Skip to main content

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေး၊ လုပ်ကိုင်စား‌သောက်နိုင်သည့် လူမှုဘဝပတ်ဝန်းကျင်ဖြစ်ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေ၊  ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေများအပါအဝင် တည်ဆဲဥပဒေများအားလုံးကို လိုက်နာရပါကြောင်း၊ ရဲအက်ဥပဒေများသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ပြဋ္ဌာန်းထားသည့်ဥပဒေများဖြစ်ပြီး ထိုပြဋ္ဌာန်းချက်များအနက် အချို့ပြဋ္ဌာန်းချက်များသည် လက်ရှိကာလနှင့် ကိုက်ညီမှုမရှိတော့ သဖြင့် လက်ရှိနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်‌ကြောင်း ၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၂ တွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထူးခြားသည့်လုပ်ငန်းသဘောသဘာဝအရ ၎င်းတို့နှင့်ပတ်သက်၍ သီးခြားဥပဒေ  ပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု ဖော်ပြသည်ကိုတွေ့ရှိရပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရှေ့သို့ဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေသည် လက်ရှိကာလအခြေအနေနှင့် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသဖြင့် ပြည်သူလူထုအတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ လုပ်ငန်းစွမ်းရည်ကျဆင်းလာခြင်း၊ အကျင့်ပြခြစားမှုနှင့် အဂတိလိုက်စားမှုများပြားလာပြီး တရားဥပဒေ စိုးမိုးမှုအားနည်းလာပါကြောင်း၊ ထိုသို့ဖြစ်လာပါက လူထုမှ ရဲတပ်ဖွဲ့အပေါ် ယုံကြည်အားကိုးမှု များလျော့နည်းလာ၍ ရဲလုပ်ငန်းတွင် ပြည်သူလူထုမှပူးပေါင်းဆောင်ရွက်မှုများ လျော့နည်းကျဆင်း လာပြီး ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုအားနည်းလာမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေသည် ဥပဒေကြမ်းရေးဆွဲပြီးဖြစ်သော်လည်း ယနေ့အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိဘဲ ကြန့်ကြာနေသည့်ကိစ္စဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ်မှစ၍  ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါဥပဒေကြမ်းအား ၂၀၁၇ ခုနှစ်  မတ်လမှစ၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီမှ ဦးဆောင်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများပါဝင်သည့်အဖွဲ့နှင့်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များကို အခါအားလျော်စွာဖိတ်ကြား၍ ပါဝင်ဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ကဏ္ဍပေါင်းစုံမှ ဆွေးနွေးအကြံပြုချက်များအရ ၂၀၁၈ ခုနှစ်  မတ်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကြမ်းကို ရေးဆွဲ နိုင်ခဲ့ပါကြောင်း၊ ထိုဥပဒေကြမ်းအား ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပ‌ဒေရေးရာအကြံ‌ပေး ကော်မတီအစည်းအဝေးသို့ တင်ပြချက်များရယူခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက် များတောင်းခံ၍ အကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးဖြစ်သော်လည်း ထိုဥပဒေကြမ်းမှာ  ယနေ့အထိ လွှတ်တော်များသို့ ရောက်ရှိလာခြင်းမရှိသဖြင့် ဆွေးနွေးအတည်ပြုနိုင်ခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေသည် ယခုလက်ရှိကာလအခြေအနေအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၂ အရလည်းကောင်း ပြဋ္ဌာန်းရန်လိုအပ်သည့် ဥပဒေဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်ကာလ၌လည်းကောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ယနေ့အထိလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲ နေကြောင်း အကြိမ်ကြိမ်ပြောကြားနေသည်ကို ‌တွေ့ရပါကြောင်း၊ ဥပဒေကြမ်းရေးဆွဲနေသည်မှာ ငါးနှစ်ခန့်ရှိသည့်အပြင် ‌ရေးဆွဲပြီးသည့်ဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့  အကြံပြုချက် များတောင်းခံ၍ အကြံပြုချက်များအရ လိုက်နာဆောင်ရွက်ပြီးဖြစ်သော်လည်း ယနေ့အထိ လွှတ်တော် များသို့ ရောက်ရှိဆွေးနွေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲများ ကျင်းပရန်  အချိန်များနီးကပ်လာပြီဖြစ်၍ တိုင်းပြည်အေးချမ်းသာယာရေးနှင့် တရား  ဥပ‌ဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ထိုဥပဒေ များ သည် လက်ရှိကာလနှင့်  မကိုက်ညီတော့သဖြင့် ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်စိုးတင့်နိုင်

