(ဂ)- ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်)
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများအား မည်သည့် အချိန်၌ ရရှိမည်၊ မည်သို့မည်ပုံ ခွဲဝေဖြန့်ဖြူးနိုင်မည့်အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
မိမိတို့မြို့သည် ၂၀၂၃ ခုနှစ်၊ ၁၀ လပိုင်းမှ စတင်ပြီး နယ်မြေမတည်မငြိမ်ဖြစ်ကာ ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အတွက် လျှပ်စစ်ဓာတ်အားများလည်း ပြတ်တောက်ခဲ့ရပါကြောင်း ၊ အချို့ နေရာများ တွင်လျှပ်စစ်ထရန်စဖော်မာအိုးများခိုးယူခံရခြင်း၊ ဓာတ်ကြိုးများခိုးယူခံရခြင်း ၊ ဓာတ်အား ခွဲရုံ များ ဖျက်ဆီးခြင်းကိုလည်း ခံခဲ့ရသည့်အတွက် ယခုအခါလျှပ်စစ် မီးမရရှိသည်မှာ ၃ နှစ် နီးပါး ရှိပြီ ဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိတဲ့အတွက် ဒေသအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဆက်သွယ်ရေး များမှာ အင်မတန်ခက်ခဲပါကြောင်း၊ သီပေါမြို့နယ်တွင် ဖုန်းပြောနိုင်ရန် တစ်နေ့လျှင် ကျပ်ငွေသိန်း ၁၁၀ ခန့် ဆီဖိုးကုန် နေပါကြောင်း၊ လျှပ်စစ်မီးမရရှိသည့် အတွက် ပြည်သူများအနေဖြင့် ဆိုလာစနစ်ကို အစားထိုးသုံးစွဲ နေရပါကြောင်း၊ တချို့ဆိုလျှင် ဓာတ်ဆီ အသုံးပြု၍ မီးစက်များဖြင့် အသုံးပြုနေရပါကြောင်း၊ ဓာတ်ဆီဆို လျှင်လည်း နိုင်ငံတော်၏ ခွဲတမ်းမရသည့်အတွက် ၁ လီတာကို ကျပ် ၁၂,၀၀၀ မှ ကျပ် ၂၅,၀၀၀ အထိ ရှိနေပါကြောင်း၊ လက်ရှိ မိမိကိုယ်တိုင် စက်သုံးဆီ တစ်လီတာကို ကျပ် ၁၂,၀၀၀ ပေး၍ ရပါကြောင်း၊ ဒေသ၏ လိုအပ်ချက်များကို တင်ပြရခြင်း ဖြစ်ပါ ကြောင်း၊
သီပေါမြို့နယ်အတွက် လျှပ်စစ်မီးကိစ္စသည် အရေးကြီးပါကြောင်း၊ သီပေါ်မြို့လျှပ်စစ်မီး ရလျှင် ကျောက်မဲမြို့၊ နမ့်လန်ဒေသ၊ ဆောင်ကြဲဒေသများကိုလည်း လျှပ်စစ်မီးရရှိမည်ဖြစ်ပါကြောင်း၊ ၁၇-၅-၂၀၂၆ ရက်နေ့မှာ ပြည်ထောင်စုဒုတိယဝန်ကြီးလာရောက် ပြီး သီပေါမြို့ရှိ ဓာတ်အားခွဲရုံများ ကို လာရောက်ကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ မှာကြားပေးသွားသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊
လျှပ်စစ် ၆၆ ကေဗွီ သွယ်တန်းရာတွင် မန်စံနှင့် သီပေါကြား၌ များစွာ အခက်အခဲ ကြုံတွေ့ နေရသည်ကိုလည်း တွေ့ရပါကြောင်း၊ မိုင်းကွင်းများရှိသည့် အတွက် တာဝါတိုင်များကို သွားရောက်သွယ်တန်းသည့် အခါ ပေ ၂,၅၀၀ မှာ အခက်အခဲများဖြစ်နေသည်ကိုမိမိအနေဖြင့် သိရှိရပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးစားပေးမှုကိုလည်း မိမိအနေဖြင့်များစွာ အသိအမှတ်ပြုလို သည်ကိုဒီနေရာမှပြောကြားလိုပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများအား မည်သည့်အချိန်၌ ရရှိမည်၊ မည်သို့ခွဲဝေဖြန့်ဖြူးနိုင်မည့် အစီအစဉ်များအား သိရှိလိုပါကြောင်း မေးခွန်းမေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အား ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း လိုင်းအရှည် ၂၃.