နောက်ဆုံးရသတင်းများ
MY EN

(ဂ)-ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်) မေးခွန်း

2026-06-03
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဂ)-ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)
မန္တလေးဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ပွားများနေသော ဗေဒါပင်များကို ပိုမိုရှင်းလင်းနိုင်စေရေး၊ ထပ်မံမရောက်စေရေး၊ မပွားများစေရေးနှင့် သန့်ရှင်းသာယာသော အင်းရေ ပြင်ဖြစ်ရေးတို့အတွက် မည်သို့ဆောင်ရွက်ပေးသွားမည်၊ နွေရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုး မြေများ ယခုထက် ပေါ်ထွန်းလာစေရေးအတွက် ရေဝပ်ဧရိယာနည်းပါးအောင် မည်သို့ လုပ်ဆောင် သွားမည်၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝအလှတရား များဖြင့် လိုက်ဖက် ညီစွာ ပြန်လည်ဖြစ်ပေါ်လာစေရေး မည်သို့စီမံဆောင်ရွက်သွားမည်တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းသည် အရင်က ရေဝင်ရေလွှဲ ဒေသ တစ်ခုဖြစ်ပြီး ၎င်း၏သဘာဝပတ်ဝန်းကျင်သည် နွေဆိုလျှင် နွေအလှပုံရိပ်၊ မိုးရာသီဆိုလျှင် မိုးအလှပုံရိပ်၊ ဆောင်းရာသီဆိုလျှင် ဆောင်းအလှ ပုံရိပ်တို့ဖြင့် သုံးပန်လှ သဘာဝ အလှတရားတို့ဖြင့် ပြည့်စုံနေလျက် ကမ္ဘာကျော်ဦးပိန်တံတားကြီးနှင့် အထူးလိုက်ဖက်ခဲ့သည့် ဒေသ တစ်ခုဖြစ်ပါ ကြောင်း၊ ယခုအခါ တောင်သမန်အင်းအတွင်း နွေရာသီ နှင့် ဆောင်းရာသီတို့တွင် ရေထွက်နည်းပြီး ရေဝပ်ဧရိယာကျယ်ပြန့်စွာတည်ရှိနေခြင်း ရာသီသုံးမျိုးစလုံးတွင် ဗေဒါပင်များ ပြည့်နေခြင်းများ ကြောင့် စိုက်ပျိုးဧရိယာလျော့ပါးနေရခြင်းနှင့် အင်းရေပြင် ညစ်ညမ်းခြင်းများဖြစ်ပေါ်စေပြီး ရာသီ အလိုက်သဘာဝအလှတရားများ လျော့ပါးနေကြရပါကြောင်း၊ သက်ဆိုင်ရာ ဌာနအနေဖြင့် တောင်သမန်အင်းအတွင်း ဗေဒါပင်များကို အခါအားလျော်စွာ ဆယ်ယူနေမှုများ ဆောင်ရွက်နေကြ သော်လည်း ဗေဒါပင်ပွားများမှုနှင့် ဆယ်ယူမှုစက်ယန္တရား အရေအတွက် အင်အား မမျှတသည်ကို တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ တောင်သမန်အင်းအတွင်း ပွားများနေသော ဗေဒါပင်များကို ပိုမို ရှင်းလင်းစေရေး၊ ထပ်မံမရောက်ရှိစေရေး၊ မပွားများစေရေးနှင့် သန့်ရှင်းသာယာသော အင်းရေပြင်ဖြစ်ရေးတို့အတွက် မည်သို့ဆောင်ရွက်သွားမည်၊ နွေရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးမြေများ ယခုထက် ပေါ်ထွန်း လာစေရေးအတွက် ရေဝပ်ဧရိယာနည်းပါးအောင် မည်သို့လုပ်ဆောင်သွားမည်၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားကို ရာသီအလိုက် သဘာဝအလှတရားများဖြင့် လိုက်ဖက်ညီစွာ ပြန်လည်ဖြစ်ပေါ် လာစေရေး မည်သို့စီမံဆောင်ရွက်သွားမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
 

