Skip to main content

မိမိမေးခွန်း၏ ရည်ရွယ်ချက်အကျဉ်းချုပ်နှင့် ဘက်စုံသုံးကျောင်းဖြစ်သည်ကို ရှင်းပြလိုပါကြောင်း၊ ကျေးလက်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေခြင်း၊ လုပ်ငန်းခွင်အခြေခံ ကျွမ်းကျင်သည့်လုပ်သား (Skilled Labour) များ ပေါ်ထွက်ရန် ရည်ရွယ်ပါကြောင်း၊ အလုပ်လက်မဲ့အရေအတွက်နှင့် တစ်ဖက်နိုင်ငံကို သွားရောက်လုပ်ကိုင်ရသည့် အရေအတွက်များလျှော့ချလိုခြင်းသည် အဓိကရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ရည်ရွယ်သည်မှာ နိုင်ငံတော်ကရည်မှန်းထားသည့် အသေးစားလုပ်ငန်းရှင် small loan system များ ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် နိုင်ငံတော်မှချမှတ်ထားသည့် MSDP လိုရေရှည်စီမံကိန်းကြီးများ အောင်မြင်ရန်အတွက် အခြေခံမှစပြီး ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပါကြောင်း၊ မိမိတောင်းခံသည့် ဘက်စုံသုံးကျောင်းဆိုသည်မှာ Vocational Center သို့မဟုတ် Vocational School သာဖြစ်ပါကြောင်း၊ Diploma ပေးမည့် သင်တန်းကျောင်းမျိုးမဟုတ်ဘဲ ကျွမ်းကျင်လက်မှတ်ပေးမည့် အခြေခံသက်မွေးပညာဌာန (Community Based Vocational Center) သာ ဖြစ်ပါကြောင်း၊ ထို Center ကို ဆက်ပြီးပုံဖော်ရမည်ဆိုလျှင် ဘက်စုံသုံးကျောင်းတွင် လယ်ယာ၊ သစ်သီးဝလံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုအတွက် စာတွေ့၊ လက်တွေ့အခြေခံသင်တန်းများ ကျေးလက်မွေးမြူရေး၊ မွေးမြူရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများ ဆောက်လုပ်ရေး၊ လမ်းတံတားလုပ်ငန်းခွင် လုပ်သားများအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများနှင့် သစ်တောများထိန်းသိမ်းခြင်း သစ်တောထွက်ပစ္စည်း အသုံးပြု ထုတ်လုပ်ခြင်းအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများနှင့် ကျေးလက်လျှပ်စစ်မီးလင်းရေးအတွက် အခြေခံလျှပ်စစ်ကျွမ်းကျင်လုပ်သား စာတွေ့၊ လက်တွေ့ သင်တန်းများကို ပို့ချစေမည်ဖြစ်ပါကြောင်း၊ အထက်ပါ အခြေခံကျွမ်းကျင်သင်တန်းများ သင်ကြားပေးမည်ဆိုလျှင် လုပ်ငန်းခွင်တွင် လက်ရှိဝင်နေသည့် ကျေးလက်လူငယ်များအတွက် ၎င်းတို့၏လုပ်ငန်းသည် ပိုမိုစနစ်ကျစေမည်ဖြစ်သည့်အပြင် မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှုရှိသည့်လူငယ်များအဖြစ် ပြောင်းလဲနိုင်သကဲ့သို့ အလုပ်မရှိသေးသည့် လူငယ်များအတွက်လည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းများသည်လည်း Short Course နှစ်လ၊ သုံးလ၊ လေးလ စသည်ဖြင့်သာ ဖြစ်ပါကြောင်း၊ ထို့အပြင် စနေနေ့၊ တနင်္ဂနွေနေ့ ရုံးအားရက်တွင် ဝန်ထမ်းများအတွက် အခြားဘာသာစကား ကျွမ်းကျင်မှုသင်တန်းများနှင့် စိတ်ဝင်စားသူလူငယ်များအတွက် ဥပဒေဆိုင်ရာ ဆွေးနွေးပို့ချခြင်းသင်တန်းများလည်း စီစဉ်ပေးမည်ဆိုလျှင် အလွန်တရာမှ တန်ဖိုးရှိသည့်သင်တန်းကျောင်းများဖြစ်ပါကြောင်း၊ ထိုကျောင်းသည် မိမိတောင်းဆိုသည့် ဘက်စုံသုံးသင်တန်းကျောင်းပုံစံ ဖြစ်ပါကြောင်း၊ မိမိတို့အင်းတော်မြို့နယ်သည် လူဦးရေ တစ်သိန်းသုံးသောင်းကျော် နေထိုင်ပြီး လယ်ယာလုပ်ငန်း၊ သစ်တောအမှီပြုလုပ်ငန်းများနှင့် အသက်မွေးသည့်တောင်သူ များပြားပါကြောင်း၊ လူဦးရေ၏ လေးဆယ်ရာခိုင်နှုန်းသည် လူငယ်များဖြစ်ပြီး ထိုထဲကမှ နှစ်ရာခိုင်နှုန်းသည်လည်း အလုပ်လက်မဲ့ဖြစ်ပါကြောင်း၊ မြို့၏အကျယ်အဝန်းသည် ၇၃၃ စတုရန်းမိုင်ရှိပြီး စိုက်ပျိုးမြေသည်လည်း ဧက ၇၀,၀၀၀ ကျော်ရှိပါကြောင်း၊ သစ်တောသည်လည်း ဧကနှစ်သိန်းလေးသောင်းကျော် ပိုင်ဆိုင်ပါကြောင်း၊ အင်းတော်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် လူငယ်များသည် မိုးညှင်း၊ ရွှေဘို၊ မန္တလေးရှိ တက္ကသိုလ်ကောလိပ်များကို အဝေးသင် သို့မဟုတ် အချိန်ပြည့် သွားရောက်သင်ကြားပြီး တက်ရောက်ဆဲ သို့မဟုတ် ဘွဲ့ရပြီးလူငယ်များသည် စာရေး/ စာချီဝန်ထမ်းအဖြစ်သာ အနည်းငယ် လုပ်ကိုင်ခွင့်ရပြီး ပုဂ္ဂလိကဈေးဆိုင်များတွင် ဈေးခေါ်ရောင်းဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်ပါ ကြောင်း၊ မိမိတို့မြို့နယ်တွင်ရှိသည့် သစ်တောများ၊ လယ်ယာများကိုအသုံးပြုပြီး ကြီးပွားတိုးတက်ရန် လုပ်ကိုင်နိုင်စွမ်းနည်းပါကြောင်း၊ နိုင်ငံတော်မှဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းများ နောက်ပုဂ္ဂလိကမြို့ကြီးများမှ ဖွင့်လှစ်သည့်ပုဂ္ဂလိကသင်တန်းကျောင်းများကို သွားရောက်ရန်လည်း ငွေကြေးမတတ်နိုင်ပါကြောင်း၊ ထို့ကြောင့် လူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းများလာကြောင်း၊ တစ်ဖက်နိုင်ငံကို အလုပ်ကြမ်းသမားအဖြစ်ဖြင့် ခက်ခဲစွာသွားရောက် အသက်မွေးရကြောင်း၊ ဗန်းမောက်ရွှေတွင်းကဲ့သို့ ဖားကန့်ကျောက်စိမ်းတွင်းတို့တွင် ရှိသည့်တရားမဝင်လုပ်ငန်းများတွင် ပင်ပန်းကြီးစွာ အသက်ရင်းပြီး အသက်မွေးရခြင်း များစွာရှိပါကြောင်း၊ နိုင်ငံတော်ကလည်း ခရိုင်အဆင့်မြို့များတွင် တက္ကသိုလ်များ၊ ကောလိပ်များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ ဖွင့်လှစ်နေသည်ကို ကြိုဆိုပါကြောင်း၊ သို့သော် ၎င်းသင်တန်းကျောင်းများသည် အနည်းဆုံး နှစ်နှစ်ဖြစ်သည့်အပြင် အသက်နှင့်အရည်အချင်း ကန့်သတ်ချက်များကြောင့် လူငယ်များအတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် မိမိတောင်းဆိုသည့် Community Based Vocational Center များသည် ကျောင်းအုပ်ချုပ်ရေး၏ လူဦးရေ ၃၀ ဦးမှ ၅ ဦးဆံ့ အိပ်ဆောင်အပါအဝင် သင်တန်းဆောင်များဖြစ်ပြီး တစ်နှစ် သင်တန်းသုံးခုခန့် အလှည့်ကျစီစဉ်ပို့ချပေးမည်ဆိုလျှင် အင်မတန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့်မြေဧက ၅၀ နှင့်အထက် အဆင်သင့် ရှိနေသည့်အတွက်ကြောင့် အင်းတော်မြို့နယ်တွင် သက်မွေးဝမ်းကျောင်း (ဘက်စုံသုံး) တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုခရိုင်တွင် အစိုးရနည်းပညာကောလိပ် (ရွှေဘို) တစ်ကျောင်း၊ ကန့်ဘလူခရိုင်တွင်  အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ) တစ်ကျောင်း၊ ခန္တီးခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ခန္တီး) နှစ်ကျောင်း၊ မုံရွာခရိုင်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာနှင့် ချောင်းဦး) နှစ်ကျောင်း၊ ကလေးခရိုင်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ကလေး) တစ်ကျောင်း စုစုပေါင်း ခုနစ်ကျောင်း မိမိတို့ ဖွင့်လှစ်ဆောင်ရွက်ပေးပြီး ပုံမှန် နည်းပညာနှင့်သက်မွေးသင်တန်းများကို ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့်ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ)ကိုလည်း ဖွင့်လှစ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန် ယူသည့်ကာလမှစ၍  TEVET ကိုလည်း ပထမတန်းစားပညာရေးအဖြစ် သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာသာ သင်ယူသူများ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်း ပိုမိုရရှိရေးအတွက် တိုးချဲ့ဆောင်ရွက်ပေးသည့်အခါ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့များကို ဦးစားပေးပြီး တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒုတိယဦးစားပေးသည် မိမိတို့ခရိုင်မြို့များကို ဒုတိယဦးစားပေးအနေဖြင့် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန်အတွက်ကို စီစဉ်ဆောင်ရွက်ပေးနေပါကြောင်း၊ ခရိုင်မြို့များအားလုံးပြီးလျှင် မြို့များကို သတ်မှတ်ဦးစားပေးအလိုက် ခရိုင်ဆိုလျှင်လည်း ခရိုင်မြို့အတွင်းတွင် ရှိသည့် ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း၏ လူဦးရေအများ၊ အနည်းအလိုက် တန်းစီ၍ ထိုထဲမှ ဦးစားပေးအလိုက် တစ်ဝက်၊ ထို့နောက် ပြည်နယ်များနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ခရိုင်များကို လူဦးရေအများ၊ အနည်းနှင့်တစ်ဝက် နှစ်စဉ်တိုးချဲ့ပြီးမှ တိုင်းရင်းသားဒေသခံများကိုရော၊ ကျန်သည့်နေရာဒေသများရော လူဦးရေများသည့်ဒေသများကိုရော တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက်  စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့သော် TEVET သင်တန်းများကို လိုအပ်ချက်အရ တိုးချဲ့ဖွင့်လှစ်ပေးလိုသော်လည်း သင်တန်းဆရာနှင့် ကျောင်းသိပ္ပံများအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ နှစ်စဉ်ဖြည့်ဆည်းရန် ခက်ခဲသည်ကို တင်ပြအပ်ပါကြောင်း၊ ကျောင်း၊ သိပ္ပံများ၊ အဆောက်အဦများကို အခြေခံအဆောက်အအုံများကို ဘဏ္ဍာငွေရှိ၍ ဖြည့်ဆည်းပေးနိုင်လျှင်တောင်မှ သင်တန်းဆရာသည် နှစ်စဉ်လိုအပ်ချက် မြင့်မားနေသည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစားပေးဖြည့်ဆည်းပြီးမှ ကျောင်းသားကျောင်းသူနှင့် လူငယ်များကျွမ်းကျင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိပေးရန်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အင်းတော်မြို့နယ်သည် ကသာခရိုင်အတွင်းသာရှိသည့်အတွက်ကြောင့် ကသာခရိုင်အတွင်းရှိသည့်ခရိုင်မြို့ကသာကို ဦးစားပေးပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကသာနှင့်အင်းတော်သည် ၁၆မိုင်ခန့် ကွာဝေးသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်းတော်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း (ဘက်စုံသုံး) တစ်ကျောင်းဖွင့်လှစ်ပေးရန် လောလောဆယ် အခြေအနေတွင် အစီအစဉ်မရှိသေးပါကြောင်း၊ သို့သော် ကသာဖွင့်ပြီးလျှင် ကာလတိုသင်တန်းလေးများကို အင်းတော်တွင်လည်း စနေနေ့၊ တနင်္ဂနွေနေ့တွင် အင်းတော်ဒေသအတွက်လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားသည့် စိုက်ပျိုးရေးအတွက်လိုအပ်သည်များကို၊ မော်တော်ဆိုင်ကယ်ပြင်သည့်သင်တန်များ၊ တယ်လီဖုန်းပြင်သည့် သင်တန်းများအပြင် မိမိတို့ဒေသအတွက် လိုအပ်ချက်နှင့်လိုက်လျောညီထွေ ဖြစ်သည့်ကာလတိုသင်တန်းများကို ဖွင့်လှစ်ပေးနိုင်သည်ကို တင်ပြလိုပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပူးပေါင်းဖြေကြားချက်ကို တင်ပြလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်၍ တိုင်းဒေသကြီးအတွင်းတွင် ရှိသည့်ဒေသခံလူငယ်များကို လက်ခံသင်ကြားပေးလျက်ရှိရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၅)နှစ်တာကာလအတွင်း သင်တန်း ၁၃ ကြိမ်၊ သင်တန်းသား ၃၈၈ ဦး သင်တန်းပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှ ယနေ့အထိ သင်တန်းပေါင်း ၄၂ ကြိမ်၊ သင်တန်းသား ၁,၀၃၉ ဦးအထိ သင်တန်းပေးနိုင်ခဲ့သည်ကို တင်ပြလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးဌာနရုံးမှ စားသောက်ကုန်၊ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းနှင့် စက်မှုလက်မှုဆိုင်ရာကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိရာမှ စတင်ဖွင့်လှစ်သည့် ၂၀၁၅ ခုနှစ်မှယနေ့အထိ အသက်မွေးပညာ သင်တန်းပေါင်း ၈၅ ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၂,၀၀၁ ဦးကို သင်တန်းပေးခဲ့သည်ကို တင်ပြအပ်ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဖွဲ့စည်းပုံအင်အားအရ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်သီးနှံအခြေခံသော တန်ဖိုးမြှင့် (Value added) ပစ္စည်းများနှင့် သစ်၊ ဝါး လက်မှု ထည်ပစ္စည်းများထုတ်လုပ်ရန် အလားအလာကောင်းများစွာရှိသည့် အင်းတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း သင်တန်းဖွင့်လှစ်လိုသည့် သက်ဆိုင်ရာဒေသခံ ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နှစ်စဉ်ကာလတိုသင်တန်းများကိုသာ ဖွင့်လှစ်ပို့ချပေးနိုင်ပါကြောင်းနှင့် သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ၊

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်ကို တင်ပြလိုပါကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံ၏နည်းပညာနှင့်စက်ပစ္စည်းအကူအညီများရယူပြီး မြန်မာနိုင်ငံမှ အဆောက်အဦပိုင်းကိုတာဝန်ယူ၍ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နှင့် မွန်ပြည်နယ်ရှိသထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းသစ်များကို မကြာမီဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အင်းတော်မြို့နယ်ရှိ စက်မှုနှင့် သက်မွေးပညာသင်ယူရန် စိတ်ဝင်စားသူလူငယ်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ အသစ်ဖွင့်လှစ်တော့မည့် စက်မှုသင်တန်းကျောင်းအသစ်(မုံရွာ)တွင် တက်ရောက်ခွင့်ရရှိတော့မည်ဖြစ်သည့်အတွက် လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။