Skip to main content

မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်တင်ဒါအောင်သည့် ကုမ္ပဏီတချို့ ဆောက်လုပ်ခဲ့သည့် ကျောင်းများသည် နှစ်အနည်းငယ်အတွင်းတွင် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် အတွင်းတွင် ယိုယွင်းပျက်စီးပြီး ကျောင်းသူ ကျောင်းသားများအတွက် အန္တရာယ်ရှိခြင်း၊ ဆရာမများအတွက် အန္တရာယ်ရှိခြင်းများ ဖြစ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အတွက်နှစ်နည်းနည်းအတွင်း ပျက်စီးရခြင်းသည် တင်ဒါစည်းကမ်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့် မကိုက်ညီခြင်းမရှိ အရည်အသွေးများ လျှော့ပြီး သွပ်များ၊ သံများ၊ ဘိလပ်မြေများ၊ အုတ်များ စသဖြင့် ၎င်းတို့ကို အသုံးပြုသွားသည့်အတွက် ဖြစ်ကြောင်း၊

ထိုကဲ့သို့ တာဝန်မဲ့ လုပ်ကိုင်သွားသည့် ကုမ္ပဏီများ ရှိသော်လည်း ၎င်းကုမ္ပဏီများကို ထိထိရောက်ရောက် ဟန့်တားနိုင်သည်ကို ယနေ့ထိ မတွေ့ရကြောင်း၊ အမည်ပျက်စာရင်းသွင်းခံရခြင်းကို ၎င်းတို့ ဂရုမစိုက်ကြောင်း၊ ၎င်းကို ထပ်ခါထပ်ခါ မိမိတို့ လွှတ်တော်တွင် ကြားပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ခပ်ညံ့ညံ့ကုမ္ပဏီများသည် နောက်နှစ် နောက်နှစ်များတွင် တင်ဒါအောင်ပြီးလုပ်ငန်း ဆက်လုပ်နိုင်သည်ကိုတွေ့ရပါကြောင်း၊ ၎င်းကို မိမိတို့ စဉ်းစားရန်လိုပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီးတင်ဒါအောင် ကုမ္ပဏီများ၊ ကြားထဲတွင် အဂတိတရားများ စသည်တို့ ရှိနိုင်သည်ဟု ပြည်သူများက ယူဆနေကြပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော် MICC-2 ၌ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ အဖွင့်မိန့်ခွန်းတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ပြီး အစိုးရဌာနများမှ လက်ရှိဆောင်ရွက်နေသည့် တင်ဒါခေါ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တိုင်တန်းမှုများ ရှိနေကြောင်း၊ တင်ဒါကိစ္စနှင့်ပတ်သက်ပြီး မမှန်မကန်လုပ်ခြင်းများရှိနေပြီး ၎င်းကိစ္စသည် လာဘ်ပေးလာဘ်ယူနှင့် ဆက်နွှယ်နေကြောင်းထည့်သွင်း ပြောကြားသည်ကို တွေ့ရပါကြောင်း၊

