Skip to main content

(က)-ပျော်ဘွယ်မြို့နယ်၊ အမှတ် (၈) အထည်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန်တစ်ဦး ခန့်ထားပေးရန်နှင့် လစဉ်လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အတွင်းတွင် အမှတ်(၈) အထည်ချုပ်စက်ရုံနှင့် ရမည်းသင်းမြို့နယ်မှ ၎င်း၏ စက်ရုံခွဲ တစ်ခုတည်ရှိပါကြောင်း၊ စက်ရုံများနှင့်ဆက်စပ်ပြီး ဝါစိုက်ကွင်းနှင့် ဝါကြိတ်စက်ရုံများ ရှိပါကြောင်း၊ စက်ရုံများ၌ ၂၀၁၅ ခုနှစ်ကုန်ထိ ဝန်ထမ်း စုစုပေါင်း ၉၆၇ ဦး ရှိပါကြောင်း၊ ဖွဲ့စည်းပုံအရ ပျော်ဘွယ်၏ အင်အားဖြစ်ပါကြောင်း၊ ယခင် ဝန်ထမ်းနေ့စားအလုပ်သမားများ အပါအဝင် ဝန်ထမ်းအင်အား ခြောက်ရာကျော် ရှိပြီး ပျော်ဘွယ်စက်ရုံတွင် လက်ရှိဝန်ထမ်း ၃၄၀ ဦး ရှိပါကြောင်း၊ စက်ရုံဝန်ထမ်းများသည် ၎င်းတို့ လစာ၏ နှစ် ရာခိုင်နှုန်းနှင့် စက်ရုံမှ သုံးရာခိုင်နှုန်း စုဆောင်းပြီး လူမှုဖူလုံရေးအတွက် ရန်ပုံငွေ ထည့်ဝင်လျက်ရှိပါကြောင်း၊ ပျော်ဘွယ်စက်ရုံသည် လစဉ် ပျမ်းမျှ ငွေကျပ် ၂.၈၅၃ သန်း ထည့်ဝင်လျက် ရှိသည်ကို သိရပါကြောင်း၊ စက်ရုံ ဝန်ထမ်းများအတွက် ဖွင့်လှစ်ထားသည့် လူမှုဖူလုံရေး ဆေးခန်းနှင့် ရုံးသည် စက်ရုံနှင့် ၂၈ မိုင်ခန့်ဝေးသည့် မိတ္ထီလာ မြို့နယ်တွင်တည်ရှိပြီး ဝန်ထမ်းများနာဖျား မကျန်းမာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းစသည့် အခြေအနေဖြစ်ပေါ်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပြသလိုပါကလူမှုဖူလုံရေးဆေးခန်းရှိသည့် မိတ္ထီလာမြို့ကို သွားရောက်ဆောင်ရွက်ရကြောင်း၊ ထို့ပြင်ဆေးခွင့်ကိစ္စ၊ လူမှုဖူလုံရေးရုံး ကိစ္စများအတွက်လည်း မိတ္ထီလာမြို့ကိုသာသွားရောက်ဆောင်ရွက်ရကြောင်း၊ အရေးပေါ်အခြေအနေနှင့် ရောဂါဝေဒနာများ ပြင်းထန်လာပါက မိတ္ထီလာ လူမှုဖူလုံရေး ဆေးခန်းမှတစ်ဆင့် မန္တလေးအလုပ်သမား ဆေးရုံကြီးကို သွားရောက်ကုသရသည်ကို သိရပါကြောင်း၊ စက်ရုံနှင့် အလှမ်းဝေးသည့် လူမှုဖူလုံရေး ဆေးခန်းကို သွားရောက်သည့်ခြင်း တစ်ကြိမ်နှင့် ပြီးဆုံးသည်များ ရှိသော်လည်း တစ်ကြိမ်တည်းဖြင့် ပြီးဆုံးခြင်း မရှိဘဲ ဆေးခန်းတွင် ဆရာဝန် မရှိခြင်း၊ ရောဂါသက်သာမှု မရှိခြင်း စသည့် အခြေအနေများအပေါ် မူတည်ပြီး အလုပ်သမားများသည် အကြိမ်ကြိမ် အခါခါသွားရခြင်းများကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အခြေအနေ ကြုံတွေ့သည့်အချိန်တွင် ဝန်ထမ်းအလုပ်သမားများသည် ငွေကြေး ကုန်ကျမှုများ၊ အချိန်ကုန် လူပင်ပန်းဖြစ်မှုများ၊ အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံတွေ့နေရသည်ကို သိရပါကြောင်း၊