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်စိုးတင့်နိုင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊  တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းရည်မှန်းချက် တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောအမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံ အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ‌ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်း များဆောင်ရွက်ရေး စသည့်လုပ်ငန်းတာဝန်(၆)ရပ် ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲအက်ဥပဒေများနှင့် တည်ဆဲအထူးနှင့် အထွေထွေဥပ‌ဒေများဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အပေါ် တိကျစွာအပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ရန်ကုန်ရဲအက်ဥပဒေကို ၁၈၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ရဲအက်ဥပဒေကို ၁၉၄၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ရဲအက်ဥပဒေများပါ ပြဋ္ဌာန်းချက်များသည် ယေဘုယျအား ဖြင့် ရဲတပ်ဖွဲ့စီမံအုပ်ချုပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်များနှင့် တပ်ဖွဲ့ဝင်များကို စည်းကမ်းထိန်းသိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင်ကြောင်း၊ အဆိုပါရဲအက်ဥပဒေများသည် လက်ရှိအခြေအနေများအရ လိုအပ် ချက်၊ အားနည်းချက်များ ရှိသည်မှန်သော်လည်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်သည့်အခါတွင် ရဲလက်စွဲပါပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထား သည့်အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရသည့်အပြင် ရဲတပ်ဖွဲ့ဝင်များ စောင့်ထိန်း လိုက်နာရသည့် ရဲကျင့်ဝတ်အပါး ၇၀ နှင့်အညီ ကျင့်သုံးဆောင်ရွက်နေရသည့်အတွက် ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံခန့်ခွဲလျက်ရှိသည့် ဥပဒေ ၂၃ ခုရှိပါကြောင်း၊ ၎င်းဥပဒေများအပေါ် ကျင့်သုံးဆောင်ရွက်သည့်အခါတွင် တည်ဆဲဥပဒေများအပြင် ရဲလက်စွဲပါပြဋ္ဌာန်းချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် တာဝန်ထမ်းဆောင်ရာတွင်လိုအပ်သည့် ကိုယ်စီတာဝန် တည်မြဲအမိန့်များ၊ လုပ်ငန်းရေးရာတည်မြဲအမိန့်များနှင့် ညွှန်ကြားချက်များကိုပါထုတ်ပြန်ပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုအချိန်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ(မူကြမ်း)  ရေးဆွဲ ဆောင်ရွက်ဆဲ ဖြစ်သော်လည်း လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အခက်အခဲတစ်စုံ တစ်ရာ မရှိကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများကို ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရဲလက်စွဲပထမတွဲမှ စတုတ္ထတွဲအထိ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါရဲလက်စွဲများကို ခေတ်အဆက်ဆက် လိုက်လျောညီထွေအောင် မြန်မာဘာသာပြန်ဆိုပြင်ဆင်တည်းဖြတ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ရဲလက်စွဲ များ ပြန်လည်ပြင်ဆင်ရေးကော်မတီကိုဖွဲ့စည်းပြီး ရဲလက်စွဲပထမတွဲနှင့် စတုတ္ထတွဲကို  မြန်မာပြန်ဆို ကာ ခေတ်စနစ်နဲ့လိုက်လျောညီထွေဖြစ်အောင် အကြိမ်ကြိမ်စိစစ်ပြီး ရဲလက်စွဲပထမတွဲအဖြစ် တပေါင်းတည်း ရေးသားပြုစုခဲ့ပါကြောင်း၊ ထို့အပြင် ရဲလက်စွဲဒုတိယတွဲနှင့် တတိယတွဲတို့ကိုလည်း ခေတ်စနစ်နှင့်လျော်ညီအောင် စိစစ်တည်းဖြတ်ပြင်ဆင်ခဲ့ပါကြောင်း၊ ရဲလက်စွဲပထမတွဲသည် ရဲတပ်ဖွဲ့ ဆိုင်ရာစီမံအုပ်ချုပ်ခြင်းများနှင့် သက်ဆိုင်ပြီး ဒုတိယတွဲသည် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရဲလုပ်ငန်းများနှင့် သက်ဆိုင်ပါကြောင်း၊ တတိယတွဲသည် ရထားတပ်ဖွဲ့နှင့်သက်ဆိုင်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကျယ်ပြန့်ကြီးမားသည့် အတွက် ၁၉၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမီးရထားနှင့် စုံထောက်ဌာန ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ရထားရဲတပ်ဖွဲ့အတွက် သီးခြားရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ စုံထောက်ဌာနအတွက် စုံထောက်လက်စွဲဟု သီးခြားရေးဆွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို စည်းကမ်းထိန်းသိမ်းရေးအတွက် ယခင်က ရဲအက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အရေးယူဆောင်ရွက် ခဲ့သော်လည်း စည်းကမ်းပိုမိုကောင်းမွန်သည့်တပ်ဖွဲ့တစ်ခုဖြစ်ရန်အတွက် ၁၉၉၅ ခုနှစ်တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၂ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထူးခြားသည့်လုပ်ငန်း သဘောသဘာဝအရ သီးခြားဥပဒေပြဋ္ဌာန်းရမည်ဟုပါရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(င)တွင်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များသည် တပ်မတော်၊ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့တို့နှင့် အကျုံးဝင်ခြင်းမရှိသည့်အတွက် တိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို အသစ်ရေးဆွဲရန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရေးဆွဲသည့်အခါတွင်လည်း နိုင်ငံတော်တွင်ရှိသည့် တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ရှိဖွဲ့စည်းပုံနှင့် ရှေ့အနာဂတ်အတွက် မျှော်မှန်းချက်များနှင့်ပါ ပြည့်စုံညီညွတ်မှု ရှိစေရန် ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ(မူကြမ်း) ရေးဆွဲရေး အတွက် ကော်မတီဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေးကော်မတီများတွင် စုစုပေါင်း အစည်းအဝေး(၁၆)ကြိမ်ပြုလုပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံပြုချက်နှစ်ကြိမ် တောင်းခံ ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ(မူကြမ်း) ရေးဆွဲနေချိန်တွင် နိုင်ငံတော်၏ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေနှင့် မြန်မာနိုင်ငံက ပါဝင်အတည်ပြု ထားသည့် ကုလသမဂ္ဂ ကွန်ဗင်းရှင်းများ၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်တပ်ဖွဲ့များကိုလည်း တိုးချဲ့ဖွဲ့စည်းပေးလျက်ရှိပါကြောင်း၊ တိုးချဲ့ဖွဲ့စည်းသည့်အထဲတွင် နိုင်ငံတော်၏နယ်နိမိတ်နှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတွင် ပါဝင်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် နိုင်ငံ၏နယ်နိမိတ်နှင့် နယ်စပ်ဒေသလုံခြုံရေးကို ဆောင်ရွက်      ရခြင်းဖြစ်သည့်အတွက် ကျန်သည့်တပ်ဖွဲ့များနှင့် လုပ်ငန်း သဘောသဘာဝကွဲပြားသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်နိုင်ရန်အတွက် ဥပဒေတစ်ရပ်သီးခြား ရေးဆွဲသင့်ကြောင်း တွေ့ရှိရသည့်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဥပဒေ(မူကြမ်း)ကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေ ကိုရေးဆွဲသည့်အခါတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဥပဒေနှင့်လည်း ညီညွတ်မှုရှိပြီး ဥပဒေတစ်ခုနှင့်တစ်ခု ကွဲလွဲမှုမရှိဘဲ ချိတ်ဆက် ညီညွတ်မှုရှိရန် လိုအပ်ချက်များအပေါ်သုံးသပ်၍ ဥပဒေ(မူကြမ်း)များ ရေးဆွဲလျက်ရှိသည့်အတွက် အဆိုပါဥပဒေနှစ်ခုအား တစ်ပြိုင်တည်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါဥပဒေ(မူကြမ်း)များကို ရေးဆွဲရာတွင် လက်ရှိရဲတပ်ဖွဲ့က လိုက်နာကျင့်သုံးနေသော ရဲလက်စွဲ များမှ အချို့အစိတ်အပိုင်းများကိုလည်း ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  ထို့အပြင် လိုအပ်သောနည်းဥပဒေများကိုပါ  ရေးဆွဲရမည်ဖြစ်သည့်အတွက် ၎င်းအပိုင်း များကိုလည်း လေ့လာသုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးလျှင် လိုအပ်ချက်များရှိသည့် အခါတွင် ပြင်ဆင်ဖြည့်စွက်ရန် အချိန်ယူဆောင်ရွက်ရသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ (မူကြမ်း)ကို တင်ပြခဲ့သည့်အခြေအနေများနှင့် ညီညွတ်ပြီး ပြီးပြည့်စုံသည့် ဥပဒေ တစ်ခုဖြစ်အောင် သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။