ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် လက်ကျန်ဆီများရှိနေပါလျက်နှင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဈေးနှုန်းချက်ချင်းမြှင့်တင်ပြီး အမြတ်ကြီးစားနေသော ဆီဆိုင်များအား မည်သို့သော ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်၊ ရှမ်းပြည်အရှေ့ပိုင်းရှိမြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့မှုကန့်သတ်လာပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရတွင် မည်သို့သော အစီအစဉ်နှင့် အစားထိုးဝယ်ယူမည့်လမ်းကြောင်းများ ပြင်ဆင်ထားသည်ကို သိရှိလိုခြင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကော်မတီအနေဖြင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် ပြတ်လပ်မှု ရှိ မရှိ၊ မတန်တဆဈေးနှုန်းများအား ထိန်းညှိပေးရန် အစီအစဉ်ရှိ မရှိနှင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုမှ ပြည်သူလူထုကို ကာကွယ်ပေးရန် အတွက် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ) စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)
မိမိတင်ပြဆွေးနွေးမည့် အကြောင်းအရာမှာ ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှာ အခြေ အနေအရပ်ရပ်ကို အကြောင်းပြပြီး စက်သုံးဆီဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချနေမှု အပေါ် တွင် အစိုးရမှမည်သို့ ထိန်းကျောင်းကြပ်မတ်ပေးမည် ဆိုသည့်မေးခွန်းနှင့်စပ်လျဉ်းပြီး မေးမြန်းသွား မည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဖြစ်ပေါ်နေသည့် အီရန်-အမေရိကန်- အစ္စရေး စစ်ပွဲ ပဋိပက္ခ များကြောင့် ကမ္ဘာ့ရေနံဈေးကွက်များသည် မတည်မငြိမ် ဖြစ်နေသည်ကို အားလုံးသိရှိပြီး ဖြစ်ပါ ကြောင်း၊ ၁-၃-၂၀၂၆ ရက်နေ့တွင် အိမ်နီးနားချင်း ထိုင်းအစိုးရသည် စက်သုံးဆီကို ပြည်ပတင်ပို့မှု ကန့်သတ်လိုက်သည့်သတင်း ထွက်ပေါ်ပြီးသည် နှင့်တစ်ပြိုင်နက် ပြည်တွင်းမှာရှိနေသည့် အဓိက ကတော့ မိမိ တို့ ရှမ်းပြည်နယ် (တောင်ပိုင်း)(အရှေ့ပိုင်း)မှာရှိနေသည့် စက်သုံးဆီ အရောင်းဆိုင် များသည် မိမိတို့၏လက်ဝယ်တွင် ပုံမှန်ဈေးနှင့် ဝယ်ယူစုဆောင်းထားပြီးသည့် စက်သုံးဆီ လက်ကျန် များ ရှိနေပါလျက်နှင့် ဈေးနှုန်းကို ချက်ချင်းဆိုသလို မြှင့်တင်ရောင်းချနေသည်ကို တွေ့မြင် သိရှိရ ပါကြောင်း၊ ပုံမှန်ဈေး တစ်လီတာ ၃၀၀၀ ကျပ်နှုန်းနှင့် ရောင်းနေသည့်အချိန်တွင် ချက်ချင်းဆိုသလို ၆၅၀၀ ကျပ်ဖြစ်သွားပါကြောင်း၊ ထိုကြောင့် အများပြည်သူ အပေါ် အခွင့်အရေးယူခေါင်းပုံဖြတ်မှုသည့် ကုန်စည်စီးဆင်းမှုသည် လူနေမှုဘဝများစွာထိခိုက် စေပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြား စေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းများဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာ အစိုးရဌာနအနေဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ နောက်နောင် ၎င်းဖြစ်ရပ်မျိုး ထပ်မဖြစ်ရလေအောင် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဌာနကို အောက်ပါ အချက်များနှင့် မေးမြန်း သွားမှာဖြစ်ပါကြောင်း -
(၁) လက်ကျန်ဆီများ ရှိနေပါလျက်နှင့် အကြောင်းပြချက်အမျိုးမျိုးကြောင့် ဈေးနှုန်းကို ချက်ချင်း မြှင့်တင်ပြီး အမြတ်ကြီးစားလုပ်နေသော ဆီဆိုင်များကို မည်သို့သော ထိရောက် သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်နည်း၊