ပျော်ဘွယ်အမှတ်(၈)အထည်ချုပ် စက်ရုံ၏ဖွဲ့စည်းပုံသည် ဌာနငါးခု ရှိပါကြောင်း၊ အုပ်ချုပ်ရေးဌာနအောက်ရှိ ကျန်းမာရေးဌာနခွဲတွင် ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဆရာဝန်တစ်ဦး၊ သူနာပြု အဆင့်(၂)တစ်ဦးနှင့် အဆင့်(၃)တစ်ဦးတို့ ဖွဲ့စည်းပါရှိပါကြောင်း၊ ယခင်ကာလ ဖွဲ့စည်းပုံအရ စက်ရုံတွင် လက်ထောက် ဆရာဝန် တစ်ဦးနှင့် သူနာပြု နှစ်ဦး ခန့်ထားပြီး စက်ရုံရှိ ဝန်ထမ်းများ၊ အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ၎င်းလက်ထောက်ဆရာဝန်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ခန့်တွင် ပြောင်းရွှေ့သွားပြီး လက်ရှိစက်ရုံတွင် သူနာပြု အဆင့် (၃) တစ်ဦးသာကျန်ရှိကြောင်း၊ ၎င်းစက်ရုံ ဆေးခန်းရှိ သူနာပြု အဆင့်(၃) ဆရာမတစ်ဦးသည် သာမာန် ထိခိုက်မှုနှင့် ဖျားနာရောဂါများကို နေ့စဉ်ကြည့်ရှု ကုသပေးလျက် ရှိပါကြောင်း၊ သို့သော်ဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးဝါးကို နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် စက်ရုံမှ ရန်ပုံငွေနှင့် စက်ရုံရှိ စေတနာရှင် ဝန်ထမ်းများမှ လှူဒါန်းသည့် ငွေဖြင့်သာလိုအပ်သည့် ဆေးဝါးများကို ဝယ်ယူပြီး အသုံးပြုကုသလျက်ရှိကြောင်း၊ ထို့ကြောင့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အမှတ်(၈) အထည်ချုပ်စက်ရုံတွင် အလုပ်သမားဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုကို ထိရောက်စွာရရှိခံစား နိုင်စေရန်အတွက် စက်ရုံ၏ ကျန်းမာရေးဌာနခွဲတွင် လစ်လပ်လျက်ရှိနေသည့် ဆရာဝန်တစ်ဦးကို ခန့်ထားပေးရန်နှင့် လစဉ်ဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများတွင် ဖွဲ့စည်းပုံအရ ဆရာဝန် ခန့်ထားမှုအခြေအနေကို တင်ပြလိုပါကြောင်း၊ ယခင်က စက်ရုံဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်စက်ရုံ၏ ဖွဲ့စည်းပုံတွင် ကျန်းမာရေးဌာနခွဲတစ်ခုကို ဖွဲ့စည်းထားရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်တာဝန်ပေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှဆောင်ရွက်ပေးပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ဌာနကြီး ဆေးခန်းအဖြစ် သတ်မှတ်ပြီးမှသာ ဆေးဝါး ထောက်ပံ့မှုကို ရရှိခြင်းဖြစ်ပါကြောင်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းရှိ စက်ရုံ(၁၆) ရုံတွင် ဖွဲ့စည်းပုံအရ လက်ထောက်ဆရာဝန် ခွင့်ပြုချက်အင်အားသည် (၁၉) နေရာ ဖြစ်သော်လည်း ခန့်အပ်ထားရှိမှု အခြေအနေသည် သုံးဦးသာရှိသည်ကို တွေ့ရှိရပါကြောင်း၊ (၁၆) နေရာ လစ်လပ်မှု ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ကိုယ်စားလှယ်တော်ကြီး၏မေးခွန်းတွင်ပါရှိသည့်အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)တွင်ဖွဲ့စည်းပုံအရလက်ထောက်ဆရာဝန်တစ်နေရာ၊ သူနာပြု (၂) တစ်နေရာနှင့် သူနာပြု (၃) တစ်နေရာဖြင့် ခွင့်ပြုထားသော်လည်း လက်ရှိခန့်ထားမှုအရ သူနာပြု(၃) တစ်ဦးတည်းသာဆောင်ရွက်နေရပါကြောင်း၊

