(စ)-ဦးစိုင်းဆမ် (မိုင်းယန်းမဲဆန္ဒနယ်)
မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်တောင်ကျေးရွာ ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည်အား ကျောက်စီကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ မရှိ၊ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုင်းယန်း မြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ဝမ်တောင်ကျေးရွာသည် နမ့်လွေချောင်းရေ ထွက်ရှိပြီး ၎င်းချောင်းကိုအမှီပြုလျက် ကိုယ်ထူကိုယ်ထဆည်တည်ဆောက်စိုက်ပျိုးကြပါကြောင်း၊ အလျားပေ ၁၂၀ ရှိပြီး စိုက်ပျိုးအကျိုးပြု ၁၆၀ ဧကခန့်ရှိပါကြောင်း၊ ၎င်းလက်ရိုက်ဆည်သည် နှစ်စဉ်ပျက်စီး လျက်ရှိပြီး တောင်သူလယ်သမားများ နှစ်စဉ်ပြုပြင် တည်ဆောက်ရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ဝမ်တောင်ကျေးရွာ ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည် အား ကျောက်စီကွန်ကရစ်ဆည်အဖြစ် တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း နှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်တောင်း ကျေးရွာတွင် ရှမ်းတိုင်းရင်းသားလူမျိုးများ နေထိုင်ကြပြီး အသက်မွေးဝမ်းကျောင်း ဖြစ်သော စိုက်ပျိုးရေးကို အဓိကမှီခိုအားထား၍ လုပ်ကိုင်လျက်ရှိရာမှာ ဝမ်တောင်းကျေးရွာအနီး နမ့်လွေချောင်း တွင် ဒေသခံတောင်သူများသည် မျော၊ ဝါးများဖြင့် ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည် ပြုလုပ်၍ နမ့်လွေချောင်းမှ ရေကိုသွယ်ယူကာ စိုက်ပျိုးလျက်ရှိပါကြောင်း၊ အဆိုပါလက်ရိုက်ဆည်မှာ မိုးတွင်း ကာလ မိုးရွာသွန်းမှုများပြားပါက တစ်ဟုန်ထိုးစီးဆင်းလာသည့် ချောင်းရေစီးဒဏ်ကို မခံနိုင်ဘဲ မကြာခဏကျိုးပေါက်လေ့ရှိပြီး အသုံးမပြုနိုင်ဘဲ အကြိမ်ကြိမ်ပြုပြင်ထိန်းသိမ်းနေရခြင်း၊ စိုက်ပျိုးရေ လုံလောက်စွာမရရှိခြင်း၊ နှစ်စဉ်ပြုပြင်ဆောင်ရွက်ရ၍ ကုန်ကျစရိတ်များပြားခြင်းတို့ ကြောင့် အခိုင်အမာကျောက်စီကွန်ကရစ်ရေလွှဲဆည် တည်ဆောက်ပေးရန် လိုအပ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊အခိုင်အမာ ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်မည် ဆိုပါက ၂၀၂၆-၂၇ ခုနှစ် ဒေသပေါက်ဈေးနှုန်းဖြင့် တွက်ချက်မှုအရ ခန့်မှန်း ကုန်ကျငွေ ကျပ် ၃၄၀ သန်းဖြစ်ပြီး မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာရှိ ဒေသခံ တောင်သူ များ၏ လယ်မြေ ၁၆၀ ဧကမှာ မိုးသီးနှံ၊ နွေသီးနှံ၊ သီးထပ်သီးညှပ် စိုက်ပျိုးလာနိုင်မည်ဖြစ်ပြီး ဒေသအတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်နှင့် လူမှုစီးပွားဘဝဆိုင်ရာ အကျိုး အမြတ်များကို ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်စီကွန်ကရစ်ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၈ ဘဏ္ဍာရေး နှစ် ပြည်နယ်ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြ တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော် တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။