(၂) ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့များတွင် အိမ်နီးနားချင်းနိုင်ငံများမှ တင်ပို့မှုကန့်သတ် လာပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရတွင် မည်သို့သော အစီအစဉ်နှင့် အစားထိုးဝယ်ယူမည့်လမ်းကြောင်းများ ပြင်ဆင်ထားသည်ကို သိရှိလိုခြင်း၊
(၃) စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီအနေဖြင့် ဆီဆိုင် များတွင် ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် ပြတ်လပ်မှုရှိ မရှိ၊ မတန်တဆဈေးနှုန်း များအား ထိန်းညှိပေးရန် အစီအစဉ်ရှိ မရှိ၊
(၄) စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှု၊ ပြည်သူလူထုကို ကာကွယ်ပေးရန်အတွက် အရေးကြီးကုန်စည်နှင့် ကုန်စည်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ လင်းခေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ(ခ) စိုင်းဆေဟန် မေးမြန်းသည့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် လက်ကျန် ဆီများရှိနေပါလျက်နှင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဈေးနှုန်းများ ချက်ချင်းမြှင့်တင်ပြီး အမြတ်ကြီးစားနေသော ဆီဆိုင်များအား မည်သို့ သော ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့မှုကန့်သတ် လာပါက ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အစိုးရတွင် မည်သို့သောအစီအစဉ်နှင့် အစားထိုးဝယ်ယူ မည့်လမ်းကြောင်းများ ပြင်ဆင်ထားသည် ကို သိရှိလိုခြင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကော်မတီအနေဖြင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် ပြတ်လပ်မှုရှိ မရှိ၊ မတန်တဆဈေးနှုန်းများ အား ထိန်းညှိပေးရန် အစီအစဉ်ရှိ/မရှိနှင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုမှ ပြည်သူ လူထုကို ကာကွယ်ပေးရန်အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားသွားမည်ဖြစ်ကြောင်း၊
မိမိဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရန် အစီအမံ များ ချမှတ် ဆောင်ရွက်လျက်ရှိသောကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိပါကြောင်းနှင့် စက်သုံးဆီပုံမှန် ရောင်းချပေး နိုင်သည့်အခြေအနေရှိပါကြောင်း ၊စက်သုံးဆီ လက်ကျန်ရှိလျက်နှင့် ရောင်းချပေးခြင်းမရှိပါက ဖုန်း ဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့်တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များကိုလည်းအများပြည်သူ သို့ ကြေညာထားရှိပြီး ဖြစ်ပါကြောင်း၊ စက်သုံးဆီခြိုးခြံ ချွေတာရေးအတွက် မော်တော်ယာဉ်များကို QR Code/ Bar Code များအား Scan ဖတ်၍ အရောင်းဆိုင်များအလိုက် ရောင်းချပေးမှုပမာဏကို ထိန်းကျောင်းရောင်းချပေးနေမှု အခြေအနေများကိုလည်း သတင်းမီဒီယာတို့မှ အခါအားလျော်စွာ ထုတ်လွှင့်ကြေညာ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသည့်ဌာနများအနေဖြင့်လည်း စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီများ အချိန်မီ ဖြည့်တင်းရောင်းချပေးနိုင်ရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချနိုင်ရေးတို့ကို နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ စည်းကမ်း ဖောက်ဖျက် သည့်အရောင်းဆိုင်များအား စစ်ဆေးတွေ့ရှိရခြင်းနှင့် တိုင်ကြားလာမှုများ အပေါ် မှန်ကန်ကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်များအား အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခဲ့သည့် မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင် ၆ ဆိုင်အား ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေပုဒ်မ ၃၄ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်သူ များမှ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် အရောင်းဆိုင်များမှ ဈေးတင်ရောင်းချခြင်းများမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်များအလိုက် ရည်ညွှန်း လက်လီဈေးနှုန်းများကို စိစစ်တွက်ချက်ပြီး အများပြည်သူသိစေရန် နေ့စဉ်ထုတ်သတင်းစာများမှာ ဖော်ပြကြေညာပေးလျက်ရှိပါကြောင်း၊ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲ ရာတွင် ကျေနပ်မှုမရှိပါက တိုင်ကြားရန် Call Center ဖွင့်လှစ်ထားရှိပြီး လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာထားရှိကာ စက်သုံးဆီအရောင်းဆိုင်များမှ သတ်မှတ် ရည်ညွှန်း ဈေးအတိုင်း ရောင်းချနိုင်ရေး ညွှန်ကြားကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြား လာမှု အပေါ်မှန်ကန်ကြောင်း စိစစ်တွေ့ရှိပါကဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် လျက် ရှိပါကြောင်း၊
ရှမ်းပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးထားရှိမှုအနေဖြင့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၅၉၁ ဆိုင်၊ ရေနံဓာတ်ငွေ့ရည်လုပ်ငန်း ၉၀ ခုနှင့် ဆီသယ် ဘောက်ဆာကြီးကြပ်လက်မှတ် ၂၂၆ ခု ထုတ်ပေးထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်မှု တို့ဖြင့် ခရိုင်နှင့်မြို့နယ်များမှ စက်သုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းစစ်ဆေးခြင်း၊ အခြင်အတွယ် စစ်ဆေးခြင်း၊ အရည်အသွေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ၂၀၂၆ ခုနှစ်၊ မတ်လ ပထမအပတ်တွင်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရှမ်းပြည်နယ် အတွင်း စက်သုံးဆီ ပြတ်လပ်မသွားစေရေး၊ လက်ကျန်ဆီရှိပါလျက် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဈေးနှုန်းများမြှင့်တင်ရောင်းချနေမှုကို အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင် စေရေး တို့အတွက် ရှမ်းပြည်နယ်၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များရှိ အိမ်နီးချင်းနိုင်ငံများမှ စက်သုံးဆီတင်ပို့မှု ကန့်သတ်လာ ပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပင်လယ်ရေကြောင်းမှတင်သွင်းသည့် စက်သုံး ဆီကုမ္ပဏီများမှ တစ်ဆင့် စက်သုံးဆီပြန်လည်ရရှိနိုင်ရေးနှင့် ရန်ကုန်-နေပြည်တော်-တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးအတိုင်း သယ်ယူဖြန့်ဖြူးနိုင်ရေး အစီအမံများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊
ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ် ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဖွဲ့ဝင်များက ရှမ်းပြည်နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အမှန်တကယ် ဆီပြတ်လပ်မှုရှိ မရှိ ပုံမှန်၊ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီး မတန်တဆဈေးနှုန်းများဖြင့် ရောင်းချမှုမရှိ စေရန်နှင့် စီးပွားရေးသမားများ၏ခေါင်းပုံဖြတ်မှုမှ ကာကွယ်ပေးနိုင်ရေး သတင်းစုံစမ်းဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်သည်ကို စိစစ်တွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)က