ဝန်ကြီးဌာနရှိစက်ရုံများတွင် လိုအပ်လျက်ရှိသည့် လက်ထောက်ဆရာဝန်များအား ဆောလျင်စွာဖြည့်တင်း ခန့်ထားပေးရေး ကိစ္စကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ၂၀၁၇ ခုနှစ်မှစပြီး ညှိနှိုင်းခဲ့ပါကြောင်း၊ ၂၄-၃-၂၀၂၀ ရက်နေ့တွင် အမှတ်(၈) အထည်စက်ရုံအတွက် လိုအပ်သည့် လက်ထောက်ဆရာဝန်တစ်ဦး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ထပ်မံညှိနှိုင်းခဲ့ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး၊ ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၏ ဖွဲ့စည်းပုံ ဆရာဝန်လိုအပ်ချက်ကို ပြည့်မီစေရန် ခန့်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ဆရာဝန် တစ်ဦးမျှ ခန့်ထားနိုင်ခြင်း မရှိသည့် တိုက်နယ် ဆေးရုံပေါင်း ၂၁၂ ရုံ ရှိနေပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်နည်းပါးနေသည့်အတွက် အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)အတွက် လိုအပ်နေသည့် လက်ထောက်ဆရာဝန် တစ်ဦးကို လတ်တလောတွင် ခန့်ထားပေးနိုင်ခြင်းမရှိကြောင်းကို ပေါင်းစပ်ဖြေကြားလာပါကြောင်း၊ အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)အနေဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့သည့် ဆေးဝါးများ ရရှိနိုင်ရန် အတွက် လူမှုဖူလုံရေး၏ ထောက်ခံချက်ဖြင့် ဌာနကြီး ဆေးခန်းအဖြစ် သတ်မှတ်ဖွင့်လှစ်၍ စာချုပ် ချုပ်ဆိုပြီးမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဌာနကြီးဆေးခန်းအဖြစ် သတ်မှတ်နိုင်ရန်အတွက် လူမှုဖူလုံရေး၏ ညွှန်ကြားချက် အမှတ်(၅/၂၀၁၈)အရ ယင်းဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦး ခန့်ထားရန်လိုအပ်ခြင်း၊ ဆေးစံသတ်မှတ်ချက် ပြည့်မီရန်လိုအပ်ခြင်း၊ သတ်မှတ်ထားသည့် ဝန်ထမ်းအင်အား ရှိရမည်ဖြစ်ခြင်း၊ နှစ်စဉ်ထည့်ဝင်ကြေး အနည်းဆုံးတစ်နှစ် ထည့်ဝင်ပြီးရန် လိုအပ်ခြင်းစသည့် အချက်အလက်များ ကိုက်ညီရန်လိုအပ်ပါကြောင်း၊ လက်ထောက်ဆရာဝန်နှင့် သူနာပြု လိုအပ်ချက်များ အပါအဝင် အထက်ပါ အချက်အလက်များ ပြည့်စုံမှသာ စက်ရုံရှိ ဆေးခန်းကို ဌာနကြီးဆေးခန်းအဖြစ် သတ်မှတ်ခွင့်ရရှိရေးကို လူမှုဖူလုံရေးနှင့် ညှိနှိုင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊

လက်ရှိအခြေအနေသည် အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)ရှိ စက်ရုံဝန်ထမ်းများ၏ ကျန်းမာရေးအတွက် သူနာပြု-၃တစ်ဦးဖြင့်သာ စောင့်ရှောက်မှုပေးလျက်ရှိပြီး၊ သာမန် ဖျားနာမှုထက် ပိုသောကုသမှုများအတွက် အနီးဆုံး ပြည်နယ် ပြည်သူ့ဆေးရုံ(သို့မဟုတ်) လူမှုဖူလုံရေး အဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများသို့ ညွှန်းပို့၍ ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ပါကြောင်း၊ ထိုသို့စောင့်ရှောက်မှု ရယူချိန်တွင် စက်ရုံဝန်ထမ်းများသည် သက်ဆိုင်ရာ ဆေးရုံမှဆရာဝန် ထောက်ခံချက်ဖြင့်လိုအပ်သော ဆေးဝါးများကို ဝယ်ယူနိုင်ပြီး ကုန်ကျစရိတ်ကို အနီးဆုံးမြို့နယ်လူမှုဖူလုံရေး အဖွဲ့ရုံးများတွင် ပြန်လည်တင်ပြတောင်းခံနိုင်ပါကြောင်း၊ ယခုအခါ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အသွင်ကူးပြောင်းရေးဗဟိုအဖွဲ့သည် အမှတ်(၈) အထည်စက်ရုံ (ပျော်ဘွယ်)နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ စီစစ်မှု၊ လုပ်ငန်းဆိုင်ရာ စိစစ်မှုများ ဆောင်ရွက်ပြီးစီး၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် အမြန်ဆုံး ပြန်လည်လည်ပတ်ရန်လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံကို အသွင်ကူးပြောင်း ဆောင်ရွက်ရာတွင် စက်ရုံ ဝန်ထမ်းများအတွက် လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ဦးစားပေး ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အမှတ်(၈) အထည်စက်ရုံ (ပျော်ဘွယ်)ရှိ စက်ရုံ ဝန်ထမ်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် လက်ရှိ အခြေအနေတွင် သူနာပြု(၃)တစ်ဦးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် ဆရာဝန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေး ပါကြောင်းနှင့်စက်ရုံဆေးခန်းတွင်လစဉ်လိုအပ်လျက်ရှိသည့်ဆေးဝါးများထောက်ပံ့ပေးနိုင်ရေးအတွက်ဘတ်ဂျက်လျာထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မေးခွန်း၏ ရည်ရွယ်ချက်သည် နိုင်ငံတော်အတွက် တကယ်အလုပ်အကျွေးပြုနေကြသည့် ပျော်ဘွယ် မဲဆန္ဒနယ်မှ အမှတ်(၈) အထည်ချုပ်စက်ရုံရှိ လုပ်သားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန်တင်ပြတောင်းခံခြင်း၊ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဖြေကြားခဲ့သည့်အတိုင်း ၎င်းစက်ရုံ၏ လစ်လပ်သွားသည့် ဆရာဝန်၊ ဆရာမများ ကိစ္စသည် ၂၀၁၅-၂၀၁၆ ခုနှစ်ကတည်းက စက်ရုံမှ အကြိမ်ကြိမ် အဆင့်ဆင့် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ပြန်ကြားချက်တစ်ခုတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြန်ကြားချက်ကို ရည်ညွှန်းပြီး အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဆရာဝန်ပေါင်းတစ်ထောင်ခန့် ခန့်ထားရန် လျာထားပါကြောင်း