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် 
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်းပွားများနေသော ဗေဒါပင် များ ပိုမိုရှင်းလင်းနိုင်စေရေး၊ ထပ်မံမဝင်ရောက်စေ‌ရေး၊ မပွားများစေရေးနှင့် သန့်ရှင်းသာယာသော အင်းရေပြင် ဖြစ်စေရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်၊ နွေရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးမြေများ ယခုထက်ပေါ်ထွန်းလာစေရေးအတွက် ရေဝပ်ဧရိယာနည်းပါးအောင် မည်သို့ ဆောင် ရွက်သွားမည်၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝအလှတရားများဖြင့် လိုက်ဖက်ညီစွာ ပြန်လည်ဖြစ်ပေါ်စေရေး မည်သို့စီမံဆောင်ရွက်သွားမည်တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဆွေးနွေးဖြေကြားသွားမည်ဖြစ်ပါကြောင်း။
ဗေဒါပင်များကို ပိုမိုရှင်းလင်းနိုင်စေရေး အတွက် အင်းအတွင်းရှိ ရေ Level အား လျှော့ချမှသာ ရေကျသွားမည်ဖြစ်ပြီး ဗေဒါများအား အင်းမြေပြင်ပေါ်သို့ စုပုံကျသွားမည်ဖြစ်ရာ ၎င်းစုပုံကျသွား သော ဗေဒါများအားစုစည်းပြီး ယာဉ်ယန္တရားများဖြင့် ဆယ်ယူစွန့်ပစ်မည်ဆိုပါက ဗေဒါများပိုမို ရှင်းလင်း နိုင်မည်ဖြစ်ပါကြောင်း၊ ထပ်မံမဝင်ရောက်စေရေးအတွက် အင်းအတွင်းရေဝင်သည့် နေရာ တွင် ဗေဒါစစ်ဇကာများထားရှိ၍ ဗေဒါထပ်မံမရောက်ရှိစေရေး တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်းရာသီနှင့်နွေရာသီတို့တွင် စိုက်ပျိုးမြေများ ယခုထက် ပေါ်ထွန်းစေရေးအတွက် အင်းအတွင်း ဆောင်းရာသီနှင့်နွေရာသီတို့တွင် ရှိသင့်သည့်ရေ Level အတိုင်းသာထားရှိမည်ဆိုပါက ရေဝပ် ဧရိယာ နည်းပါးသွားပြီး စိုက်ပျိုးမြေများ ယခုထက် ပိုမိုပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ တောင် သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝတရားဖြင့်လိုက်ဖက်ညီစွာ ပြန်လည်ပေါ်ထွန်း လာ စေရေးအတွက် တောင်သမန်အင်းပတ်လမ်းနှင့် ဦးပိန်တံတား ပတ်ဝန်းကျင်အား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပန်းအလှပင် များ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
တောင်သမန်အင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးလုပ်ငန်း ဦးစီး ဌာနမှ တာဝန်ယူကြီးကြပ်ပြီး အင်းအတွင်း ငါးမွေးမြူရေးလုပ်ငန်းများအား ငါးလုပ်ငန်းရှင်များသို့ တိုင်းအစိုးရမှတစ်ဆင့်လေလံပေးပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် အင်းအတွင်း ဗေဒါဆယ်ယူခြင်းလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလေလံလုပ်ငန်းရှင်များမှ အင်းရေပြင် ဗေဒါကင်းစင်ပြီး သန့်ရှင်းနေစေရေးအတွက် ဗေဒါများအား အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းနိုင်ရေး ကြပ်မတ်ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ ၂၀-၃-၂၀၂၆ ရက်အထိ ဗေဒါဆယ်ယူခြင်းလုပ်ငန်းများ ကို မြို့တော်စည်ပင်မှ Back Hoe အကူအညီပေး၍ တောင်သမန်အင်းဆွဲဝယ်ယူသူမှ စက်သုံးဆီနှင့် လူအင်အားကူညီ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀-၃-၂၀၂၆ ရက်နောက်ပိုင်းတွင်ဆီရရှိရေး အခက် အခဲဖြစ်ပေါ်သောကြောင့် ခေတ္တယာယီရပ်နားထားပြီး တောင်သမန်အင်း ဂရန်ကိုင်မှ ဗေဒါဖြတ် ဖောင်ငယ်ဖြင့် တစ်ပိုင်တစ်နိုင် ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း။
၂၀၂၆ ခုနှစ် မေလမှစ၍ ဗေဒါပင်များ အင်းရေပြင်သို့ မရောက်ရှိစေရေးကို အင်းဂရန်ကိုင်မှ မျောတိုင်ကြီးများ၊ ပိုက်များဖြင့်ကာရံပြီး ရေကျချိန် ကုန်းပေါ်တင်ကျန်ရစ်အောင် ဆောင်ရွက်လျက် ရှိပြီး၊ ဗေဒါပင်အခြောက်များကို တောင်သူများမှ မြေဆွေးပြုလုပ်အသုံးချရန် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် အင်းရေပြင်မှ ရေများပိတ်ဆို့တားဆီးခြင်းမရှိပဲ ဧရာဝတီမြစ်သို့ စီးထွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများကို ယခုထက်ပေါ်ထွန်းစေရေးအတွက်လည်းကောင်း၊ ရေစီး အထွက်နှုန်း ပိုမိုမြန်ဆန်မှသာ ဗေဒါပင်များကို ကုန်းပေါ်တင်ကျန် ရှင်းလင်းနိုင်စေရေးအတွက် ရေထွက် လမ်းကြောင်းတစ်လျှောက် ဗေဒါပင်များ ရှင်းလင်းရေးကိုလည်း ဆက်လက်စီမံ ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
 

