Skip to main content

မိမိမဲဆန္ဒနယ်ရှိ ရန်ပယ်ဆည်ကြီးတွင် ရေပေးဝေသည့် လက်ဝဲမြောင်း၊ လက်ယာမြောင်း ဟူ၍ရှိပြီး လက်ယာမြောင်းမကြီးသည် တောင်တွင်းကြီးမြို့နယ်ကို အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်ကိုဖြတ်သန်း ဖောက်လုပ်ထားပြီး အရှည် ၁၄ မိုင်နီးပါးရှိပါကြောင်း၊ ရေလွှဲ လက်တံ DY ၁၃ ခုရှိသော်လည်း အမှန်တစ်ကယ်ရေပေးဝေနိုင်ခြင်းသည် DY3 နှင့် DY4 သာဖြစ်ပါကြောင်း၊ မိုးနည်းရေရှားမှုကြောင့်လည်း ဆည်အတွင်းသို့ ရေဝင်ရောက်နိုင်မှုအလွန်နည်းပြီး ကျန်သည့် DY ၁၀ ခုကို ရေမပေးဝေနိုင်ပါကြောင်း၊ လက်တွေ့ သုံးမရသော DY များဖြစ်နေခြင်းသည် နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းဆည်ကြီးဆောက်၍ မြောင်းကြီးဖောက်ပြီး ကတည်းက မြောင်းအောက်ပိုင်းရှိ စပါးစိုက်တောင်သူအချို့ ဒုက္ခရောက်ကြရပါကြောင်း၊ ထို့အပြင်ဆည်ကြီးရှိ လက်ယာမြောင်းမကြီး၏လက်ယာဘက်မှ စီးဆင်းလာသည့် ပဲခူးရိုးမပေါ်မှ စီးကျလာသည့် ချောင်းများ၊ ရိုးများ၏ရေများသည် လက်ယာမြောင်းမကြီး၏ မြောင်းပေါင် ကြီးများကို ကျော်ဖြတ်နိုင်ခြင်းလုံးဝမရှိပါကြောင်း၊ ထို့ကြောင့်လက်ယာမြောင်းမကြီး၏အရှေ့ဘက်ခြမ်း မှ တောင်သူများ သည် ဆည်ရေမရသော်လည်း သဘာဝချောင်းရေ၊ ရိုးရေများရပြီးစပါးစိုက်နိုင် ကြသော်လည်း လက်ဝဲဘက်ခြမ်းသည် မိုးကောင်းမှသာစပါးစိုက်နိုင်ကြပါကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၎င်းလက်ယာမြောင်းမကြီးပေါ်မှ ဖြတ်ပြီး လွန်ခဲ့သည့်နှစ်များက Flume ဟုခေါ်သည့် ရေသွယ်လျှောက်များကို ဆောက်လုပ်တပ်ဆင်ပေးနိုင်ခဲ့ပါကြောင်း။

