(ဃ)-ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ်)
ကလေးမြို့ မြောက်ပိုင်းကျေးရွာအများစုမှာလည်း ဓာတ်အားလိုင်းများ သွယ်တန်းပြီး လျှပ်စစ်မီးများ ရရှိနေပြီးဖြစ်သော်လည်း ယခုအခါ ရေအားလျှပ်စစ်စက်ပစ္စည်း (Berrim) များပျက်စီးနေခြင်း၊ ရေလှောင်တမံထဲတွင် နုန်းများရှိနေခြင်းကြောင့် အသုံးမပြုနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီးဖြစ်ပါ သဖြင့် ယခင်စီမံကိန်းရှိသည့်အတိုင်း ကလေးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများ မီးလင်း နိုင်ရေး၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ရရှိနိုင်ပါရန် ရာဇဂြိုလ်ဘက်စုံရေ လှောင်တမံ အား ပြန်လည်ပြုပြင်မွမ်းမံပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာအနီး နေရဥ္ဇရာချောင်းပေါ်တွင် တည်ဆောက် ခဲ့သည့် ရာဇဂြိုလ်ဘက်စုံရေလှောင်တာတမံအား ပထမအကြိမ် လွှတ်တော်ကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းစစ် အစိုးရအဖွဲ့ဝင်များမှ ၂၆-၂-၂၀၁၆ နေ့တွင် ဖွင့်လှစ်ပါကြောင်း၊ အဆိုပါဘက်စုံရေလှောင်တမံ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များမှာ-ကလေးဒေသရေကြီးရေလျှံခြင်းအား ကာကွယ်ပြုနိုင် ရန်၊ ကလေးမြို့နယ်မြောက်ပိုင်း လယ်မြေဧက ၈၀၀၀ ကျော်အား သီးထပ်သီးညှပ်များနှင့် စိုက်ပျိုးနိုင် ရန် ပျိုးထောင်စဉ်ရေရရှိရေး အောင်ရေများအချိန်မီရရှိရန်ဘက်စုံ ရေလှောင်တာတမံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ကလေးမြို့မှာ ဓာတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး ကလေးဒေသမီးလင်းရေး၊ ကလေးဝမြို့၊ မော်လိုက်မြို့များထိ မီးလင်းရေး၊ ခမ်းပတ်မြို့၊ တမူးမြို့များမှာ ဓာတ်အားလိုင်းရရှိရေး၊ ချင်းပြည်နယ် ခိုင်ခန့်မြို့မှတစ်ဆင့် တီးတိန်မြို့၊ တွန်းဇံမြို့၊ ကြီခါးမြို့များအထိ မဟာဓာတ်အား လိုင်းရရှိရေး၊ ဆည်ရေသောက်များမှတစ်ဆင့် ကျေးရွာများထိ သောက်သုံးရေရရှိရန်လျာထား တည်ဆောက်ထားသည့် ဘက်စုံရေလှောင်တမံဖြစ်သည်ကို သိရှိရပါတယ်ကြောင်း။
အဆိုပါရေလှောင်တာတမံ ပြီးစီးသည့်အချိန်တွင် ကလေးမြို့နယ်မြောက်ပိုင်း လယ်ဧက ၅၀၀၀ ခန့် ရေပေးဝေနိုင်ပြီး ရေအားလျှပ်စစ် ၄ မဂ္ဂါဝပ် ထွက်ရှိပါကြောင်း၊ ရာဇဂြိုလ်ကျေးရွာ အရှေ့ ကုန်းသာရွာ၊ အနောက် ကုန်းသာရွာ ၅၅ မိုင်၊ ၅၆ မိုင်ရွာ၊ ကျစ်ဖနစ်ရွာ၊ ကန်လှရွာ၊ သာစည်ရွာသစ်၊ ကန်သာရွာ၊ ကန်ကြီးရွာ၊ ကန်သစ်ရွာ၊ နမ်းကျင်ဆောင်ရွာနှင့် နန်းဆောင်းပုရွာများအထိ လျှပ်စစ် ဓာတ်အားများ သွယ်တန်းပြီး လျှပ်စစ်မီးများရရှိခဲ့ပါကြောင်း၊ ရေလှောင်တာတမံနှင့် အနီးနားရှိ ကျေးရွာအများစုမှာလည်း ဆည်ရေသောက်မြောင်းမှတစ်ဆင့် သောက်သုံးရေများရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ကလေးဒေသ ရေကြီးရေလျှံသည့်အခါ ရေလှောင်တာတမံအတွင်းတွင် သစ်လုံးများ၊ အမှိုက်များပြည့်နေခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံကျေးရွာသူ ကျေးရွာသား များ၏ အင်အားများ၊ နယ်မြေခံတပ်မတော်သားများ၏ အင်အားများနှင့် စက်ယန္တရားကြီးကို အသုံးပြု၍ ပြန်လည်ဆယ်ယူပြီး ရေလှောင်တာတမံကို အသုံးပြုခဲ့ပါကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် နောက်ပိုင်း တွင် တမံအတွင်း နုန်းများပိတ်ဆို့နေသဖြင့် ၎င်းနုန်းများကို စုပ်ထုတ်၍ ရေစီးရေလွှာ ကောင်းအောင် လုပ်ဆောင်ပြီး အသုံးပြုနေကြောင်း၊ သို့ဖြစ်ပါ၍ ယခင်စီမံကိန်းရှိသည့်အတိုင်း ကလေးဒေသ ရေကြီး ရေလျှံခြင်းမှ ကာကွယ်ရန် လယ်ယာမြေများ သီးထပ်၊ သီးညှပ်ပိုမိုစိုက်ပျိုးနိုင်ရန်နှင့် ကျေးရွာများ သောက်သုံးရေရန်ရှိရန် ကလေးမြို့သို့ရောက်ရှိသည့် မဟာဓာတ်အားနဲ့ ရွာကျော်ရေလှောင်တာတမံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားချိတ်ဆက်ပြီး ကလေးဒေသမီးရရှိရေး၊ ကလေးဝမြို့၊ မော်လိုက်မြို့ မီးလင်းရေးနှင့် တမူးဒေသတွင် ဓာတ်အားလိုင်းရရှိရေး၊ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့မှတစ်ဆင့် တီးတိန်မြို့၊ တွန်းဇံမြို့၊ ကျစ်ခါးမြို့တွင် ဓာတ်အားရရှိရန်အတွက် ရာဇဂြိုလ်ဘက်စုံရေလှောင်တမံ အတွင်းရှိ နုန်းများနှင့်နုန်းတားဆည်အတွင်းရှိ သဲနုန်းများအား ဆည်ယူပြီး ပြန်လည်မွမ်းမံ တည်ဆောက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအနီး နေရဉ္ဇရာချောင်းပေါ်တွင် ဆည်ရေ သောက် ဧရိယာ ၈၅၀၀ ဧကအား စိုက်ပျိုးရေပေးဝေရန်နှင့် ၂ မဂ္ဂါဝပ် တာဘိုင် ၂ လုံးဖြင့် ရေအား လျှပ်စစ်ထုတ်ယူရန် ရည်ရွယ်ပြီး ရာဇဂြိုဟ်ရေလှောင်တမံကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် တည်ဆောက်၍ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါတမံမှ ရေအားလျှပ်စစ် အတွက် အသုံးပြုရန်ထုတ်လွှတ်သော ရေများဖြင့် ကလေးမြို့ မြောက်ပိုင်းကျေးရွာများအတွက် သောက်သုံးရေပေးဝေခြင်းနှင့် မိုးစပါး ၄၈၈၀ ဧကခန့် စိုက်ပျိုးရေပေးဝေခြင်းတို့ကို နှစ်စဉ် ဆောင်ရွက်ခဲ့ပါကြောင်း။
တမံ၏ ရေဆင်းဧရိယာအတွင်းရှိ တောင်ကုန်းတောင်တန်းများသည် မြင့်မားမတ်စောက် ပြီး သက်တမ်းနုသည့်အပြင် သစ်တောပြုန်းတီးမှုများကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ မကြာခဏမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်တွင် ဆိုင်ကလုန်းမုန်တိုင်း (ကိုမန်) အရှိန်ကြောင့် ရေဆင်းဧရိယာဖြစ်သော ချင်းပြည်နယ် တောင်ပေါ်ဒေသများတွင် အချိန်တို အတွင်း မိုးများပြားစွာ ရွာသွန်းခဲ့သဖြင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပေါ်ကာ နေရဉ္ဇရာချောင်းနှင့် ချောင်းလက်တက်များအတိုင်း သစ်လုံး၊ သဲနုန်းများ ပမာဏများစွာ တမံအတွင်း ဝင်ရောက်ခဲ့သော ကြောင့် ရာဇဂြိုဟ်ရေလှောင် တမံနှင့်ရေပိုလွှဲတွင် သစ်တုံးများ၊ အမှိုက်များ၊ စက်ယန္တရား ဖြင့် အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့အပြင် ၂၀၁၅ ခုနှစ် မိုးရာသီတွင် မြေပြိုမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီလီချောင်းပေါ် တွင် မြေပြိုကန်မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ကျိုးပေါက်ခဲ့သဖြင့် တမံအတွင်းသို့ သဲနုန်းများ ထပ်မံစီးဝင်ခဲ့ပြီး တမံရေပြည့် မှတ်အောက်တွင် သဲနုန်းအမြောက်အမြား တင်ကျန်ရစ်ပြီး အနည်ထိုင်မှုများ ပိုမို ဖြစ်ပေါ်ခဲ့ပါကြောင်း။
