် ပြုပြင်ပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စုသည် ပေါင်းလောင်းမြစ်အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ကျေးရွာ ပေါင်း ၉ ရွာနှင့် ဖွဲ့စည်းထားသည့် အုပ်စုတစ်စုဖြစ်ပါကြောင်း၊ ၎င်းဒေသတွင် နေထိုင်ကြသည့် တောင်သူများအနေဖြင့် စပါး၊ ပြောင်း၊ နှမ်း ပဲမျိုးစုံတို့ကို အဓိကအားထားပြီး စိုက်ပျိုးကြပါကြောင်း၊  သီးနှံများစိုက်ပျိုးရာတွင် ရာသီဥတုကို မျှော်လင့်တွက်ချက်ပြီး စိုက်ပျိုးကြရာ မိုးခေါင်သည့် ရာသီများ တွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းမှုမရှိသည့်အတွက် တောင်သူများ အနေဖြင့် အကျိုးအမြတ်မရရှိဘဲ အရှုံးများနှင့်သာ ရင်ဆိုင်တွေ့ကြုံနေကြရပါကြောင်း၊  ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်အုပ်စု တွင် ယခင်ကာလ ကတည်းက တည်ဆောက်ထားခဲ့သည့် ကိုယ့်အားကိုယ်ကိုးဆည် ၃ ခုနှင့် နိုင်ငံတော်မှ တည်ဆောက် ပေးထားသည့် ဆည် ၁ ခု စုစုပေါင်း ဆည် ၄ ခုရှိပါကြောင်း၊ ၎င်းဆည်များမှာ နှမ်းတော ဆည်၊ ကြခတ် ဆည်၊ ဇီးရိုင်း ဆည်နှင့် ကျောက်ဆည် ဆည်များပဲ ဖြစ်ပါကြောင်း၊ ၎င်းဆည်များအနေနှင့် နှမ်းတောဆည်မှ စိုက်ပျိုးရေအကျိုးပြု အသုံးပြုသည့် ဧက ၂၅၀၊ ကြခတ်ဆည် အနေဖြင့် ဧက ၂၀၀ ၊ ဇီးရိုင်းဆည်အနေဖြင့် ဧက ၃၀၀ ၊ ကျောက်ဆည် ဆည်အနေဖြင့် ဧက ၄၅၀ စုစုပေါင်းဧက ၁၂၀၀ စိုက်ပျိုးရေ အကျိုးပြုသုံးစွဲနိုင်ခဲ့ပါကြောင်း။ 
လက်ရှိ၎င်းဆည်များအားလုံးသည် သဲနုန်းများမြင့်တက်မှုကြောင့် ချောင်းများတိမ်ကောမှုဖြစ် နေခြင်း၊ ရေတံခါးများပျက်စီးနေခြင်း၊ ရေဘေးမြောင်းများ ပြန်လည်ပြုပြင်ရန် လိုအပ်ခြင်းများ ဖြစ်ပေါ် လျက် ရှိပါ ကြောင်း၊ မိုးရာသီကာလများတွင် ချောင်းရေများကျဆင်းလာပါက ၎င်းဆည်များအနေဖြင့် တားဆီးထိန်းသိမ်းသိုလှောင်ထား၍ မရသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ တောင်သူ များ အနေနှင့် သီးနှံများစိုက်ပျိုးကြရာတွင် အထက်ဖော်ပြပါ ဆည်ရေများမှ သိုလှောင် ထိန်းသိမ်း ထားသည့် ဆည်ရေများ အကျိုးပြုသုံးစွဲနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့်၎င်းဆည်များအနေနှင့် တောင်ကျရေစီးဆင်းလာမှုကို ထိန်းသိမ်းသိုလှောင်ထားနိုင်မှု မရှိသည့်အတွက် ချောင်းရေများ ပိုမိုအရှိန်အဟုန်ပြင်းစွာဖြင့် တစ်ဟုန်ထိုးစီးဆင်းလာပြီး ကျေးရွာများသို့ ဝင်ရောက်သွားသည့် အတွက် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ရသည့်အပြင် လယ်ယာမြေများလည်း နစ်မြုပ်ပြီး သီးနှံများ ပျက်စီးသွားကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စုအတွင်းရှိ ကိုယ့်အား ကိုယ်ကိုး ဆည်များ ဖြစ်သည့် နှမ်းတော ဆည်၊ ကြခတ် ဆည်၊ ဇီးရိုင်း ဆည်၊ ကျောက်ဆည် ဆည်များအား တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးနှင့် ကျေးရွာများသို့ ရေဝင် နစ်မြုပ်မှု မရှိစေရေး ပြန်လည်တူးဖော် ပြုပြင်ပေးရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
