Skip to main content

ယခုမေးခွန်းကိုမေးမြန်းရသည့်ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်နှင့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပါ ကြောင်း၊ ကြောင်းကျိုးဖော်ပြချက်အနေဖြင့် ပြေးခုန်ပစ်အားကစားသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ကျား/မပြိုင်ပွဲများအလိုက်ကို ရွှေ ၄၆ ခု၊ ငွေ ၄၆ ခု၊ ကြေး ၄၆ ခု နေရာယူထားပါကြောင်း၊ ထို့ကြောင့်ပြေးခုန်ပစ်အားကစားတွင် အောင်မြင်သည့် နိုင်ငံများသည် နိုင်ငံအလိုက်အားကစား၌ ပထမအဆင့်တွင်ဝင့်ဝင့်ထည်ထည် ရပ်တည်နေသည်ကို တွေ့ရမည် ဖြစ်ပါ ကြောင်း၊ အားကစားများအနက် ပြေးခုန်ပစ် အားကစားနည်း သည်ဦးစီးခေါင်းကိုင်ဖခင် ဖြစ်ကြောင်း၊ အိုလံပစ်အားကစားပြိုင်ပွဲများတွင် မူလအစဖြစ်ကြောင်း၊ လူ့သဘာဝမှ ပေါက်ဖွားလာခြင်းဖြစ် ကြောင်း၊ အားကစားနည်းအားလုံးအတွက် အခြေခံကျသည် ဟု အတွေးအခေါ်ပညာရှင်များ ဆိုထား သည့်အတွက်ကြောင့် ပြေးခုန်ပစ်အားကစားကို နိုင်ငံတော်ကအားပေးပြီး ပြေးခုန်ပစ် အားကစား ကွင်းများ တည်ဆောက်ပေးသင့်ပါကြောင်း၊ မြန်မာ့ပြေးခုန်ပစ်အားကစားနှင့် ပတ်သက်၍ပြန်ကြည့် မည်ဆိုလျှင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများအားလုံးတွင် မြန်မာနိုင်ငံသည် ပထမအဆင့်တွင် နှစ်ကြိမ် တိုင်တိုင်ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ၎င်းကာလများကို ကြည့်မည်ဆိုလျှင် ပြေးခုန်ပစ်အားကစား ၏ရွှေခေတ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အားကစားပြိုင်ပွဲ အားလုံးတွင် ပထမအဆင့်တွင် ရပ်တည်နိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အကြမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှတွင် သာမက အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအထိအောင်မြင်ခဲ့ကြောင်း၊ ၎င်းတွင် ဂျင်မီခရင်တန်၊ သန်းသန်း၊ ခင်ခင်ထွေး၊ မာမာမင်း၊ ဂျင်နီဖာတင်လေး စသည့် အားကစားသမားများသည် ရွှေ၊ ငွေ၊ ကြေးများကိုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ကြကြောင်း၊ ထို့အတူ တပ်မတော်တွင်လည်း အိုလံပစ်ပြိုင်ပွဲ အဆင့်အထိ အာရှနှင့် Sea Game ပြိုင်ပွဲများတွင် ရောဘတ်၊ ကိုကို၊ အာဖူး၊ ရှင်ဘွေးဂန်း၊ မီတုန်းနော်၊ သန့်ဇင်၊ ဇော်ဝိတ်၊ အောင်စိုးခိုင် စသည့်အားကစားသမားများသည် ရွှေ၊ ငွေ၊ ကြေး တို့ကိုယူပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် နောက်ပိုင်းနှစ် အခြေအနေများတွင် မိမိနိုင်ငံသည် ပြေးခုန်ပစ်အားကစားတွင် မှေးမှိန်လာသည်နှင့် အတူ မိမိတို့နိုင်ငံ၏အဆင့်သည် အာရှအဆင့် မပြောနှင့် အရှေ့တောင်အာရှအဆင့်တွင် အဆင့်ခုနှစ် နှင့် ရှစ်တွင်ရှိသည်ကို တွေ့ရပါကြောင်း၊ အထက်ဖော်ပြပါ မိမိတင်ပြခဲ့သည့် ရည်ရွယ်ချက်များ အောင်မြင်ရန် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည့် မြို့နယ်များမှ စရပါကြောင်း၊ မြို့နယ်များ စသည့်အခါတွင်လည်း နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးမှု ၊ ဘတ်ဂျက်အနေအထားအရ မြို့နယ်တိုင်းတွင် ပြေးခုန်ပစ်အားကစားကွင်း