Skip to main content

မေးခွန်းပါ စေတီတော်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်က နှစ်ကြိမ်တိုင်ကြွရောက် ပြီး ဗျာဒိတ်ပေးတော်မူခဲ့သည့် တောင်တော်ပေါ်တွင်တည်ရှိပြီး သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် ဆင်ဖြူရှင် မင်းတရားကြီးမှ မွမ်းမံပြင်ဆင်ခဲ့ကြောင်း စေတီတော်ကြီး၏သမိုင်းအရသိရှိရပါကြောင်း၊ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့၍ လုပ်ယူမရသည့် တန်ဖိုးကြီးမားလှသော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင်တစ်ဆက်တည်းဒေသတွင်တည်ရှိနေသည့် နိုင်ငံ ကျော်ရွှေပုံတောင်မုနိဘုရားနှင့်အတူ နိုင်ငံတော်ဘုရားဖြစ်လာပါကြောင်း၊ သို့သော်ဘက်စုံဖွံ့ဖြိုးမှု အဘက်ဘက်ကလိုအပ်နေခဲ့ခြင်းကြောင့် သာသနာပွင့်လင်းမှုနည်းခဲ့ရကြောင်း၊

ဖိုးဦးတောင်သာသနာပွင့်လင်းရန် တာဝန်ရှိသူများအားလုံးက ဘက်စုံဖွံ့ဖြိုးမှုအတွက် လိုအပ်ချက် များကိုကြိုးစားဆောင်ရွက်ခဲ့ရာ လျှပ်စစ်မီးလည်းရရှိပြီဖြစ်သလို လမ်းပိုင်းတချို့လည်းကောင်းမွန် လာပြီဖြစ်ပါကြောင်း၊သို့သော် ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ဒေသသတ်မှတ်ချက် အရလွန်စွာကျယ်ဝန်းလှသော်လည်း တရားဝင်သာသနာမြေတွင် ဘုရားရင်ပြင်ပေါ်ရှိသည့် အလွန် ကျဉ်းမြောင်းလှသော၀.၁၀ဧကသာရှိပါကြောင်း၊ ဂေါပကအဖွဲ့မှ ဖိုးဦးတောင်သာသနာမြေအတွက် လျှောက်ထားသည့်မြေပုံကြမ်းတွင်ဧက ၁၀၀ ကျော်ရှိပြီး ဧက ၂၀ ကျော်တွင် တောင်သူများ၏ တရားဝင်လုပ်ကိုင်စားသည့် မြေများဖြစ်နေသည်ကို သိရှိရပါကြောင်း၊ထို့ကြောင့် တရားဝင် သာသနာမြေ သတ်မှတ်ချက်မရှိလျှင် တရားဝင်ယာမြေများ၊ မြေလွတ်၊ မြေရိုင်းများလျှောက်ထားပြီး လုပ်ကိုင်စားနိုင်ခြင်းကြောင့် သာသနာပွင့်လင်းမှုအတွက် အနှောင့်အယှက်၊ အဟန့်အတား ဖြစ်စေနိုင်ပါကြောင်း၊

မေးခွန်းကို မိမိမေးမြန်းပြီးသည့်နောက်ပိုင်းတွင် မြို့နယ်မှတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ ဒေသခံများမှ သာသနာမြေရရှိရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်တိုင်းတာခြင်းများ၊ အမှုတွဲ များ တည်ဆောက်ပြီး တရားဝင်သာသနာ မြေဖြစ်အောင် ဆောင်ရွက်ခြင်းများရှိခဲ့ပါကြောင်း၊ မိမိတာဝန်ရှိနေသည့်အချိန်တွင် ဖိုးဦးတောင်သာသနာပွင့်လင်းနိုင်ရန်အတွက် လိုအပ်နေသည့် တရားဝင်သာသနာမြေရရှိရေးအတွက် ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိဖိုးဦးတောင်စေတီ တော်၏ သာသနာမြေသည် ကျဉ်းမြောင်းနေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်း ဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။


 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးကြည်မင်း

၁၈၉၀-၉၁ ခုနှစ်တွင် တိုင်းတာသောမြေစာရင်းမြေပုံမှတ်တမ်းအရ ၀.၁ ဧကသည် ဖိုးဦးတောင် သာသနာမြေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ဖိုးဦးတောင်သာသနာမြေ ၀.၁ ဧကသည် တောင်ထိပ်ပေါ်ရှိ ဆင်ခြေလျှောတောင်စောင်းမျက်နှာပြင်တွင်တည်ရှိပြီး မူလသာသနာမြေအတိုင်း ယနေ့ထက်တိုင် တည်ရှိလျက်ရှိပါကြောင်း၊ ဖိုးဦးတောင်စေတီတော်၏အရှေ့မြောက်ဘက် ပေ ၁၈,၀၀၀ ခန့်အကွာရှိ မဟာဗောဓိသာသနာမြေ ၂.၃၄ ဧကမှာ ၁၈၉၀-၉၁ ခုနှစ် မြေစာရင်းမြေပုံ တိုင်းတာခဲ့သည့် မှတ်တမ်းအရ သာသနာမြေအဖြစ်သီးခြားသတ်မှတ်ထားသည်ကိုသိရပါကြောင်း၊ ဖိုးဦးတောင်စေတီတော်မြတ်ကြီးသည် တောင်ထိပ်ပေါ်တွင်တည်ရှိခြင်းကြောင့် ဘုရားဖူးများ လာရောက် ဖူးမြော်နိုင်ရန် စောင်းတန်းတစ်ခုတည်ဆောက်ထားပြီး ဖိုးဦးတောင်သာသနာမြေသည် ဖိုးဦးတောင်ခြေလျှောပင်ချိုရှောင်က နတ်ရေကန်၊ ဥဿဖတောင်မှရွာသာယာတောင်ဘက် ဖိုးဦးတောင်ခြေရေကြည်ကုန်းမှပတ်ပြီး ဧရာဝတီမြစ်ကမ်းခြေအထိဖြစ်ပြီး စောင်းတန်း၏ ဝဲဘက်၊ ယာဘက်များတွင် ဖိုးဦးတောင်ကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ယုန်ဖြူတောင်ကျောင်း၊ ကန်လယ်ကျောင်း၊ ရုံးပင်ကျောင်း၊ လက်ဆောင်ကန်ကျောင်းတို့က မူလတောရကျောင်းတို့ အဖြစ် တည်ရှိခဲ့သည်ကိုသိရှိရပါကြောင်း၊ ယခုအခါတွင် အဆိုပါ ကျောင်းများမှာ ရဟန်းသံဃာတော်များ သီတင်းသုံးရာကျောင်းတိုက်များအဖြစ် တည်ရှိလာခဲ့သည်ကို သိရှိရပါကြောင်း၊ ခေတ်အဆက်ဆက် ဂေါပကများ၏ ပြောပြချက်အရ ကျောင်းတိုက်များသည် သံဃာတော်များ သီတင်းသုံးလာခြင်း ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါကြောင်း၊