တမံအတွင်း သဲနုန်းများဝင်ရောက်မှုမှ ကာကွယ်ရန်အတွက် တမံအထက်ဘက် ၃.၅ မိုင် အကွာတွင် နုန်းဖမ်းဆည်တစ်ခုကိုလည်းကောင်း၊ ၁.၅ မိုင်အကွာတွင် သစ်လုံးကာတန်း (Log Boom) တစ်ခုကို ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီး၊ ၂၀၂၂ ခုနှစ် အထိ ပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် သဲနုန်းပို့ချမှုနှုန်းမှာ မူလတွက်ချက်ထားသည့် ဒီဇိုင်းထက် ပိုမိုဝင်ရောက်လာသည့် အနေအထား ရှိပါသဖြင့် အဆိုပါဖြစ်စဉ်ကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာအကူအညီများရယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ရာ ဂျပန်နိုင်ငံ မြေအသုံးချရေး၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism) မှ ပညာရှင်များသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် ကွင်းဆင်းလေ့လာပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင်ပင် အလားတူဖြစ်စဉ် နာဂါနိုစီရင်စုရှိ မာကီယိုရေလှောင်တမံ (Makio Dam) ၌ပင် သဲနုန်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းများကို ၁၂ နှစ်ကြာ ငွေကြေးများစွာ အကုန်အကျခံကာ ဆောင်ရွက်ခဲ့ရကြောင်း၊ တမံအတွင်း နှစ်စဉ်ဝင်ရောက်ခဲ့သော သဲနုန်းများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ၂၀၁၅-၁၆ ခုနှစ်မှ ၂၀၂၂-၂၃ ခုနှစ်အထိ စုစုပေါင်း သဲနုန်းကျင်း ၃ သိန်းကျော်ကို နုန်းစုပ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်တွင် နယ်မြေ အခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လများတွင် တမံရေယူ အဆောက်အအုံရှေ့၌ နုန်းနှင့်အမှိုက်များ ပိတ်ဆို့မှုများကို ဖယ်ရှားဆောင်ရွက်၍ စိုက်ပျိုးရေနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း နုန်းနှင့် အမှိုက်များ ဝင်ရောက်မှုများပြားလာခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ရပ်နားထားခဲ့ ရပြီး ရေပိုလွှဲမှကျော်ကျခဲ့သောရေအား တူးမြောင်းမကြီးမှတစ်ဆင့် ရေလွှဲသွင်း၍ မိုးစပါး အောင်ရေ ပေးဝေခဲ့ရပါကြောင်း၊ အကျိုးပြုစိုက်ပျိုးမြေဧရိယာ ပြည့်မီစွာပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် နှစ်စဉ်ဝင်ရောက်သော နုန်းပမာဏနှင့် တမံအတွင်း သိုလှောင်ရေ ပမာဏ တိုင်းတာမှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်ခြင်း၊ ရေယူအဆောက်အအုံရှေ့ သင့်တင့်သော အကွာအဝေးတွင် ယာယီရေတားတမံတစ်ခု တည်ဆောက်၍ နုန်းနှင့် အမှိုက်များကို ဦးစွာဖယ်ရှားပြီး ကျန်ရှိသောနုန်းများကို နှစ်အလိုက် အပိုင်းလိုက်ဖယ်ထုတ်ခြင်း၊ ရေယူအဆောက်အအုံ အနီးရှိ ကုန်းကျောတမံ (၂)အား ယာယီဖွင့်ဖောက်၍ တမံအောက်ဘက်သို့လည်းကောင်း၊ ကျန်ရေဝပ် ဧရိယာအတွင်းရှိ သဲနုန်းများကို စက်ယန္တရားများဖြင့် တမံဘေးဘက်သို့လည်းကောင်း စွန့်ပစ်ရန် ဆောင်ရွက်ခြင်း၊ ရေပိုမိုသိုလှောင်နိုင်ရန် ရေပိုလွှဲအတွင်း Shutter ရေတံခါးတစ်ခု ထည့်သွင်း တည်ဆောက်ခြင်းနှင့် တမံမြှင့်တင်ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ရေး စူးစမ်းလေ့လာမှုများ ပြုလုပ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ရာဇဂြိုဟ် ရေလှောင်တမံအတွင်း သဲနုန်းဖယ်ရှားရေးသည် လုပ်ငန်းပမာဏကြီးမားလွန်းခြင်း၊ ကုန်ကျစရိတ်များ ပြားနိုင်ခြင်းတို့ကြောင့် အချိန်ယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသတွင် မီးလင်းနိုင် ရေး၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ရာဇဂြိုလ်ဘက်စုံရေလှောင်တမံ ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများအား နယ်မြေအခြေအနေ ပေါ်မူတည်၍ သင့်လျော်သော အစီအမံများကို အဖက်ဖက်မှ ချင့်ချိန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။