နောက်ဆုံးရသတင်းများ
MY EN

(င)-စိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်) မေးခွန်း

2026-06-03
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(င)-စိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
တောင်သူလယ်သမားများဘဝအတွက် လိုအပ်သည့် လုံလောက်သည့်ချေးငွေများ၊ စက်မှုကို အထောက်အကူဖြစ်စေသည့် လယ်ယာထွန်စက်များ၊ သီးနှံသိုလှောင်မှုနေရာ၊ နည်းပညာများနှင့် ဈေးကွက်များ ဖန်တီးပေးရေးတို့ကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် အစီအစဉ်မရှိပါက ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန်တို့အား သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
မြန်မာနိုင်ငံတွင်နေထိုင်သည့် လူဦးရေ ၇၀ ရာခိုင်နှုန်း ကျော်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးချေးငွေကို တောင်သူ လယ်သမားများထံ နှစ်စဉ်ထုတ်ချေးပေးနေသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော်အမှန် တကယ် အောက်ခြေတောင်သူလယ်သမားများ၏ လက်ထဲရောက်ရှိရန် လိုအပ်ပါကြောင်း၊ တောင်သူ လယ်သမားများ၏ လက်ထဲအမှန်တကယ်ရောက်မရောက် အောက်ခြေတောင်သူလယ်သမားများ ပါဝင် သည့်မြို့နယ်ချေးငွေစိစစ်ရေးကော်မတီဖြင့် ဖွဲ့စည်းပေးရန်လိုအပ်ကြောင်း သုံးသပ်မြင်မိပါ ကြောင်း၊ အောက်ခြေတွင် တောင်သူလယ်သမားများက စီးပွားရေးလုပ်ငန်းရှင်ထံ အကြွေးများယူပြီး သီးနှံပြန်ပေါ်ချိန် မှ အတိုးများနှင့် ပြန်ဆပ်နေရတာကြောင့် လယ်သမားဘဝဒုက္ခ ရောက်နေသည်မှာ အများအပြားပင် ဖြစ်နေပါကြောင်း၊ ချေးငွေသည် အာမခံ ပုံစံ ၇ ရှိမှသာ ထုတ်ချေးပေး သည့်အတွက် ပုံစံ ၇ မရှိသူများအတွက်ပါ ပုံစံ ၇ ရရှိရေးအတွက်ကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါ ကြောင်း၊ ချေးငွေများကို စစ်ဘေးဒဏ်ခံရသည့် ဒေသများကို ဦးစားပေးအနေဖြင့် လုံလုံ လောက် လောက် ထုတ်ချေးပေးရန် တင်ပြလိုပါကြောင်း၊ အောက်တွင်အမှန်တကယ်ဖြစ်နေသည်မှာ မနှစ်က တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲသာ ထုတ်ပေးသည်ကိုသိရပါကြောင်း၊ ပုံစံ ၇ ရှိသော်လည်း ချေးငွေ ထုတ်ယူခွင့် မရသည့်သူ အများကြီးရှိနေပါကြောင်း။ 
ပုံစံ ၇ အမည်ပေါက်မှာမိဘဖြစ်နေ၍ မိဘဆုံးသွားသဖြင့် ၎င်းပုံစံ ၇ ကို သားသမီးများက အမွေ ဆက်ခံ ထားရာ ၎င်းပုံစံ ၇ သည် မိဘအမည် ပေါက်ဖြစ်နေ၍ ချေးငွေထုတ်ချေးခွင့်မရခြင်း။ အာမခံ သက်သေခံသည်  ပုံစံ ၇ သို့မဟုတ် ကွယ်လွန်သွားသည့် မိဘကိုပြန်ခေါ်ရန် လိုအပ်လားဆိုတာ မျိုးဖြစ်နေပါကြောင်း၊ နှစ်စဉ်ထုတ်ချေးနေကြသူကိုသာ ထုတ်ချေးပေးမည်။ ဥပမာ ရွာတစ်ရွာတွင် နှစ်စဉ်ထုတ်ချေး ပေးနေကြစာရင်း  ၅ ဦး ရှိလျှင် ထို ၅ ဦးကိုသာ ဆက်ပေးနေပြီး ပုံစံ ၇ ရရှိသူ ထပ်တိုးလာ၍ ချေးငွေ လိုသော်လည်း မရရှိသည်ကို ကြုံတွေ့နေရပါကြောင်း၊ အလားတူ ကျေးသီးမြို့နယ်တွင်လည်း စိုက်ပျိုး ဧက ၃၀,၀၀၀ ကျော် ရှိနေသော်လည်း ယခုနှစ် ချေးငွေလျာထားခြင်းမရှိသေးသည်ကို သိရ ကြောင်း၊ မိုးနဲမြို့တွင် လယ်ယာမြေ ပုံစံ ၇ ရရှိထားသူ ဧက ၁၀,၀၀၀ ကျော် ရှိရာ ချေးငွေရရှိသူ ဧက စုစုပေါင်း ၇၁၄ ဧကသာ ချေးငွေ ရရှိပါကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ထပ်တိုးလျာထားခြင်း မရှိသေးဟုသိရပါကြောင်း၊ ၎င်းပြသာနာ များကို အောက်ခြေထိစီစစ်ပေးရန် အရေးကြီးလိုအပ်နေပါကြောင်း။