တည်ဆောက်ပေးရန် လောလောဆယ် လက်တွေ့အခြေအနေများအရ မဖြစ်နိုင်ပါကြောင်း၊ သို့သော် အားမပေးလျှင်မဖြစ်သည့် ပြေးခုန်ပစ်အားကစားနည်းကို အားပေး သည့်အခါတွင် ထူးချွန်ထက်မြက် သည့် ပြေးခုန်ပစ်အားကစားသမားများကို မွေးထုတ်ပေးနေသည့် မြို့နယ်များမှစမည်ဆိုလျှင် လက်တွေ့ကျ၍ ဖြစ်နိုင်ကြောင်း၊ မိမိတို့ မြို့နယ်တွင်လည်း လက်ရှိအားကစားသမားများအနေဖြင့် လူငယ်များကိုမွေးထုတ်ပေးနေသည့် အရှေ့တောင်အာရှ တုတ်ထောက်ခုန်ချန်ပီယံ(Pole Jump) စွယ်မျိုးစုံချန်ပီယံမှ ဦးစိုးမြင့်အောင်နှင့်ဦးစီး သည့်အခါတွင် လူငယ်လက်ရွေးစင် ကစားသမား များမွေးထုတ်ပေးသည့်အခါတွင် စိုးမင်းထွေး (တုတ်ထောက်ခုန် မြန်မာ့လက်ရွေးစင်)၊ ဟန်ဝေဖြိုး (မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ ပဏာမမြန်မာ့ လက်ရွေးစင်)နှင့် တရုတ်ပြည်ထိ ငါးနှစ်သင်တန်းသွား ရောက်တက်ရောက်နေသည့်အနေအထားများရှိပါကြောင်း၊ ထို့ကြောင့် အလားအလာ ရှိသည့်မြို့နယ်များမှ လေ့ကျင့်ပေးမည်ဆိုလျှင် တိုင်းပြည် ၏ရည်ရွယ်ချက် များ၊ ဂုဏ်များပြည့်ဝလာမည်ဖြစ်ပါကြောင်း၊၎င်းအားကစားသမားများ ကိုအားကျ၍ ကျန်သည့် ကျောင်းသားလူငယ်ကစားသမားများလည်း လိုက်ပြီးကစားမည်ဆိုလျှင် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းရန်ဆိုသည့် နိုင်ငံတော်၏ရည်ရွယ်ချက်လည်းပြည့်မီမည်၊ ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ်ကစားသမားများကို အတိတ်မှာတုန်းကဲ့သို့ ပြန်လည်၍နိုးထလာပြီးသည့်အခါတွင် တိုင်းပြည်ဂုဏ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြို့နယ်ပြည်သူ့ဘောလုံးကွင်းနှင့်ယှဉ်တွဲ၍ ခေတ်မီလေ့ကျင့်ရေး ပစ္စည်းများနှင့်တကွ ပြေးခုန်ပစ် အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်မြလေးစိန်

ပြေးခုန်ပစ်အားကစားနည်းနှင့် ရေကူးအားကစားနည်းသည် အိုလံပစ်အားကစားနည်း၏အဓိက အားကစားနည်းများဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားကဲ့သို့ လူသား၏ဘဝ တစ်လျှောက်တွေ့ကြုံရသည့်အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် မရှိမဖြစ် တတ်မြောက် ရမည့်အားကစားနည်း နှစ်မျိုးဖြစ်ကြောင်း အတွေးအခေါ်ပညာရှင်များကိုက တိုက်တွန်းပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀ ရာစုနှစ် လောက်မှစပြီး ပြေးခုန်ပစ် ပြိုင်ပွဲများကို BAA(Burma Athletics Association)က ကြီးမှူးပြီး မြို့မကျောင်းတွင်ရှိသည့် မြင်းပြိုင်ကွင်းဟောင်း မိုင်တာကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ၁၉၁၀ ခုနှစ်မှစပြီး ပြေးခုန်ပစ်ပြိုင်ပွဲများကို အောင်ဆန်းအားကစားပြိုင်ကွင်း၊ ၁၉၄၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီနှင့်ဆက်သွယ်မှုရရှိပြီး IOC (International Olympic Committee) အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့်အခါတွင် ပြေးခုန်ပစ်အားကစားနည်းသည်လည်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် တရားဝင် အဖွဲ့အစည်းအဖြစ်ရပ်တည်၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၅၅ ခုနှစ်တွင် မြန်မာ့ပြေးခုန်ပစ်အားကစားနည်းတိုးတက်ဖွံ့ဖြိုးလာစေရန် နိုင်ငံတကာပြိုင်ပွဲများ တွင် ဆုတံဆိပ်ရရှိစေရန်အတွက် အမေရိကန်နိုင်ငံမှ နည်းပြဆရာတစ်ဦးအား ငှားရမ်း၍ မြန်မာနိုင်ငံ တွင်ရှိသည့် နည်းပြများကိုလည်း လေ့ကျင့်ပေးခြင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် နည်းပြများအား နိုင်ငံတကာများသို့စေလွှတ်ပြီးနည်းပြပညာများကိုသင်ယူပေးခဲ့ပါကြောင်း၊ပြေးခုန်ပစ်အားကစားနည်းသည် အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲတွင် အချိန်အတော်ကြာ မြန်မာနိုင်ငံက လွှမ်းမိုးနေသည်ကိုတွေ့ရှိရပြီးမြန်မာတို့သည် ရွှေခေတ်တစ်ခု ကိုတည်ထောင်နိုင်ခဲ့ကြောင်း၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း တဖြည်းဖြည်းနှင့် ကျဆင်းလာကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့်ဦးသန့်စင်နှင့်ဦးစာလောလတို့သည်ဆိုလျှင်လည်း ရွှေခေတ် လွှမ်းသည့်အချိန်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုဆောင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ နာမည်ကြီး အားကစားသမားလည်း ဖြစ်သည့် ထူးချွန်နည်းပြလည်းဖြစ်သည့် ဦးကျော်ခင်သည် ၁၉၆၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ  နည်းပြချုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်အားကစားသမား၊ မြန်မာ့ လက်ရွေးစင်မြောက်မြားစွာကို လေ့ကျင့်သင်ကြားမွေးမြူပေးခဲ့ပါကြောင်း၊ ထိုအချိန်တွင် အာရှတိုက်ကို ကိုယ်စားပြုပြီးမိမိတို့နိုင်ငံအနေဖြင့် သွားရောက်ပြီးယှဉ်ပြိုင်နိုင်ခဲ့ပါကြောင်း၊ ပြေးခုန်ပစ်၏ အားကစားနည်းဆောင်ပုဒ်ဖြစ်သည့် မြန်မြန်ပြေး၊ ဝေးဝေးပြေး၊ မြင့်မြင့်ခုန် သတ်မှတ်ထားခဲ့ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ သွက်လက်လျင်မြန်ပေါ့ပါးမှု၊ ဇွဲလုံ့လစိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို နိုင်ငံသူနိုင်ငံသားများအတွက်လည်းကောင်း၊ လူငယ်လူရွယ်များ၊ အားကစားသမားများအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်အထူးလိုအပ်သည့်အားကစားနည်းဖြစ်ပါကြောင်း၊နိုင်ငံတကာ အားကစား ပြိုင်ပွဲတွင်လည်း တစ်ဦးတည်းမှနေပြီး ရွှေတံဆိပ်သုံး၊ လေးခုရရှိနိုင်သည့် individual အားကစားနည်း ဖြစ်ပါကြောင်း၊ ပြေးခုန်ပစ် အားကစားနည်းကိုရွှေတံဆိပ် ၄၆ ခုထိချီးမြှင်လေ့ရှိရာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက်အခွင့်အလမ်း အများဆုံးအားကစားနည်းဖြစ်သည့် အတွက်ကြောင့် နိုင်ငံ့၏အားကစားအဆင့်အတန်းလည်းမြင့်တက် လာမည်ဖြစ်ပါကြောင်း၊ ပြေးခုန်ပစ်မျိုးဆက်သစ် အများအပြား ပေါ်ထွက်လာစေရန်အတွက် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ၊ မြို့နယ်/ခရိုင် ပြေးခုန်ပစ် ပြိုင်ပွဲ၊ တိုင်းဒေသကြီး/ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲ၊ တက္ကသိုလ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ၊ ကြီး/ရေ/လေပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပြိုင်ပွဲများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် မီတာ ၄၀၀ ပြေး ခုန်ပစ်ကွင်းတွင် ဘောလုံး ကွင်းပေါင်း ၂၃၄ ကွင်းရှိပြီး မီတာ ၄၀၀ Athletic ကွင်းပေါင်း ၁၇ ကွင်း ရှိပါကြောင်း၊ ထိုကွင်းနှစ်ကွင်းကိုဆောက်ရန် ကျပ်သန်းပေါင်း ၃၄၅ သန်းကုန်ကျမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ယခုလွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သူမြို့နယ် ဘောလုံးကွင်းနှင့် ယှဉ်တွဲပြီး အားကစားလေ့ကျင့်ရေး  ပစ္စည်းများနှင့်အတူ ပြေးခုန်ပစ်အားကစားကွင်း၊ အားကစားရုံတစ်ရုံတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းထားပြီး ဦးစားပေးအနေဖြင့် အားကစား ရုံတစ်ရုံကိုစတင်ခွင့်ပြုပြီး အားကစားကွင်းအနေနှင့် ပြေးခုန်ပစ်ကွင်းအနေနှင့်တော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေစာရင်းမှ ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဘောလုံးကွင်းနှင့်ယှဉ်၍တည်ရှိသည့် ပြေးခုန်ပစ်ကွင်းများ တွင်လေ့ကျင့်ခွင့်ပေးနိုင် ရန်အတွက် သက်ဆိုင်ရာသို့တင်ပြပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ပါသည်။

ဦးဉာဏ်လင်း(ရွှေပြည်သာမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မေးခွန်းသည် အပေါ်ယံကြည့်လျှင် ‌ရွှေပြည်သာမြို့နယ်အတွက်ဟုထင်ရသော်လည်း နိုင်ငံတော်အတွက်ရည်ရွယ်ပါကြောင်း၊ သမိုင်းအစဉ် အလာလည်း အင်မတန်ကြီးမားပြီး နိုင်ငံအတွက်အစဉ်တစိုက် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားများမွေးထုတ်ပေးနေသည့်အောင်ဆန်းကွင်း၊ ဒုတိယဝန်ကြီးတင်ပြသွားသကဲ့သို့ ယခုအားကစားကွင်းများသည်လည်း ပြေးခုန်ပစ်အားကစား အင်မတန်နည်းနေပါကြောင်း၊ အောင်ဆန်းကွင်းသည်  အားလုံးခြောက်သယောင်း၍ ပြေးခုန်ပစ်ကွင်းနှင့် ဘောလုံးကွင်းယှဉ်တွဲပြီး အတူတူတည်ရှိငြားသော်လည်း အတိတ်သမိုင်းကအင်မတန် ထူးချွန်ပြောင်မြောက်သည့် အားကစားသမားများ ကိုမွေးထုတ်ပေးခဲ့သည့်  ကွင်းဟု ယူဆ၍မရသည့်အနေအထားဖြစ်ပါကြောင်း၊ ရန်ကုန်မြို့သည် အစစအရာရာအဘက်ဘက်မှ အမြင်ကျယ်သည့် မြို့ဖြစ်ပြီး နိုင်ငံ့လက်ရွေးစင် မွေးထုတ်နိုင်ရန်အတွက် အလားအလာ ကောင်းသည့်ကွင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဟောင်းနွမ်းပြီး လုံးဝလေ့ကျင့်မှုကင်းမဲ့နေသည့် အောင်ဆန်းကွင်းကြီး၏ ပြေးခုန်ပစ်ကွင်းများကို ခေတ်မီအောင်ပြန်လည်တည်ဆောက် အသက်သွင်းပြီး အတိတ်ကလို အားကစားသမားကောင်းများလေ့ကျင့်ပြီး နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်ရန် ပြန်လည်ပြုပြင်မွန်းမံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်မြလေးစိန်