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်မှစ၍ ဘုရား၊ စေတီ၊ ဇရပ်၊ တန်ဆောင်းစသည့် သာသနိကအဆောက်အဦများအဖြစ် ဆုတောင်းပြည့်ကျောင်းရှိ တင်ပြင်ခွေ ရုပ်ပွားတော်၊ လက်ဆောင်ကန် ကျောင်းတိုက်ရှိစေတီတစ်ဆူ၊ ယုန်ဖြူတောင်ကျောင်းရှိစေတီတစ်ဆူ၊ ဧရာဝတီ မြစ်ကမ်းရှိဇရပ်ကြီးတစ်ဆောင်၊ နတ်လမ်းတန်ဆောင်း၊ နတ်ရေကန်ဥဿဖတောင်ဘုရား စသည် တို့သည် အထင်အရှားရှိပါကြောင်း၊ ဖိုးဦးတောင်ရင်ပြင်တော်အသွားလမ်း စောင်းတန်းတွင် အလျား ပေ၁၅,၀၀ ရှိပြီး ဧရိယာအားဖြင့် ၀.၃၅ ဧက၊ ရဟန်းသံဃာတော်များ သီတင်းသုံးရာ တိုက်ကျောင်း ခြောက်ကျောင်း၊ ဧရိယာအားဖြင့် ၁.၅ ဧကဖြစ်သည့် အတွက်ကြောင့် စုစုပေါင်းနှစ်ဧက မှာကုန်းမြင့်တောင်စောင်းရှိ မူလမြေလွတ်၊ မြေလပ်၊ မြေရိုင်းများပေါ်တွင် တည်ဆောက်ထား သည်ကိုသိရပါကြောင်း၊ ဖိုးဦးတောင်တော်၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် မြေမျက်နှာပြင် ညီညာမှုမရှိသဖြင့် စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ်နှင့်မြေရိုင်းဧရိယာစုစုပေါင်း ၁၁၂ ဧက ခန့်ရှိသည်ကို သိရှိရပါကြောင်း၊ ဖိုးဦးတောင်တော်ပတ်ဝန်းကျင်သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဖြစ်သော ကြောင့် အရပ်ဒေသ၏သတ်မှတ်ချက်အရ ဖိုးဦးတောင်စေတီတော် ပရိဝုဏ်မြေလို့ သတ်မှတ်ထား သည်ကို စိစစ်လေ့လာတွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ဖိုးဦးတောင်စေတီတော်တည်ရှိရာတောင်တော်နှင့် ဘုန်းတော်ကြီးကျောင်း များတည်ရှိရာ မြေနေရာများ၊ စောင်းတန်းဧရိယာနှင့် တောင်စောင်းမြေနေရာများဖြစ်သည့် မြေလွတ်၊ မြေရိုင်း ၁၁၂ ဧကကျော်ကိုသာသနာမြေအဖြစ်သတ်မှတ်လိုပါက ပတ်ဝန်းကျင်ရှိ ဘုန်းကြီ းကျောင်းများ၏ သဘောထားထောက်ခံချက်များ၊ သံဃအဖွဲ့အစည်းအဆင့်ဆင့်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့် ဆင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ ဖိုးဦးတောင်တော် ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော်ကြီးများ၏ သဘောထားထောက်ခံချက်များဖြင့် ဖိုးဦးတောင်စေတီတော်ဂေါပကအဖွဲ့မှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ သို့ လျှောက်ထားသွားရန် လိုအပ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်နှင်းသစ်(ပန်းတောင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင်ပန်းတောင်းမြို့နယ်မှ ဖိုးဦးတောင်စေတီတော်၏ ဂေါပကအဖွဲ့များ နေပြည်တော်အထိလာရောက်၍ သာသနာမြေရရှိရန်အတွက် လိုအပ်သည့်အမူတွဲများနှင့် လာရောက်လျှောက်ထားပြီးဖြစ်ပါကြောင်း၊ လျှောက်ထားပြီးဖြစ်သည့် အတွက်ကြောင့် တရားဝင် သာသနာ မြေဖြစ်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကြည်မင်း

ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့်အတိုင်း သာသနာမြေအဖြစ် ရရှိရန်အတွက် လျှောက်ထားလျှင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများမှ သဘောထားတောင်းခံလာလျှင် မိမိတို့၏စိစစ်တွေ့ရှိချက်အပေါ်တွင် မူတည်ပြီး သာသနာမြေအဖြစ်ရရှိနိုင်ရေးကို ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြား ပါသည်။