နှမ်းတောချောင်းပေါ် တွင် အလျား ၆၈.၅ ပေ၊ အကျယ် ၁၀၀ ပေ၊ အမြင့် ၄ ပေရှိသော နှမ်းတောရေလွှဲဆည် (ညောင်ပင် ဝိုင်းရေလွှဲဆည်)ကို တည်ဆောက်ထားပြီး လက်ရှိအခြေအနေတွင် ရေလွှဲဆည်၏ အထက်ပိုင်း၊ အောက်ပိုင်းနှင့် ရေပေးမြောင်းအတွင်း သဲနုန်းများပို့ချတိမ်ကော နေသော ကြောင့် သဲနုန်းတူးဖော်ရန်နှင့် ရေပေးမြောင်းပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါ ကြောင်း၊  ရေပေးမြောင်းပြုပြင်ခြင်းလုပ်ငန်း အား ၂၀၂၆-၂၇ ခုနှစ် နေပြည်တော် ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရေလွှဲဆည်အထက်ပိုင်း သဲနုန်းတူးဖော်ခြင်းနှင့် ရေလွှဲဆည်အောက်ပိုင်း တိမ်ကောနေမှုကြောင့် နှမ်းတောချောင်းအား ပေါင်းလောင်း မြစ်အထိ အလျား ၁၀,၆၀၀ ပေခန့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပေးသွားမည်  ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ရေသောက်ဧရိယာ ၁၅၆ဧက ကို အကျိုးပြု နိုင်မည်ဖြစ်ပြီး နှမ်းတောချောင်းဘေးရှိ ကျေးရွာများ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကိုပါ ကာကွယ်နိုင် မည်ဖြစ်ပါကြောင်း။ 
ဇီးရိုင်းချောင်းပေါ်တွင် အလျား ၈၀ ပေ၊ အကျယ် ၁၀၀ ပေ၊ အမြင့် ၄ ပေရှိသော ဇီးရိုင်းရေလွှဲ ဆည်ကို တည်ဆောက်ထားပြီး လက်ရှိအခြေအနေတွင် ဇီရိုင်းရေလွှဲဆည်အောက်ပိုင်း ကွန်ကရစ် ကြမ်းခင်းနှင့် ကျောက်စီနံရံတို့ ပျက်စီးနေပါသောကြောင့် ပြန်လည်ပြုပြင်ပေးရန် လိုအပ်လျက်ရှိပါ ကြောင်း၊ ရေလွှဲဆည်ကြံ့ခိုင်မှုရှိစေရန်အတွက်  လိုအပ်သောလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေးခြင်း ဖြင့် ရေသောက်ဧရိယာ ၁၇၀ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဇီးရိုင်းချောင်းပေါ်တွင် ဇီးရိုင်း ဆည်၏အောက်ဘက် ပေ ၁,၀၀၀ ခန့်အကွာတွင် အလျား ၁၇၀ ပေ၊ အကျယ် ၆၀ ပေ၊ အမြင့် ၃ ပေ ရှိသော ကျောက်ဆည်ရေလွှဲဆည်ကို တည်ဆောက်ထားပြီး လက်ရှိအခြေအနေတွင် ရေလွှဲဆည် အထက်ပိုင်းတွင် သဲနုန်းပို့ချနေပါ၍ သဲနုန်းတူးဖော်ခြင်းနှင့် ရေကာပေါင်အလျား ၃၀၀ ပေခန့် ပျက်စီးခြင်းတို့ကို ပြုပြင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ပြုပြင်ဆောင်ရွက် ခြင်းဖြင့် ရေသောက်ဧရိယာ ၄၅၀ ဧက ကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဇီးရိုင်းချောင်းပေါ်တွင် ကျောက်ဆည်ရေလွှဲဆည်၏အောက်ဘက် ၁ မိုင်ခန့်အကွာတွင် အလျား ၂၂၀ ပေ၊ အကျယ် ၆၀ ပေ၊ အမြင့် ၁၂ ပေရှိ ကြခတ်ရေလွှဲဆည်ကို တည်ဆောက်ထားပါကြောင်း၊ လက်ရှိအ‌ခြေအနေတွင် ရေလွှဲဆည် အထက်ပိုင်း သဲနုန်းတူးဖော်ခြင်းနှင့် ရေလွှဲဆည်အောက်ပိုင်း ရေပေးမြောင်းအလျား ၁၈,၅၀၀ ပေခန့် သဲနုန်းပို့ချနေပါ၍ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ရေသောက်ဧရိယာ ၂၇၀ ဧကကို အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရေလွှဲဆည် (၄)ခု၏ ပြုပြင်ပေးရမည့်လုပ်ငန်းများအား တင်ပြထားခြင်း ဖြစ်ပါ ကြောင်း၊  သို့ဖြစ်ပါ၍ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသုံးစွဲနိုင်ရေးအတွက် ရေလွှဲဆည် ပြုပြင်ရေးလုပ်ငန်းများအား ၂၀၂၇-၂၈ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေဖြင့် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။