အောင်ဆန်းကွင်းအား ခေတ်စနစ်နှင့် အညီပြန်လည်ပြုပြင်နိုင်ရေးအတွက် အဆောက်အဦများ ကြံ့ခိုင်မှုရှိ/မရှိကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနသို့ အကူအညီတောင်းခံပြီး စစ်ဆေးမှုပြုလုပ်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိသည့်အတွက် အသုံးပြုရန် မသင့်တော်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့်အောင်ဆန်းကွင်းအား အောင်ဆန်းအားကစား ပြိုင်ကွင်းအဆင့်မြှင့် ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၈-၇-၂၀၂၀ ရက်နေ့ နေပြည်တော်၊ ရုံးအမှတ် ၃၁ တွင် အစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အဆောက်အဦအင်ဂျင်နီယာ ဗိသုကာပညာရှင်များ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်အဖွဲ့ဝင်များ တက်ရောက်ပြီး အောင်ဆန်းကွင်းကိုမြို့အင်္ဂါရပ်နှင့်အညီ ပြန်လည်တည်ဆောက်နိုင်ရေးနှင့်အတူ ပြည်သူများအတွက် အကျိုးပြုစေမည့်ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားနိုင်ရန် ဆွေးနွေးသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြေးခုန်ပစ်လုပ်ငန်းများ၊ ပြေးခုန်ပစ်နှင့် ပတ်သက်သည့် အားကစားနည်းပြန်လည်အောင်မြင်နိုင်ရန်အတွက် စီမံချက်များချပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ နှစ်လုံးပေါက်ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ခရိုင်များတွင် ပြိုင်ပွဲများစဉ်ဆက်မပြတ်ပြုလုပ်ပေးရမည်  ဖြစ်ပါကြောင်း၊ ပြေးခုန်ပစ်အားကစား တိုးတက်ရန်အတွက် လိုအပ်သည်မှာ Infrastructure ဟုခေါ်သည့် အားကစားကွင်းတစ်ခုတည်းနှင့်မရပါကြောင်း၊ ခေတ်မီသိပ္ပံနည်းကျလေ့ကျင့်နိုင်သော Scientific Training Facility များ၊ Talented Player များ၊ ပင်ကိုယ်ဗီဇပါလာသည့် Player များ ရှာဖွေရမည်ဖြစ်ပါကြောင်း၊ Dedicated Devoted Scientific Training နည်းပြဆရာကိုယ်တိုင် သိပ္ပံနည်းကျကျနားလည်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်ပေးနိုင်သည့် နည်းပြများ လိုအပ်နေကြောင်း၊ ဘဏ္ဍာငွေ လုံလောက်စွာထောက်ပံ့ပေးရန်လိုမည် ဖြစ်ပါကြောင်း၊ အားကစားများ တိုးတက်လာစေရန်အတွက် စိတ်အားစေတနာထက်သန်ကောင်းမွန်သောမြန်မာ့အားကစားအဖွဲ့ချုပ်များ၏တည်ရှိမှုအခန်းကဏ္ဍ သည်အရေးကြီးပါကြောင်း၊ ဦးစီးဌာန၏ အားကစားနှင့်ပတ်သက်သည့် အတွေးအခေါ်မြင့်မားသော Future Plan များကိုရေးဆွဲ အကောင်အထည် ဖော်နိုင်မှုသည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအမံနှင့် ၎င်းအစီအမံများကို သေချာစွာလိုက်ပါ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်မည့် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ပြီး သိပ္ပံနည်းကျသည့်သုတေသနလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းကော်မတီ၏ ဖြစ်တည်မှုသည် အရေးကြီးပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ကွင်းများ၊ ရုံများမြောက်မြားစွာ တည်ဆောက်ထားပေးပြီးဖြစ်ပါကြောင်း၊ ၎င်းကွင်း၊ ရုံများသည် အားကစားကို စိတ်ပါဝင်စားသောလူငယ်လူရွယ်များ၊ ကျန်းမာရေးအတွက်အားကစားသည် နိုင်ငံတွင်ရှိသည့် လူငယ်လူရွယ်များ ကျန်းမာဖွံ့ဖြိုးရေး အတွက် လိုအပ်သည်ကိုနားလည်ပြီး မိမိကိုယ်တိုင်၊ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းများ၏တွန်းအားဖြင့် ကွင်းထဲမှာလာရောက်ကစားနိုင်မှ သာလျှင် လုပ်ငန်းများ ဆက်လက်အောင်မြင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။