Skip to main content

မြို့သစ်ကြီးကျေးရွာမှ တောင်သူ ၄၂ ဦး သည် ၁၉၅၈ ခုနှစ်တွင် အဆိုပါတောရိုင်းမြေကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချစိုက်ပျိုးခဲ့ကြပါကြောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကြံခင်းများ စိုက်ပျိုးပြီး နမ္မတီးသကြားစက်ကို ကြံစိုက်ပျိုး ရောင်းချခဲ့သည့် ကြံတောင်သူများဖြစ်ပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးဝမ်ထိန်က သကြားစက်အတွက်၊ မျိုးကြံစိုက်ခင်းအတွက်ဟုဆိုကာ နှုတ်ဖြင့်သိမ်းယူခဲ့ကြောင်း၊ ၁၂-၉-၁၉၉၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ အထူး ဒေသ(၂) KIO အဖွဲ့ကို အခမဲ့လုပ်ပိုင်ခွင့် ၁၅ နှစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်စေခဲ့ပါကြောင်း၊

၂၇ -၂- ၂၀၀၉ ရက်နေ့တွင် နမ္မတီးသကြားစက်ရုံကြီးကို ကျပ်သန်း ၃၅၀နှင့် အပြီးအပိုင် လွှဲပြောင်း ရောင်းချပေးခဲ့ပြီး KIO အဖွဲ့ပိုင် ဘူဂါးကုမ္ပဏီက ဆက်လက်လုပ်ကိုင်လျက် ရှိရာတွင် အဆိုပါမြေကိုလည်း လက်ရောက်ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊

ကြံတောင်သူများအနေဖြင့် ၎င်းတို့မြေပြန်လည်ရရှိရေး အစဉ်အဆက် တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ရပ်နားထားစဉ်ကာလအတွင်း မြို့သစ်ကြီးကျေးရွာ မဲဆန္ဒရှင်များနှင့် တွေ့ဆုံပွဲတွင် ကျေးရွာသူကျေးရွာသားများ၏တင်ပြချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနများကို မေးခွန်းများ မေးမြန်းခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ဖြေကြားချက်များအရ နမ္မတီးသကြားစက်ကို လွှဲပြောင်းလုပ်ကိုင်စေရာတွင် လည်းကောင်း၊ အပြီးအပိုင်ရောင်းချရာမှာ လည်းကောင်း၊ သကြားစက်ရုံတည်ရှိရာ မြေနေရာ ၉၈.၉၃ ဧကသာဖြစ်ပြီး တောင်သူများ ၄၂ ဦးပိုင် တင်ပြပါစိုက်ပျိုးမြေ ၈၁.၃၆ ဧက မပါဝင်ကြောင်း သိရှိခဲ့ရသည့်အတွက် တောင်သူများ အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ကြရပါကြောင်း၊ သို့ပါသော်လည်း တောင်သူများပြန်လည်လုပ်ကိုင်ခွင့်ရရေး လယ်‌ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အဆင့်ဆင့်ကို တင်ပြဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်နေကြောင်း၊ လယ်‌ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ စိစစ်တွေ့ရှိချက်အရ သိမ်းယူစဉ်က ဥပဒေနှင့်အညီ သိမ်းယူခြင်း မဟုတ်ကြောင်း၊ တရားဝင်လွှဲပြောင်းရာတွင်လည်း သကြားစက်မြေမပါကြောင်း၊ တောင်သူများ အချင်းချင်း အပြန်အလှန်ထောက်ခံမှုရှိသည့်အတွက်၊ ၎င်းမြေသည် တောင်သူများ ပိုင်သည့်မြေဖြစ်သည့်အတွက် ပြန်လည်စွန့်လွှတ်စေချင်ကြောင်း ပါဝင်သည့် စိစစ်တွေ့ရှိချက်ဖြစ်ပါကြောင်း၊

