Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ အလယ်တန်းကျောင်း(ခွဲ)များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စတင်သည့် ဇွန်လမှစ၍ အခြေခံပညာကို သင်ကြားပြသနေသည့် ဆရာဆရာမများ ပြည့်စုံမှုမရှိ လစ်လပ်နေပါသဖြင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေကြသည့် မိမိတို့၏ ရင်သွေးသားသမီးများ ပညာသင်ကြားရာတွင် အခက်အခဲများ ရှိနေပါသဖြင့် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနသို့ တင်ပြပြီး ဆရာဆရာမများ ရရှိနိုင်ရန် ကူညီတောင်းခံတင်ပြလာကြောင်း၊ သက်ဆိုင်ရာ ပညာရေးဌာန၊ မြို့နယ်ပညာရေးမှူးထံသို့ အခြေခံပညာ သင်ကြားရေး  ဆရာဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခဲ့ပါကြောင်း၊ မြို့နယ်ပညာရေးမှူးမှ အားလုံးပြည့်စုံစေရန်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ကျေးရွာများမှ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများမှ လူထုခန့်ဆရာဆရာမများ ငှားရမ်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာဆရာမများသည်လည်း ပြောင်းရွှေမိန့်များ ရရှိပြီး အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားကြကြောင်း၊ ပြောင်းရွှေ့သွားသည့် ဆရာဆရာမများ နေရာတွင် အချိန်မီ အစားထိုး ခန့်အပ်တာဝန်ပေးနိုင်ခဲ့ခြင်း မရှိပါသဖြင့် ဒေသခံကျေးရွာများရှိ အခြေခံပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေးအတွက်များစွာအခက်အခဲဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာများမှ လိုအပ်လျက်ရှိသည့် အခြေခံပညာသင်ကျောင်းများအတွက် ဆရာဆရာမများ ပြည့်စုံခန့်အပ်တာဝန်ပေးရန် ပညာရေးဌာနသို့ တင်ပြပေးရန် လူထုတွေ့ဆုံပွဲ၊ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ် တင်ပြလာပါသဖြင့် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်းရှိ ဆဟောင်းကျေးရွာအုပ်စု၊ နားယမ်းကျေးရွာအုပ်စု၊ ဟွေကောက်ကျေးရွာအုပ်စု၊ ပါမုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာအုပ်စု၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ကုန်းယောကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်းရှိ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များတွင် လစ်လပ်လျက်ရှိသည့် လိုအပ်သည့် အခြေခံပညာရေး ဆရာဆရာမများ ခန့်အပ်တာဝန်ပေးရန် မည်သို့ စီစဉ်ဆောင်ရွက်လျက်ရှိမည်နည်း နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဖြည့်ဆည်းခန့်အပ်တာဝန်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသဖြင့် မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး

ပညာရေးဝန်ကြီးဌာနသည် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အစိုးရအခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၇,၇၆၀ ကျောင်း ရှိပါကြောင်း၊ ၎င်းကျောင်းများတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၏ စာရင်းအင်းအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆရာလိုအပ်ချက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြစာရင်းသည် တစ်နိုင်ငံလုံးတွင် အထက်တန်းပြ ၁,၁၃၅၀ ဦး ဖြစ်ပါကြောင်း၊ ယခင်နှစ် အထက်တန်းအဆင့် ကျောင်းတိုးသည့်စာရင်းနှင့် ယခုပညာသင်နှစ် ၂၀၂၀-၂၀၂၁ တွင် အထက်တန်းကျောင်း အဆင့်တိုးသည့် ၁,၀၀၀ ကျော် ၂၀၀၀ အတွက် မပါကြောင်း၊ အလယ်တန်းပြလိုအပ်ချက်သည် ၂၂,၃၃၁ ဦး ဖြစ်ပါကြောင်း၊ ၎င်းသည်လည်း ယခင်နှစ် ပညာသင်နှစ်၏ ကျောင်းစာရင်းနှင့် ယခုနှစ်၏ ကျောင်းစာရင်းအရ လိုအပ်ချက် မပါသေးကြောင်း၊ မူလတန်းပြ လိုအပ်ချက်သည် တစ်နိုင်ငံလုံးတွင် ၅၀,၈၂၀ ဦး လိုအပ်လျက်ရှိကြောင်း၊ သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုအပ်နေသည့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြများကို ခန့်ပေးရန်အတွက် စီစဉ်ဆောင်ရွက်သည့်အချိန်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အထက်တန်းပြ စုစုပေါင်း ခန့်ခွင့်ရသည်မှာ ၂,၃၇၇ ဦး ဖြစ်ပါကြောင်း၊ အလယ်တန်းပြသည် ၇,၄၄၄ ဦးဖြစ်ကြောင်း၊ မူလတန်းပြသည် ၄,၅၆၇ ဦး စုစုပေါင်း ၁၄,၃၈၈ ဦး၊ ၎င်းသည် B.Ed ဘွဲ့ရများ၊ DTEd ဆင်းများ၊ PPTT ဆင်းများ မပါသေးသည့်အပြင် ထပ်ပြီးခန့်ထားရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်ကာလ ဖြစ်သည့်အတွက် စာမေးပွဲများဖြေပြီးမှ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည်ကို စိစစ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အစိုးရအခြေခံပညာကျောင်းများကို အဆင့်တိုးပေးသည့်အချိန်တွင် အထက်တန်းကျောင်း စုစုပေါင်း ၁၆၁ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၅၂၃ ကျောင်း၊ အလယ်တန်းကျောင်း ၇၀၉ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၃,၈၅၁ ကျောင်း အဆင့်တိုးပေးခဲ့ပါကြောင်း၊ ရှိသည့်ဆရာဆရာမများသည် အစိုးရအခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများတွင် စုစုပေါင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ စာရင်းအရ ၄၀၄,၄၄၄ ဦးသာ ရှိပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပထမ တင်ပြခဲ့သည် ၁၄,၀၀၀ ကျော်မပါဘဲ ယခုပညာသင်နှစ်အတွက် ကျောင်းဖွင့်ရန်အတွက် ခန့်ပေးသည့်အချိန်တွင် B.Ed ဘွဲ့ရ စုစုပေါင်း ၁,၁၈၃ ဦး၊ DTEd နှင့် PPTT ဆင်း ၆,၂၉၁ ဦးနှင့် ၉,၉၇၂ ဦး ခန့်ထားပေးပြီးကြောင်း၊ သို့သော် ဆရာလိုအပ်ချက်သည် မြင့်မားကြောင်း၊ ကျောင်းများ အသစ်တိုးဖွင့်ခြင်းများ ရှိသည့်အတွက် ၎င်းတို့ကို စီစဉ်ဆောင်ရွက်သည့်အချိန်တွင် ပညာရေးကောလိပ်များ၊ ပညာရေးတက္ကသိုလ်များကို တက်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသခံများကို ဦးစားပေးပါကြောင်း၊ ရာထူးခန့်ခြင်း၊ ရာထူးပြောင်းခြင်း၊ ရာထူးတိုးခြင်းများတွင် ပြည်နယ်ရှိ တိုင်းရင်းသား ဒေသခံများကို ဦးစားပေးပါကြောင်း၊ တိုင်းရင်းသား ဒေသခံများပြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ပြောင်းရွှေ့လိုသည့်သူများ၊ ရာထူးတိုးပေးသည့်သူများကို စီစဉ် ဆောင်ရွက်ပေးကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်း ဆရာဆရာမခန့် အပ်ပေးနိုင်မှု အခြေအနေသည် ၉၂၉ ဦး ဖြစ်ပါကြောင်း၊ ၎င်းသည် မျှမျှတတ ခွဲဝေပြီး ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် လွိုင်လင်မြို့နယ်အတွင်းတွင် ဆရာဆရာမ ခန့်အပ်ပေးမှု အခြေအနေသည် ယခုမြို့နယ်အတွက် ၄၃ ဦးသာ သတ်မှတ်ခွဲဝေမှုရပါကြောင်း၊ ၎င်းတို့ကို လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့်ကျောင်းများတွင် ခန့်အပ်ပေးထားကြောင်း ဖြေကြားပါသည်။