Skip to main content

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေရရှိရေးအတွက် အိုင်းမဆည်ကို အဓိကအားကိုးပြီး စိုက်ပျိုးနေကြရခြင်းဖြစ်ပါကြောင်း၊ အိုင်းမဆည်စ၍ တည် ဆောက်အချိန်တွင် မြောက်မန်း မြောင်းမကြီးသာတည်ရှိပြီး တောင်သူများရေရရှိမှု အဆင်ပြေခဲ့ကြ ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့ တောင်မန်းမြောင်းမကြီးကိုတိုးချဲ့ပြီး ရေသွင်းစိုက်ပျိုးမြေကို တိုးချဲ့ဆောင်ရွက်ခဲ့သည့်အတွက် အိုင်းမဆည်မှ မြောင်မန်းမြောင်းမကြီးအပြင် တောင်မန်းမြောင်းမ ကြီးနှင့် ကုလားဟောင်းမြောင်းတို့ကိုပါ ရေပေးဝေလျက်ရှိရာ ယခင်က မိုးရာသီတွင် စိုက်ပျိုးရေရရှိမှု အသင့်အတင့် အဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင် ပျိုးထောင်ရေကတည်းက အဆင်မပြေ ဖြစ်နေခဲ့ ပါကြောင်း၊ နောက်သီးနှံအောင်ရေရရှိရေးအတွက် ရေပေးဝေရာတွင်လည်း နှစ်စဉ်ရေလုံလောက် မျှတစွာ ပေးဝေနိုင်ခြင်းမရှိသည့်အတွက် တောင်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီး အဖြေရှာခဲ့ကြ ရပါကြောင်း၊ အကြောင်းအရင်းမှာ မိမိတို့ ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၅၀၀) ခန့် ရေပေးဝေနိုင်သော်လည်း ပန်းထိမ်းမန်းမှရေကူမှသာလျှင် အဆင်ပြေခဲ့ကြပါကြောင်း၊ ထိုသို့ ပန်းထိမ်းမန်းမှ ရေမကူသည့်အခါတွင် စိုက်ပျိုးသီးနှံများအောင်မြင်ရေးအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် မန်းတမံမှ ကျူ့ဆက် (၃၀၀) ခန့် ထပ်မံလွှတ်နိုင်သည့် ရေထွက်ပေါက်တစ်ခု ထပ်မံ တည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊

ကျောက်နွားသိုးဆည် ရေထွက်ပေါက်မှ အိုင်းမဆည်ကို ရေလွှတ်သည့်အခါ ရေနည်းသည့်အချိန်တွင် ကျူ့ဆက် (၃၀၀) ခန့် ထပ်ပြီး လွှတ်နိုင်သည့်အပေါက်ဖောက်ရန်အတွက် အဆင်ပြေသည့်အချိန် ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ဖောက်မည်ဆိုပါက ဒေသခံတောင်သူများအတွက်လည်း စိုက်ပျိုးရေ အခက်အခဲ မဖြစ်နိုင်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ ရေလွှတ်ပေါက်မှ ရေပေးဝေမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆည်မြောင်ဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကွင်း ဆင်းပြီး လေ့လာခဲ့ပါကြောင်း၊  မန်းတမံမှ ရေထွက်ပေါက်တစ်ခုသာ ထပ်မံတည်ဆောက်ပြီး အိုင်းမ ဆည်မှ ရေပေးဝေသည့်မြောင်းမကြီးကိုပြင်၍ ရေလွှတ်ရန်လိုအပ်ပါက အရန်သင့်လွှတ်နိုင်မည် ဖြစ် ပါကြောင်း၊ ၎င်းအပေါက်သည် တစ်ခါမှမလှပ်ရသေးပါကြောင်း၊ ထို့ကြောင့် ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ထပ်မံ၍ ရေလွှတ်နိုင်သည့်ရေလွှတ်ပေါက်တစ်ခုကို လာမည့် နွေရာသီတွင် ထပ်မံတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာကျော်လင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်း မန်းချောင်းပေါ် တည်ဆောက်ထားသည့် မန်း ချောင်းရေလှောင်တမံ (ဒေသအခေါ်) ကျောက်နွားသိုးဆည်သည် အိုင်းမရေလွှဲဆည်နှင့် ရေသောက် စနစ်ကို စိုက်ပျိုးရေလုံလောက်စွာ ဖြည့်တင်းပေးဝေးနိုင်ရန်အတွက် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ရေလှောင်တမံဖြစ်ပါကြောင်း၊ မန်းချောင်းရေလှောင်တမံ၏ အိုင်းမရေလွှဲ ဆည်မှ စုစုပေါင်းလယ်မြေဧက လေးသောင်းခုနစ်ရာကျော်အပေါ် မိုးစပါးနှစ်စဉ် ဧက သုံးသောင်းခွဲ နှင့် နွေစပါး ဧက ၃၀၀၀ စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ ထိုသို့ စိုက်ပျိုးရေပေးဝေလျက်ရှိရာ ရေထုထည်စီးနှုန်းပမာဏ (၈၀၀) ကျူ့ဆက်ခန့် လိုအပ်သည့်အတွက် မန်းချောင်းရေလှောင်တမံရှိ ရေထုတ်ပြွန်မှ (၅၀၀) ကျူ့ဆက်နှင့် မန်းချောင်းတမံနှင့် အိုင်းမရေလွှဲဆည်အကြားရှိ ပန်းထိမ်းမန်း ချောင်း၊ ပဇီချောင်းမှစီးဝင်ရေ (၃၀၀) ကျူ့ဆက်ခန့်ကို ပေါင်းစပ်ပြီး စိုက်ပျိုးရေ ပေးဝေဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ပန်းထိမ်းမန်းချောင်း နှင့် ပဇီးချောင်းတို့မှ စီးဝင်ရေပမာဏ (၃၀၀) ကျူ့ဆက်မပြည့်မီသည့်အတွက် စိုက်ပျိုးရေ အခက် အခဲ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊

တစ်ဘက်တွင် ဒေသ၏မိုးရွာသွန်းမှု နည်းပါးသည့်အခြေအနေများအရ အိုင်းမဆည်ရေ သောက် စနစ်အတွင်းရှိ တောင်မန်းမြောင်းနှင့် မြောက်မန်းမြောင်းများ၏ မြောင်းအဖျားပိုင်းဧရိယာများ စိုက်ပျိုးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့မှုနှင့်အတူ မူလရေးဆွဲထားသည့် ဆည်မှရေပေးသည့် ရေလှည့် ဇယားများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေ အခက်အခဲဖြစ်ပေါ်‌နေသည့် မြောင်းအဖျားပိုင်းဧရိယာများတွင် ရေလိုအပ်ချက်များပြားသည့် စပါး သီးနှံအစား ရေလိုအပ်ချက်နည်းသည့် စီးပွားရေးပိုမိုတွက်ခြေကိုက်နိုင်မည့်သီးနှံများ ပြောင်းလဲစိုက် ပျိုးနိုင်ရေးအတွက်ကိုလည်း (Cropping Pattern) များရေးဆွဲပြီး တောင်သူများကို ပညာပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် မန်းချောင်းရေလှောင်တမံတွင် (၃၀၀) ကျူ့ဆက်ခန့် ထုတ်လွှတ်ပေးနိုင်မည့် ရေထုတ်ပေါက်တစ်ခု ထပ်မံ တည်ဆောက်ပေးရန်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့်အခြေအနေကို အသေးစိတ် စူးစမ်းလေ့လာတိုင်းတာမှုများ အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စူးစမ်းလေ့လာမှု အချက်အလက်များသည် ဆောင်ရွက်ရန်ဖြစ်မြောက်နိုင်စွမ်း အခြေအနေအပေါ်မူတည်၍ လိုအပ်သည့်ဒီဇိုင်းရေးဆွဲကာ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ထည့်သွင်းလျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် လာမည့်နွေအတွက်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အခြေအနေဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါသည်။