မူလက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် စက်ရုံဖြစ်သည့်အတွက် ဝန်ကြီးဌာနကိုမေးမြန်းရာတွင် စက်မှုဝန်ကြီးဌာနကို လွှဲပြောင်းပြီးဖြစ်သည့်အတွက် စက်မှုဝန်ကြီးဌာနက ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စဟု ဖြေကြားခဲ့သည့် ဖြေကြားချက် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနကို မေးမြန်းရာတွင် သကြားစက်အပြီးအပိုင် လွှဲပြောင်းသည့်အခါတွင် နမ္မတီးသကြားစက်မြေ ၉၈.၉၃ ဧကကိုသာ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ၎င်းမြေ ၈၁.၃၆ ဧကသည် အဆင့်ဆင့်လွှဲပြောင်းရာတွင် မပါဝင်ကြောင်း ဖြေကြားချက်ဖြစ်ပါကြောင်း၊ သကြားစက်ကိုသာ လွှဲပြောင်းရောင်းချခြင်းဖြစ်သည့်အတွက် ၎င်းမြေနှင့် သုံးမိုင်ဝေးသည့် စိုက်ပျိုးမြေနေရာသည် သီးခြားစီဖြစ်သည်ကို ပေါ်လွင်ထင်ရှားအောင် တင်ပြရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအသီးသီး၏ ဖြေကြားချက်အရလည်းကောင်း၊ လယ်‌ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီများ၏ စိစစ်တွေ့ရှိချက်များအရ လည်းကောင်း တောင်သူ ၄၂ ဦးကို ပြန်လည်စွန့်လွှတ်ပေးရမည်မှာ ပေါ်လွင်ထင်ရှားနေပြီဖြစ်သည့်အတွက် မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ ကွင်းအမှတ်(၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁.၃၆ ဧက အား မူလပိုင်ရှင်တောင်သူများထံ မည်သို့သော အစီအစဉ်များဖြင့် ပြန်လည်စွန့်လွှတ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ ကွင်းအမှတ်(၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁.၃၆ ဧကကို မူလပိုင်ရှင်တောင်သူများကို ပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တာဝန်ရှိသူများ တွေ့ဆုံစိစစ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်ကို ဖြေကြားထားပါကြောင်း၊  နမ္မတီးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့သစ်ကြီးကျေးရွာအုပ်စု တောင်သူများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ မှ တာဝန်ရှိသူများ၊ သက်ဆိုင်သည့် ဘူဂါးကုမ္ပဏီမှ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွကခဲ့သည် တင်ပြထားကြောင်း၊

ယခုလို စီမံဆောင်ရွက်ခဲ့မှုနှင့်အညီ ဗဟိုလယ်‌ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချထားသည့် မူဝါဒလမ်းစဉ်နှင့် ဆောင်ရွက်ရန်အချက် ၅၂ ချက် အနက် စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်းပြီး စိစစ်ရန်အချက် ၅ ချက်ကို သက်ဆိုင်ရာ ဘူဂါးကုမ္ပဏီအား အသေးစိတ်ရှင်းလင်းချပြခဲ့ကြောင်း၊ ကုမ္ပဏီတွင် တာဝန်ရှိသည့် တာဝန်ခံများအနေဖြင့်လည်း မိမိတို့၏ကုမ္ပဏီရုံးချုပ်ရှိရာ မြစ်ကြီးနားကို ဆက်လက်တင်ပြ၍ တရားဝင်အကြောင်းကြားစာနှင့် ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ သို့သော် ယခုအချိန်ထိ ဘူဂါးကုမ္ပဏီမှ အကြောင်းပြန်ကြားလွှာ တစ်စုံတစ်ရာမရရှိသေးသည့် အခြေအနေဖြစ် ကြောင်း ဖြေကြားထားပါကြောင်း၊ တရားဝင် ဆက်သွယ်အကြောင်းကြားစာရရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဝင်းနိုင်(မိုးကောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဘူဂါးကုမ္ပဏီသည် မြစ်ကြီးနားမြို့တစ်မြို့လုံးနှင့် ဝိုင်းမော်မြို့ကို လျှပ်စစ်မီးပေးနေသည့် အကြီးစားကုမ္ပဏီကြီးတစ်ခုဖြစ်ပါကြောင်း၊ မြစ်ကြီးနားတွင် ကုမ္ပဏီရုံးချုပ်ထိုင်၍ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည့်ကုမ္ပဏီဖြစ်ပါကြောင်း၊ ကုမ္ပဏီသည် သက်ဆိုင်ရာ အုပ်ချုပ်နေသည့် အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိနေပါသော်လည်း ညှိနှိုင်းပေးသည့်အခါတွင် မည်မျှ အချိန်ယူရ၍၊ မည်သည့်အချိန်တွင် ကုမ္ပဏီမှ ရှင်းရှင်းလင်းလင်း အဖြေသိရမလဲဆိုတာကို သိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တစ်ဆက်တစ်စပ်တည်း မေးမြန်းသည့်မေးခွန်းနှင့် ပတ်သက်၍ အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေး အကြောင်းကြားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။