၁ မိုင်ကနေမှ ဓာတ်အားရယူပြီးတော့မှ သီပေါမြို့နယ်ပေါ်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ၏ ၆၆/၃၃ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာမှတစ်ဆင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ကျောက်မဲမြို့၊ နမ့်လန်မြို့နှင့် ဆောင်ဗြဲကျေးရွာအုပ်စုများကိုလည်းကောင်း၊ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေထရန်စဖော်မာဖြင့် သီပေါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လည်းကောင်း ဖြန့်ဖြူးပေးထားခြင်းဖြစ်ပါကြောင်း၊ ၂၆.၆.၂၀၂၄ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီဓာတ်အားလိုင်းများနှင့် သီပေါမြို့နယ်အတွင်းမှာရှိသည့် ကျေးရွာများ တွင် ဓာတ်အားဖြန့်ဖြူး ပေးထားသည့် အချို့ ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ သီပေါ မြို့အား တပ်မတော်မှ ပြန်သိမ်းပိုက်ရရှိပြီး နောက်ပိုင်းတွင်ဖြစ်သည့် ၁၇.၁၁.၂၀၂၅ ရက်နေ့မှစပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများ နှင့် ဝန်ထမ်းအင်အား စုစုပေါင်း (၁၈)ဦးဖြင့် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံအား ပြုပြင်ခဲ့ရာမှာ ၁၀၀ ရာခိုင်နှုန်းပြုပြင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၆၆ ကေဗွီ မန်စံ-သီပေါဓာတ်အားလိုင်း ကိုလည်း ၁၂.၂.၂၀၂၆ ရက်နေ့တွင် စစ်ဆေးပြုပြင်ပြီးဖြစ်ပါကြောင်း၊
သီပေါမြို့ပေါ်ရပ်ကွက်များရှိ ပျက်စီးသွားသည့် ၁၁ ကေဗွီဓာတ်အားလိုင်း ၁.၀၅ မိုင်၊ ၁၁/၀.၄ ကေဗွီဖြန့်ဖြူးရေး ထရန်စဖော်မာ ၂၉ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၂.၇၈ မိုင် ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သီပေါမြို့အား ယာယီဓာတ်အားပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပိုင်ဆိုင်သည့် ၆၆၅ ကီလိုဝပ်နှင့် ၁၆၅ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးဖြင့် မြို့ပေါ်မှာရှိသည့် ဌာနဆိုင်ရာရုံး ၄၀ ရုံးကို တစ်နေ့လျှင် ၆ နာရီလျာထား ဖြန့်ဖြူးပေးလျက်ရှိပြီး ဓာတ်အားပေးစက်အတွက် လိုအပ်သည့် စက်သုံးဆီကိုမိမိတို့ဝန်ကြီးဌာနမှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ သီပေါမြို့မှာရသည့် ၆၆ ကေဗွီဓာတ်အားခွဲရုံနှင့် မြို့တွင်း ဓာတ်အား ဖြန့်ဖြူးပေးမည့် ၁၁ ကေဗွီ ၄၀၀ ဗို့အား ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ ကို ပြန်လည်ပြုပြင်ထားပြီး ဖြစ်ပါသဖြင့် သီပေါမြို့အား ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း မှတစ်ဆင့် ဓာတ်အား ပြန်လည် ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးဌာနမှ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ကို ၂၀.၃.၂၀၂၆ ရက်နေ့တွင် တင်ပြထားရှိပြီး ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးပါက ၂၃၀ ကေဗွီ မန်စံပင်မခွဲရုံ၊ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ သီပေါဓာတ်အားခွဲရုံမှတစ်ဆင့် သီပေါမြို့ပေါ် ရပ်ကွက် ၁၁ ခုအား ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ပြီး ကျေးရွာများ ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ကျေးရွာများတွင်ရှိသည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပျက်စီးမှု အခြေအနေကို လတ်တလောတွင် စိစစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နယ်မြေအခြေအနေအရ စစ်ဆေး ပြုပြင်ပြီးမှ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။