ယခုပြောင်းလဲနေသည့် ခေတ်နှင့်အညီ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်း နေသည့် ကာလဖြစ်သည့်အတွက် စက်မှုလယ်ယာကို အထောက်အကူဖြစ်စေသည့် လယ်ယာ ထွန်စက်များ ကိုလည်း အတိုးနှုန်းသက်သာစွာဖြင့်  နိုင်ငံတော်အစိုးရမှ အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးနေသည့် အစီအစဉ် ရှိသော်လည်း နည်းဥပဒေ ညွှန်ကြားချက်များနှင့် သတ်မှတ် စည်းကမ်းချက် မျာမှာ တင်းကျပ်မှုရှိနေသည့်အတွက် လယ်သမားများဝယ်ယူပိုင်ဆိုင်နိုင်ရန် ခက်ခဲမှုရှိနေပြီး ၎င်း သတ်မှတ်ချက်များကို ဖြေလျှော့ပေးရန်နှင့် ဥပမာ ၁၀ ဧကအထက် ရှိရန်လိုခြင်း ပုံစံ ၇ အမည် ပေါက်မှာ အိမ်ထောင်ဦးစီး အမည်ပေါက်ဖြည့်ရန်လိုခြင်း ကြိုတင်---ငွေ ၃၀ ရာခိုင်နှုန်းရှိမှ စသည် ဖြင့် အခက်အခဲများ ရှိနေပါကြောင်း၊ (၃) တောင်သူလယ်သမားများထံမှ ထွက်ပေါ်လာသည့် သီးနှံများကို ထိုက်သင့်သည့် ဈေးကွက်များရရှိရန် နိုင်ငံတော်အစိုးရမှ ကူညီပေး စေလိုပါကြောင်း၊  တောင်သူလယ်သမားများ သီးနှံပေါ်ချိန်တွင် ဈေးကွက်မရှိသည့် အတွက်ကြောင့် အရှုံးများနှင့်သာ ရင်ဆိုင်နေရပါကြောင်း၊ တောင်သူလယ်သမားများသည် သီးနှံသိုလှောင်ရန် နေရာမရှိသည့် အတွက် ဥပမာ လဲချားမြို့နယ်တွင် ပဲ၊ နှမ်း၊ ပြောင်းနှင့် ကြက်သွန်ဖြူစသည့်သီးနှံများ ရာသီအလိုက် ထွက်ပေါ်လျှင်ပေါ်ခြင်း မြန်မြန်ရောင်းချရသည့်အတွက် အရှုံးများနှင့်သာရင်ဆိုင်ကြုံတွေ့နေရ ကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအတွက် လိုအပ်သော လုံလောက်သည့်ချေးငွေများ ထုတ်ချေးပေးရန် စက်မှုလယ်ယာကို အထောက် အကူဖြစ်စေပြီး လယ်ယာထွန်စက်များ လွယ်ကူစွာ ပိုင်ဆိုင်နိုင်စေရန် ထိုက်သင့်သည့်ဈေးကွက်များ ဖန်တီးပေးရန် နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက် ပေးရန် အစီအစဉ်ရှိ /မရှိနှင့် အစီအစဉ်မရှိပါက ဦးစားပေး အနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်
တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ ထူထောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ငွေကျပ် (၂၃၀) ဘီလီယံဖြင့် နွေစပါး၊ မိုးစပါးသီးနှံများတွင်လည်းကောင်း၊ ငွေကျပ် (၅၆.၃၁) ဘီလီယံ ဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) သီးနှံများကိုလည်းကောင်း အရင်းမပျောက်မတည် ရန်ပုံ ငွေပုံစံဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေအား ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်၍ တောင်သူလယ်သမား အစုအဖွဲ့/ သမဝါယမ အသင်းများနှင့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများပါဝင်သည့် အစုအဖွဲ့များနှင့် သွင်းအားစု ရောင်းချသူ အစုအဖွဲ့တို့မှ အဓိကပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပြီး ယခုလို ဆောင်ရွက်ရာတွင် စပါးတစ်ဧကလျှင် ၂ သိန်း ၅ သောင်း ၊ မြေပဲ တစ်ဧကလျှင် (၄)သိန်း ၊ နှမ်းတစ်ဧကလျှင်(၂) သိန်းနှင့် နေကြာတစ်ဧကလျှင် ၂ သိန်း၅သောင်း ချေးငွေ တန်ဖိုးနှင့် ညီမျှသော သွင်းအားစု ပစ္စည်းများကို တောင်သူ များထံရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင်လည်း “တောင်သူ လယ်သမားများ ၏ ဘဝမြှင့်တင်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် အတွက်  အဓိက ဦးစားပေး စီမံဆောင်ရွက်သွားရန်”ကို မိန့်ကြားခဲ့ပါကြောင်း၊ ၂၀.၄.၂၀၂၆ ရက်နေ့မှ စတင် ဆောင်ရွက်မည့် အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း Quick Win ရရှိစေမယ့် အစီအစဉ်များမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မှ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်း များအတွက် တစ်ဧက ကျပ် ၃ သိန်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ ကြက်သွန်နီ၊ ငရုတ်၊ အစေ့ထုတ်ပြောင်း စတဲ့သီးနှံ (၁၈)မျိုး အတွက် ကျပ် ၂ သိန်း ၅ သောင်း နှင့် ပန်းနှမ်း၊ ဆီ မုန်ညင်းနှင့် ဂုန်လျှော်သီးနှံများအတွက် တစ်ဧက ကိုကျပ် ၁ သိန်း ၅ သောင်းနှုန်းဖြင့်  တိုးမြှင့် ထုတ်ချေး သွားရန် ၂၄-၄-၂၀၂၆ ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမား များသို့ အသိပေးကြေညာချက်ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများအနေဖြင့် သီးနှံ များ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေး ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြေဆီလွှာ၊ မျိုးစေ့နှင့်ပိုးမွှားရောဂါဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများမှ နည်းပညာလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်း သီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန်ကာလ သီးနှံအရည်အသွေး ထိန်းသိမ်းခြင်း တို့ကို သင်ကြားပြသခြင်း၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးရေးဌာနများတွင် သင်တန်းများဖွင့်လှစ်၍ တောင်သူများအား နည်းပညာ အထောက်အပံ့ပေးမည့် စိုက်ပျိုးရေးဝန်ထမ်းများအား ပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် လယ်ယာသုံး စက်ကိရိယာများကို တောင်သူများထံသို့ ၂၀၂၃-၂၄ ခုနှစ်အထိ အရစ်ကျ စနစ်ဖြင့် လည်းကောင်း၊ ၂၀၂၄-၂၅ ခုနှစ် မှစတင်၍ လက်ငင်းစနစ်ဖြင့်လည်းကောင်း ရောင်းချပေးလျက် ရှိရာ ၁၉၉၃-၁၉၉၄ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ လက်တွန်းထွန်စက် (၁၃၄,၂၀၄) စီး၊ ရိတ်သိမ်း ခြွေလှေ့စက် (၃၇၁)စီးနှင့် ထွန်စက်ကြီး (၁,၃၅၆)စီးတို့ ရောင်းချပေး နိုင်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင်လည်း ထွန်စက်ကြီး (၁၅) စီး၊ လက်တွန်းထွန်စက် (၆၅၀) စီး၊ စပါးရိတ်သိမ်း ခြွေလှေ့စက် (၁၀)စီးကို တောင်သူများထံသို့ လက်ငင်း စနစ်ဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင်တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများ၊ အခြောက်ခံစက်၊ သိုလှောင်ရုံ၊ ဆန်စက်များကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် အတိုးနှုန်း ၆%၊ ချေးငွေ ပမာဏ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၀ အထက် တို့ဖြင့် တိုးမြှင့် ထုတ်ချေး ပေးသွားရန် (၂၄-၄-၂၀၂၆) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အသိပေး ကြေညာထား ပါ ကြောင်း။
        တောင်သူလယ်သမားများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်ဘဏ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ သီးနှံသိုလှောင်ရုံ နေရာရရှိရေးနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ (၂၀၁၂ ခုနှစ်) နှင့် လယ်ယာမြေဥပဒေကို ပြင်ဆင် သည့်ဥပဒေ (၂၀၂၀ ပြည့်နှစ်)၊ ပုဒ်မ(၃၀)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်တင်ပြလိုပါကြောင်း၊ သီးနှံ ဈေးကွက်များ ဖန်တီးပေးရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှာ မူလခွင့်ပြုထားသည့် သီးနှံ/ကုန်စည် (၉)မျိုး၊ ဝန်ကြီးဌာနနှင့် GACC တို့စာချုပ်ချုပ်ဆိုထားရှိပြီး ကုန်စည်(၇)မျိုးတို့ကို  တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက် ထားပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ စိုက်ပျိုး စီးပွားသတင်းလွှာအား လစဉ်ထုတ်ဝေဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုး ထွက်ရှိသည့်သီးနှံများအတွက် ဈေးကွက်ဖန်တီးပေးရန်နှင့်ပတ်သက်၍   သီးနှံအလိုက်ချေးငွေ နှုန်းထားများ တိုးမြှင့်ပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာ ချေးငွေများတိုးမြှင့်ပေးခြင်း၊ သွင်းအားစုများ ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကန်ထရိုက် လယ်ယာစနစ်ကို အားပေးမြှင့်တင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ပြီး ထုတ်လုပ်မှုတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ခြင်း၊ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာကို တွဲဖက် အသုံးပြုပြီး သွင်းအားစု စရိတ်သက်သာစေရန် ပညာပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု ပံ့ပိုးပြီး သီးနှံပေးချခြင်းစသည့် လုပ်ငန်းများကို စီစဉ်ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။