Skip to main content

တရားသူကြီးများ မြို့နယ်တစ်ခု၊ နေရာတစ်ခုတွင် နှစ်ကာလကြာရှည်စွာ တာဝန်မထမ်းဆောင်ရဘဲ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေသည့် အစဉ်အလာရှိသည်ကို တွေ့ရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးကြီးငယ်မဟူ တစ်နေရာတည်းတွင် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ရပါက ၎င်းတာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်မှာသာ ကျွမ်းကျင်မှုရှိပြီး အခြားနေရာများ၏ လုပ်ငန်းသဘာဝကို နားလည်ရန်ခက်ခဲပါလိမ့်မယ်။ ထို့အပြင် မလိုလားအပ်သော ကိစ္စများလည်း ပေါ်ပေါက်နိုင်ပါသောကြောင့် အနေကြာဝန်ထမ်းများအား လှည့်လည်တာဝန်ပေးအပ်ခြင်း လိုအပ်မည်ဟု ယူဆပါမိပါကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၏ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းကို ပြုသည်ဟူ၍ ဖော်ပြထားပါကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်မှလည်း တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြီး နှစ်ရပ်ကို အစဉ်အလာမပျက် အတူတကွလက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြည်သူ့လွှတ်တော်သို့ လာရောက် ဆွေးနွေးခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် ၂-၈-၂၀၁၇ ရက်နေ့ထုတ် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် စာအုပ်၏ အခန်း (၁) လွတ်လပ်မှုခေါင်းစဉ်အောက်ရှိ အခြေခံမူအပိုဒ် ၇ တွင် တရားသူကြီး တစ်ဦးသည် တရားစီရင်ရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၏ မလျော်ကန်သော လွှမ်းမိုးမှုကို လက်မခံဘဲ စီရင်ဆုံးဖြတ်ချက်များအား လွတ်လပ်စွာဆောင်ရွက်ရမည်ဟု ဖော်ပြထားပါကြောင်း၊ အထက်ပါအချက်များတွင် ကောင်းမွန်သင့်မြတ်သော အချက်များဟုယူဆမိပါကြောင်း၊ သို့သော် တရားရုံးဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော အချို့ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများအနေဖြင့် သန္ဓေဝန်ထမ်းများဖြစ်သည့်အတွက် ၎င်းတို့တာဝန်ကျရာတရားရုံးတွင် အငြိမ်းစားယူသည့် အချိန်ထိမပြောင်းရွှေ့ရဘဲ တာဝန်ထမ်းဆောင်ရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလို မပြောင်းရွှေ့ရသည့်အတွက် ဒေသခံများ၏ရင်းနှီးမှုဖြင့် တရားသူကြီးများနှင့်ပြည်သူ၊ အမူသည်များအကြား ပေါင်းကူးသဖွယ်ဖြစ်နေခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ၊ မလျော်ကန်သော လွှမ်းမိုးမှုများဖြစ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ စာရေးဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကြောင့် တရားသူကြီးအပေါ် ထိခိုက်နစ်နာလေ့ရှိပြီး တချို့ဝန်ထမ်းများတွင် တရားသူကြီးအသစ်များထက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပို၍နားလည်သည့်အတွက် အကောင်းဘက်တွင် သုံးပါက အကျိုးရှိနိုင်သော်လည်း တရားရုံး၏ပြဿနာ အခြေခံမှာ ဝန်ထမ်းများကြောင့် စတင်ဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို ထိန်းကျောင်းအကြံပြုသည့်အနေဖြင့် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများ မဟုတ်သော အခြားအဆင့်ဝန်ထမ်းများ ဖြစ်ကြသော တရားရုံးရှိအချို့သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာဝန်ထမ်းများဖြစ်၍ သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းနှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်နေသည်၊ ဆောင်ရွက်ရန်ရှိသည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်

တရားရုံးအဆင့်ဆင်‌့တွင် တာဝန်ထမ်းဆောင်နေသော အချို့ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူအများစုအနေဖြင့် သန္ဓေဝန်ထမ်းများအဖြစ် ၎င်းတို့ တာဝန်ကျရာတရားရုံးများတွင် အငြိမ်းစားယူသည့် အချိန်အထိ မပြောင်းရွှေ့ရဘဲ တာဝန်ထမ်း ဆောင်ရသည်ကို တွေ့ရကြောင်း၊ ထိုသို့ မပြောင်းရွှေ့ရသည့်အတွက် ဒေသခံများနှင့်ရင်းနှီးမှုဖြင့် တရားသူကြီးနှင့် ပြည်သူ၊ အမှုသည်များအကြား ပေါင်းကူးသဖွယ်ဖြစ်နေပြီး မလိုလားအပ်သော ပြဿနာများ၊ မလျော်ကန် သောလွှမ်းမိုးမှုများ ပေါ်ပေါက်နေသည်ကို တွေ့ရသည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊

တရားရုံးဝန်ထမ်းများအား တာဝန်ပေးအပ်ချထားသည့် နေရာတွင် ရုံးလုပ်ငန်းအဆင်ပြေချောမွေ့ စေရေး ရုံးလုပ်ငန်းအားလုံးကို ဝန်ထမ်းများ ဘက်စုံကျွမ်းကျင်မှုရှိစေရေးနှင့် လုပ်ငန်းအတွေ့အကြုံရရှိ စေရေးအတွက် ရုံးဝန်ထမ်းတစ်ဦးအား တစ်နေရာတည်းတွင် တာဝန်မပေးအပ်ဘဲ သင့်မြတ်သည့် အစီအစဉ်ဖြင့် အလှည့်ကျတာဝန်ပေးအပ်ရန် ယခင်တရားရုံးချုပ်က ၂၂-၃-၁၉၉၃ ရက်စွဲပါ စာအမှတ်၊ ၅၄၅/စု၁၄ (ဂ) ၃၆/၃၉ ဖြင့် တရားရုံးအဆင့်ဆင့်သို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်း အချို့သော တရားရုံးများရှိ တရားခွန်များ၌ တရားခွင်စာရေးတစ်ဦးတည်းကို ပြောင်းလဲမှုမရှိဘဲ ပုံသေထားရှိ၍ ဆောင်ရွက်လျက် ရှိခြင်းကြောင့် အများပြည်သူအမြင်တွင် မလိုလားအပ်သော အထင်အမြင်လွှဲမှားမှု များ ဖြစ်ပေါ်လျက်ရှိခြင်း၊ ရုံးဝန်ထမ်းများအကြား စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်စေခြင်းစသည့် ကိစ္စရပ် များ ဖြစ်ပေါ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က           ၁၉-၉-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၃၀၆/ညခ/၂၀၁၂ ဖြင့် တရားခွင်အသီးသီး၌ တာဝန်ပေးအပ်စေခိုင်း လျက်ရှိသော တရားခွင်စာရေးများအား ၆ လလျှင်တစ်ကြိမ် ပြောင်းလဲ၍ အလှည့်ကျတာဝန်ပေး စေခိုင်းရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်ကြရန် လက်အောက်တရားရုံးများသို့ ညွှန်ကြားခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အခါအားလျော်စွာ ယခုကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်းဖြင့် တရားရုံးအဆင့်ဆင်‌့တွင် တာဝန်ထမ်းဆောင် နေသော အခြားအဆင့်ဝန်ထမ်းများအား ဘက်စုံကျွမ်းကျင်မှု ရှိစေရေးနှင့် လုပ်ငန်းအတွေ့အကြုံ ရရှိစေရေးအတွက်လည်းကောင်း၊ အများပြည်သူအမြင်တွင် မလိုလားအပ်သော အထင်အမြင်မှားမှု၊ မလိုလားအပ်သော ပြဿနာများ၊ မလျော်ကန်သော လွှမ်းမိုးမှုများမဖြစ်စေရန် အတွက်လည်းကောင်း၊ ဝန်ထမ်းများအကြား စိတ်ဝမ်းကွဲမှုများမဖြစ်ပေါ်စေရန် အတွက်လည်းကောင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလက်ရှိတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၌ လုပ်ငန်းလိုအပ်ချက်အရ လည်းကောင်း၊ ရာထူးတိုးမြှင့်ပေးသည့်အခါ များတွင်လည်းကောင်း အခြားအဆင့်ဝန်ထမ်းများကို သင့်တော်ရာဒေသရှိ တရားရုံးများသို့ ပြောင်းရွှေ့နေရာချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လက်ခံရရှိထားသည့်စာရင်းအရ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အတွင်း ကချင်ပြည်နယ်တွင် ၁၉ ဦး၊ ကယားပြည်နယ်တွင် ၃ ဦး၊ ကရင်ပြည်နယ်တွင် ၃၂ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် ၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၆ ဦး၊ မွန်ပြည်နယ်တွင် ၁၂ ဦး၊ ရခိုင်ပြည်နယ်တွင် ၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၅ ဦး၊ ရှမ်းပြည်နယ်တွင် ၄ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၇ ဦးတို့ကို ပြောင်းရွှေ့နေရာ ချထားတာဝန် ထမ်းဆောင်စေခဲ့ပါကြောင်း၊

အဆင့်ဆင့်သော တရားရုံးများတွင် ဝန်ထမ်းအိမ်ရာများ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား ထိုသို့ပြောင်းရွှေ့စေခြင်းအားဖြင့် အခက်အခဲရှိမည် မဟုတ်သော်လည်း အခြားသော တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခြင်းဖြင့် ၎င်းတို့တွင် နေထိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် တရားရုံးအဆင့်ဆင့်ရှိ အနေကြာဝန်ထမ်းများအား သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။