(ခ) ဦးလှဆွေ (ပုဗ္ဗသီရိမဲဆန္ဒနယ်)
တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်ကျေးရွာသို့ ရေတို၊ ရေရှည်အစီအမံများ ချမှတ်၍ ကျောက်ချောလမ်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သစ်စိမ့်ပင်ရွာသည် မြို့နှင့် မိုင် ၂၀ လောက်ဝေးပါကြောင်း၊ ရှစ်ရွာအုပ်စုဖြစ်ပြီး လူဦးရေ ၅၀၀၀ လောက်နေထိုင်ပါကြောင်း၊ ခရိုင်ချင်းဆက်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး ထိုရွာများမှ ခရိုင်ချင်း ဆက်လမ်းကို ရောက်ရန် ပေပေါင်း ၁၈၀၀၀ ခန့်လိုအပ်ပါကြောင်း၊ ထိုလမ်းသည် မည်သည့်အချိန်ကမှ လမ်းဖောက်လုပ်ခဲ့ခြင်းမရှိ သည့် လမ်းတစ်ခုဖြစ်ပြီး ယခုအချိန်တွင် နေပြည်တော်၏ အဆင့်အတန်းနှင့် လျော်ညီသည့် လမ်းတစ်ခု ဖောက်ပေးရန်လိုပါကြောင်း၊ ထော်လာဂျီများ၊ ဆိုင်ကယ်များ၊ ခွေးဘီလူး ကားများသည် မိုးတွင်းတွင် ညာဘက်ကွေ့လျှင် ဘယ်ဘက်သို့ လျောကျသွားသည့် အနေအထားမျိုး တွေ့ရပါကြောင်း၊ ထိုလမ်းကို ယခုနှစ်ဘတ်ဂျက် မမီလျှင် ရှေ့နှစ်ဘတ်ဂျက်များတွင် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ /မရှိမေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ်
တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်အုပ်စု ချင်းစုကြာပင်အင်းကျေးရွာချင်းဆက် လမ်းတွင် လက်ရှိ လေးမိုင်အရှည် Class A လမ်းအဆင့်ရှိသည့် မြေသားလမ်းအမျိုးအစားဖြစ်ပြီး လမ်းအကျယ်မှာ ၁၆ ပေမှ ပေ ၂၀ အတွင်းဖြစ်ပါကြောင်း၊ ဆည်တိုကြာပင်အင်းကျေးရွာချင်းဆက် လမ်းသည်လည်း လက်ရှိ နှစ်မိုင်အရှည် Class A လမ်းအဆင့်ရှိ မြေသားလမ်းအမျိုးအစားဖြစ်ပြီး လမ်းအကျယ် ၁၂ ပေမှ ၁၆ ပေအတွင်းရှိပါကြောင်း၊ ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက် မည်ဆိုပါက လမ်းအကျယ် အနည်းဆုံး ၂၄ ပေရရှိရန် လိုအပ်ပါကြောင်း၊ ခရိုင်ချင်းဆက်လမ်းမှ ချင်းစုကြာပင်အင်းကျေးရွာချင်းဆက်လမ်း အရှည် လေးမိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ဆည်တိုကြာပင်အင်းကျေးရွာချင်းဆက်လမ်း နှစ်မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဆိုပါက ကျေးရွာလေးရွာ၊ အိမ်ခြေ ၇၅၄ အိမ်၊ လူဦးရေ ၂၈၄၂ ဦး အကျိုးပြုမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်ကျေးရွာသို့ ရေတိုရေရှည် အစီအမံများချမှတ်၍ ကျောက်ချောလမ်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရန် အစီအစဉ်နှင့်ပတ်သက်၍ ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ပြည်ထောင်စု နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အပိုင်းလိုက် လျာထား တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။