ဟုဖော်ပြထားသည့်အတွက် ၎င်းဆရာဝန်များ အနက်မှ စက်ရုံ တည်ရှိရာ ဒေသတွင်ရှိပါက ၎င်းတို့ကို နေရာချထားပေးမည်ဟုဖြေကြားခဲ့ခြင်း ရှိပါကြောင်း၊ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ် အခြေအနေများကို ဝန်ကြီးမှ မကြာခဏ စက်ရုံရှိ ကျန်းမာရေးဌာန၏ ဆရာဝန်၊ ဆရာမများ အခြေအနေများကို အမြဲတမ်းတင်ပြနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်ရန် အစိုးရတစ်ရပ်သည် အမြဲတမ်း စဉ်းစားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းစက်ရုံရှိ ဝန်ထမ်းများသည် နည်းမျိုးစုံဖြင့် ကုသမှု ခံယူနိုင်အောင် ကြိုးစားကြပါကြောင်း၊ မြို့နယ်ရှိ ဆရာဝန်၊ ဆရာမများ၊ အရပ်ဆေးခန်းများနှင့် အလျဥ်းသင့်သလို တင်ပြပြီး လိုအပ်သည့် ထောက်ခံချက်များကို တောင်းသည့်အချိန်တွင် လုပ်ထုံးလုပ်နည်း၊ အလုပ်သမား၊ လူမှုဖူလုံရေး၏ ဥပဒေများအရ အဆင်မပြေသည့် အနေအထားမျိုး ရှိပါကြောင်း၊ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြင့် လူမှုဖူလုံရေး စောင့်ရှောက်မှုကို ခံယူခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေး ကိစ္စသည်အတူတူဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံတွင်ကျန်းမာရေးဌာနခွဲရှိနေပြီး သက်ဆိုင်ရာ၏ ပြန်ကြားချက်အရ ဌာနကြီးဆေးခန်းအဖြစ် ဖွဲ့စည်းမှပေးမည် ဆိုသည့်အချက်သည် ဝန်ကြီးဌာနများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းသည်ဟု မိမိ ရှုမြင်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ Cabinet အစည်းအဝေးများတွင် ယခုကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန် လိုသည်ဟုထောက်ပြလိုပါကြောင်း၊ ထို့ကြောင့် စက်ရုံရှိ ဝန်ထမ်းများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် ဖြစ်သည့်အတွက် လက်ရှိတွင်ဆရာဝန်၊ ဆေး မရရှိပါက စက်ရုံမှ ၂၈ မိုင်ခန့်ဝေးသည့် မိတ္ထီလာ လူမှုဖူလုံရေး ဆေးခန်းနှင့် မန္တလေးကိုသွားပြီး ဆေးကုသနိုင်ရန် စက်ရုံတွင် Ambulance ဆေးရုံကား တစ်စီး တွဲဖက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း

ပျော်ဘွယ်ဆေးရုံကို သွားရောက် ပြသနိုင်ပြီး ပျော်ဘွယ်ဆေးရုံတွင် ဆရာဝန် ထောက်ခံချက်ဖြင့် လိုအပ်သည့် ဆေးဝါးများကို ပြင်ပတွင် ဝယ်ယူနိုင်ကြောင်း၊ ကုန်ကျစရိတ်ကို အနီးဆုံး မိတ္ထီလာ လူမှုဖူလုံရေး အဖွဲ့တွင် ပြန်လည်တင်ပြပြီး တောင်းခံနိုင်သည့် သဘောကို မိမိတို့ တွေ့ရှိရပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့် Ambulance ဝယ်ယူရေးကိစ္စကိုဝန်ကြီးဌာနကို ပြန်လည်တင်ပြပြီး ဖြေကြားမည်ဖြစ်ကြောင်းဆက်စပ်မေးခွန်းကိုပြန်လည်ဖြေကြားပါသည်။