ထို့ကြောင့်လယ်ဧကများစွာရေငတ်ခြင်းဘေးမှကင်းဝေးပြီး လယ်သမားများစွာစိတ်ချမ်းသာခဲ့ရပါကြောင်း၊ နှစ်ပေါင်းများစွာ ရွှေကိုမလိုရေကိုလိုသော တောင်သူလယ်သမားများ၏ ဘဝအမောကို ဖြေဖျောက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် Flume များတည်ဆောက်ပြီးစီးခဲ့ပါသော်လည်း အခြားလိုအပ်သောနေရာများ ကျန်ရှိနေပြီး ဒေသခံတောင်သူ လယ်သမားများကလည်း မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံ Flume များထပ်မံပြီးတည်ဆောက်ပေးရန် တောင်းဆိုလျက်ရှိပါကြောင်း၊ ထို့ကြောင့်ဆည်ရှိပြီးရေမရ၊ မြောင်းရှိပြီးရေမရှိသည့် နာမည်ကျော် ရန်ပယ်ဆည်ကြီး၏ လက်ယာမြောင်းမကြီးကိုဖြတ်ပြီး ရေငတ်နေသည့် တောင်သူလယ်သမားများအတွက် ရေသွယ်လျှောက်ကြီးများကို လယ်သမားများ၏ဆန္ဒကိုဖြည့်စွမ်းနိုင်ရန်အတွက် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ရေလှောင်တမံကို ၂၀၀၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး လက်ဝဲမြောင်းမကြီး အလျား ခုနစ်မိုင်၊ လက်ယာမြောင်းမကြီး အလျား ၁၃ မိုင်ပါဝင်သည့် ဆည်ရေသောက်စနစ်ကို တစ်ပါတည်းတည်ဆောက်ခဲ့ပါကြောင်း၊ ရာသီဥတု ပြောင်းလဲခဲ့မှု၏ အကျိုးဆက်ကြောင့် မိုးရွာသွန်းမှုများနည်းပါးလာသည်နှင့်အတူ တမံတွင်းရေဝင်ရောက်မှုများ လျော့နည်းလာခဲ့ပါကြောင်း၊ တမံတည်ရှိသည့် နေရာသဘာဝ မြေမျက်နှာပြင်အနိမ့်အမြင့် အနေအထားအရ မိုးစပါးစိုက်ပျိုးရေပေးဝေရာတွင်လက်ဝဲမြောင်းမကြီး အဆုံးအထိ ရေပေးဝေ နိုင်သော်လည်း လက်ယာမြောင်းမကြီးအနေဖြင့် အောင်လံ-တောင်တွင်းကြီး ကားလမ်းအထိ(ပေတိုင် ၂၆,၀၀၀ အထိ) သာ ရေပေးဝေနိုင်သည့် အခြေအနေဖြစ်ပါကြောင်း။

လက်ရှိအနေအထားအရ တမံ၏လက်ယာမြောင်း ပေတိုင် ၂၆,၀၀၀ ၏အောက်ပိုင်းရှိ ဧရိယာများအတွက်မြောင်း၏ လက်ယာဘက်ခြမ်းရိုးချောင်း ၁၈ ခုမှ စီးလာသည့်မြောင်းအတွင်းက စီးဝင်ရေများကို လိုအပ်သည့်ရေအားအဆောက် အအုံများ တည်ဆောက်ပြီး ထိန်းချုပ်ကာလက်တံမြောင်းကြီးများမှတစ်ဆင့် ရေပေးဝေနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ယာမြောင်းမကြီး အဖျားပိုင်းရှိ ပုဂံကုန်းရွာအနီး လယ်ယာမြေများနှင့် ပန်းတောငယ်ကျေးရွာမူလတန်းကျောင်း ရေနစ်မြုပ်နေမှုမှ ကာကွယ်ပေးရန် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လိုအပ်သည့်ရေအားအဆောက်အအုံများ တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် ရန်ပယ်လက်ယာမြောင်းမကြီး ပေတိုင် ၃၁၀၀၀၊ ၃၆၄၀၀ နှင့် ၃၇၄၀၀ တို့တွင် ရေသွယ်လျောက် (Flume) သုံးခု တည်ဆောက်ပေးခဲ့ပြီး စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ပေတိုင် ၂၅၃၀၀၊ ၂၈၀၀၀၊ ၃၂၀၀၀၊ ၄၁၀၀၀ နှင့် ၅၉၁၀၀ တို့တွင် ရေသွယ်လျောက်(Flume) ငါးခုထပ်မံတည်ဆောက်ဖို့ လိုအပ်လျက်ရှိသည်ကို စိစစ် တွေ့ရှိရပါကြောင်း။

ရန်ပယ်ဆည်လက်ယာမြောင်းမကြီး အောက်ပိုင်းဧရိယာများ မိုးစပါး စိုက်ပျိုးရေရရှိရန်နှင့် ရေကြီးနစ်မြုပ်မှုလျော့ပါးသက်သာစေရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် ရေပေးအဆောက်အအုံများ တည်ဆောက်ရန် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး မိမိတို့ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။