က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဖြေကြားသွားသည်ကို ကျေးဇူးတင်ပါကြောင်း သို့သော် ဆက်စပ်မေးခွန်းအနေဖြင့် ထပ်မေးလိုသည်မှာ မိမိတို့တွင် ခွဲတမ်းဆီ ဆိုတာရှိပါကြောင်း၊ ယခု ကျောင်းဖွင့်သည့်အချိန် ကလေးများ ပညာ သင်ကြားရန်အတွက် မိဘများမှ ကလေးများကို ကျောင်းသွားပို့ရာတွင် အဓိကကတော့ နယ်တွင် ဖြစ်ပါကြောင်း၊ အစိုးရက ခွင့်ပြုထားတာသည်မှာ တစ်ပတ်ကို (၂) ကြိမ်၊ ဥပမာ ဆိုင်ကယ်ဆိုလျှင် ၈ လီတာ ရသည့်အတွက် မလောက်ပါကြောင်း၊ သို့သော် ဆီလည်းကန့်သတ်ထားပြီး၊ ယခုတွေ့မြင်ကြား သိနေရသည့် စုံ/ မ ဂဏန်း သည် အဆင်မပြေကြောင်း၊ မိဘပြည်သူများအတွက် ပြဿနာ ဖြစ်နေပါ ကြောင်း၊ ကလေးများ ကျောင်းသွားပို့သည့်အချိန်တွင် တချို့အိမ်ဆိုလျှင် မ ဂဏန်း၊ စုံ ဂဏန်း ဆိုင်ကယ် နှစ်စီး မရှိပါကြောင်း၊ ထို ဆိုင်ကယ်၊ ကားများ သည် လိုင်စင်ရှိမှ အကျုံးဝင်မည်ဖြစ်ကြောင်း၊သို့သော် နယ်များတွင် လိုင်စင်မရှိသည်ကများကြောင်း၊ ယခုဖြစ်ပျက်နေသည်အရ စုံ/မ သည် ပြဿနာဖြစ်နေ ပါကြောင်း၊အဘယ်ကြောင့်ဆိုသော် မိမိလည်းနေပြည်တော်တွင်အစည်းအဝေးတက်ရန်လာသည့် အချိန် တွင် စုံ/မ ကြည့်ပြီးလာရပါကြောင်း၊ ထိုအချိန် မိမိတို့ဂိတ်ရောက်လျှင် ကားနံပါတ်များက မ ဂဏန်း ဖြစ်ပြီး ရက်သည် စုံ ရက် ဖြစ်နေသည့်အတွက် စုံ/မ ကိစ္စသည်ပြဿနာကြီးဖြစ်နေပါကြောင်း၊ ယခု တင်ပြ ဆွေးနွေး လိုသည်မှာ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ထို စုံ/မ ကိစ္စကို မည်သို့ ဖြေရှင်းပေးမည် ကို မေးမြန်း လိုပါကြောင်း၊
စက်ဆီများကို အဆမတန် ဈေးမြှင့်ပြီး ရောင်းနေခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း၊ လင်းခေးနှင့် မိုးနဲ၊ တွန်းဇံနှင့် နှစ်ကီလိုသာ ကွာဝေးကြောင်း၊ မိုးနဲတွင် B.O.C ဓာတ်ဆီဆိုင် ရှိပါ ကြောင်း၊ ထို မိုးနဲတွင် ဓာတ်ဆီ ၉၂ တစ်လီတာကို ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းနေသည့်အချိန်တွင် မိမိ တို့လင်းခေးမှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၈၅၀၀ ၊ ဘယ်လောက်ကွာခြားလဲဆိုရင် ၃၃၀၀ကျပ် ကွာကြောင်း၊ မိမိမှာ သွားရောက်မေးမြန်းရာတွင် ခွဲတမ်းက ၄၀ သာရကြောင်း၊ မိမိတို့မြို့သည်မြို့ငယ်ဖြစ်သည့်အတွက် ခွဲတမ်း ၄၀ ဆိုရင် ပေပါပုံး ၁၀၀ မှာ ၄၀ ရလျှင် လုံလောက်ပါကြောင်း၊ ဝန်ကြီးမှ အရေးယူမည် ပြော သော်လည်း ပြည်သူများမှာ ခက်ခဲနေလျက်ရှိပါကြောင်း၊ထို့ကြောင့် လင်းခေးတွင် စက်သုံးဆီ တရားဝင် ၃ ဆိုင်ရှိ သည့်အတွက် သက်ဆိုင်ရာဌာနကို အကူအညီတောင်း၍ ဈေးနှုန်းများ ပြန်လည်ညှိနှိုင်းပေးရန် တောင်းဆိုလိုပါကြောင်းပြောကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း
မော်တော်ယာဉ် စုံ/မ သတ်မှတ်မှုအနေဖြင့် စက်သုံးဆီချွေတာရေးသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒဖြစ်ပါကြောင်း၊ ဒုတိယအချက်မေးထားသည့် လိုင်စင်မရှိသည့် မော်တော် ယာဉ်များကို ဓာတ်ဆီရောင်းချပေးမှု အနေဖြင့် လိုင်စင်မရှိသည့်ယာဉ်သည် တရားဥပဒေအရ တရား မဝင်သည့်အတွက် QR Code စနစ်တွင် ထည့်သွင်းဖော်ပြထားခြင်းမရှိသောကြောင့် လိုင်စင် မရှိသည့်ယာဉ်များကို ရောင်းချပေးမှုသည်တရားမဝင်ပါကြောင်း၊ လင်းခေးဒေသရှိ စက်သုံးဆီခွဲ တမ်း မှာ QR Code စနစ်တွင် အမှန်တကယ်ရောင်းချနိုင်ပါကြောင်း၊ ရောင်းကုန်လျှင်လည်း မိမိတို့မှ စက်သုံးဆီခွဲဝေပေးမှုကိုလည်း ရောင်းကုန်သလောက် ခွဲဝေပေးလျက်ရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့ပါသည်။