မေးခွန်း
မေးခွန်း

ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
တောင်သမန်အင်း၏ နွေနှင့် ဆောင်းကာလ၌ ရေဝပ်ဧရိယာ ဧက ၁၀၀ ခန့်၊ မိုးရာသီ ဝါဆိုဝါခေါင် ကာလတွင် အင်းရေပြည့်ချိန် မိမိတို့သည် သန့်ရှင်းသောရေတွင် ရေကူးရေချိုးခြင်းများဖြင့် ပျော်စရာ ဘဝကို ဖြတ်သန်းခဲ့ ကြရပါ ကြောင်း၊ ၁၉၉၆ ခုနှစ်က တောင်သမန်ကန်ဟု ပြောင်းလဲဆောင်ရွက်ရန် နှုတ်အားဖြင့် လမ်းညွှန်ခဲ့သည်ဟုဆိုကာ ခန့်မှန်း ၄ ပေအမြင့်ဖြင့် လက်ပန်းဖြူရေထိန်းတံခါး ပြုပြင် သုံးစွဲချိန်မှစ၍ ရေများ မထွက်နိုင်တော့ဘဲ မိုးရာသီမဟုတ်သည့် နွေနှင့်ဆောင်းကာလများတွင် ရေဝပ်ဧရိယာ ဧက ၂၀၀၀ ခန့်အထိ တည်ရှိနေခြင်းကြောင့် လယ်ယာစိုက်ပျိုးမြေများ အင်းရေပြင် မှာ တိမ်မြုပ်ပျောက်ကွယ်၍ လယ်ပိုင်ရှင် တောင်သူလယ်သမား ဘဝမှ တံငါသည်ဘဝကို ရောက်ရှိ ခဲ့ရပါကြောင်း၊ ၁၂ ရာသီခြင်ပေါခြင်းစသည့် ဆိုးကျိုးသံသရာမှရုန်းထွက် မနိုင်အောင် ဖြစ်ခဲ့ရပါ ကြောင်း၊ ထို့အပြင် မိမိတို့ ငယ်စဉ်ကလို လက်ရှိအင်းရေတွင် ဆင်းရေချိုးမည် ဆိုလျှင် အရေပြား အထူးကုဆရာဝန်ကို ကြိုတင်စုံစမ်း သိရှိထားရမည့် သဘောဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ပါအတိုင်း စိုက်ပျိုးမြေများလည်း ပြန်လည်ဖော်ထုတ်စေရေး အတွက်လည်းကောင်း၊ တောင်သမန်ရေပြင် သန့်ရှင်းသာယာလှပရေး အတွက်လည်းကောင်း၊ ပြည်သူများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေး အတွက်လည်းကောင်း လက်ပန်းဖြူ တံတားကို ရေတံခါးတွင်လုပ်ဆောင်ထားသည့် ရေထွက်မှု ထိန်းထားသည့်တုတ်ကို ရေထွက်နိုင်သည့်အထိ လျှော့ချပေးရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက နယ်မြေကွင်းဆင်းပြီး ပြုပြင်ဆောင်ရွက်ပေး နိုင်ပါရန် တစ်ဆက်တစ်စပ်တည်းမေးခွန်းကို မေးမြန်းခဲ့ပါသည်။
 

မေးခွန်း
မေးခွန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် 
ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရနှင့်ညှိနှိုင်းပြီး ကျိုးကြောင်း အချက် အလက် ပြည့်စုံစွာဖြင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်တင်ပြ သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။