ထို့ကြောင့် ဂုဏ်သတင်းပျက်ယွင်းနေသည့် စည်းကမ်းဖောက်ဖျက်သည့် ကုမ္ပဏီများကို ကုမ္ပဏီများ၏ တင်ဒါဆွဲသည့်အချိန်တွင် ကုမ္ပဏီပိုင်ရှင်သည် မည်သူစသည်ဖြင့် ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာ တင်ဒါကော်မတီမှ အားလုံးသိသော်လည်း ဆောက်ပြီး‌ အရည်အသွေး မမီ၍ပျက်သွားသည့် ပစ္စည်းများ ကျန်ခဲ့သည့်အချိန်တွင် ကုမ္ပဏီများကို လိုက်ရှာရာတွင်တချို့သည် ရှာ၍မတွေ့ကြောင်း၊ ၎င်းကုမ္ပဏီများကို သိနိုင်သည်က တင်ဒါဆွဲသည့်အချိန်တွင် သိနိုင်ကြောင်း၊ တင်ဒါဆွဲပြီး အသီးသီး ပိုက်ဆံထုတ်ပြီး ထွက်သွားသည့် အချိန်တွင် အရည်အသွေး မမီသည့်အတွက် လိုက်ရှာသည့်အချိန်တွင် ရှာမတွေ့သည့်ကုမ္ပဏီများစွာရှိသည်ဟု မိမိတို့ သိရပါကြောင်း၊ ထို့ကြောင့် မည်သည့် အတွက် ဖြစ်ရသနည်း၊ မိမိတို့ ငယ်စဉ်က ကျောင်းတချို့သည် ယခုအချိန်ထိ ရာပြည့်ပွဲတော်များ ကျင်းပနိုင်သည့်အကြောင်း၊ မိမိတို့ မြို့ရှိအ.ထ.က(၁) သည် ၁၁၈ နှစ် ရှိပြီဖြစ်ကြောင်း၊ ပင်မအဆောက်အအုံများ၊ ၁၉၅၂ ခုနှစ်တွင် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ငယ်စဉ်က (၁၉၅၂ ခုနှစ်က) ဆောက်သည့်ကျောင်း၊ သို့သော် ကျောင်းသက်သည် ၁၁၈ နှစ် ရှိသွားပြီဖြစ်ကြောင်း၊ သို့သော် ၎င်းသည် လက်ရှိအချိန်ထိ ခံကြောင်း၊ ရန်ကုန်တွင်လည်း ယခုလိုကျောင်းမျိုး များစွာရှိပါကြောင်း၊ ထို့ကြောင့် ယခုဆောက်သည့် ကျောင်းများသည် ခေတ်မီပစ္စည်းများ သုံးနိုင်ကြောင်း၊ သို့သော် လေးနှစ်၊ ငါးနှစ်သာ ခံကြောင်း၊ ခြောက်နှစ်၊ ခုနစ်နှစ်သာ ခံသည့်အချက်သည် မိမိတို့ မပြင်ပါက ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးလိုသည့် မေးခွန်းသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက မည်သည့်ကျောင်းများသည် မည်ကဲ့သို့ဖြစ်သွားသည် ဆိုသည့် မှတ်တမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကို ပို့၊ ၎င်းမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ဆီရောက်၊ မှတ်တမ်းထား၍ တင်ဒါခေါ်သည့် အဖွဲ့များနှင့် ဆက်စပ် ဆောင်ရွက်သွားမည်ဆိုပါက အဆင်ပြေမည်ဟု ထင်ပါကြောင်း၊ တစ်ဖက်တွင် ဆောက်လုပ်ရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်သည့် အဆောက်အဦနှင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ထို့ပြင် Third Party ဆိုသည်များကို မိမိတို့ ပီပီပြင်ပြင်ဆောင်ရွက်ရန် လိုအပ်ပြီဟု ယူဆပါကြောင်း၊ ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာသည့် အခြေခံပညာ ကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သော ကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစုမှတ်တမ်းထားရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းပေါင်း ၄၇,၇၆၀ ကျောင်း ယခုနှစ်တွင် အစိုးရကျောင်းများ ရှိပါကြောင်း၊ နှစ်စဉ် မိမိတို့ ကျောင်းဆောင်ပေါင်း နှစ်သိန်းခွဲခန့် ရှိသည့်အနက် နှစ်စဉ်အန္တရာယ်ရှိ ကျောင်းဆောင်သည် ၃,၀၀၀၊ ၄,၀၀၀ခန့် ရှိပါကြောင်း၊ နှစ်စဉ် အန္တရာယ်ရှိ ကျောင်းဆောင်များ ရှိနေသည်ကိုတွေ့ရသည့်အတွက် ပညာရေးဝန်ကြီးဌာနသည် လိုအပ်နေသည့် စာသင်ခန်းများ ကျောင်းသားဦးရေ တိုးတက်များပြားလာသည့် အတွက် အန္တရာယ်ရှိ ကျောင်းဆောင်များ ဖြစ်သည့်အတွက် နှစ်စဉ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် မိမိတို့ စီမံကိန်းလုပ်ငန်းများကို ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ပြည်သူများ၏ လိုအပ်ချက်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုမေးခွန်းသည် မိမိတို့အတွက် အင်မတန်အရေးကြီးပါကြောင်း၊ ပြည်သူ့အစိုးရ ဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရမည် ဖြစ်သည့်အပြင် ပြည်သူ့ ဘဏ္ဍာငွေများကို မိမိတို့ အကျိုးရှိ ထိရောက်ပွင့်လင်း မြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် နှစ်စဉ်အတည်ပြုလိုက်သည့် စီမံကိန်း လုပ်ငန်းများ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် တည်ဆောက်ရေးလုပ်ငန်းများကို နှစ်စဉ်ခွင့်ပြုပြီးပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များကို လုပ်ငန်းအပ်နှံပြီး ပူးပေါင်းစီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်သည့်အချိန်တွင်တင်ဒါ လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက် (၁/၂၀၁၇)နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ဆောင်ရွက်သည့်အချိန်တွင် တင်ဒါကော်မတီ ဖွဲ့စည်းရပါကြောင်း၊ တင်ဒါကြမ်းခင်း ဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီများ ဖွဲ့စည်းပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ကာလတစ်ခုတွင် ကျောင်းဆောင်အဆောက်အအုံများသည် နှစ်ပေါင်း ၅၀၊ ၆၀ ကြာသည်အထိအရည်အသွေး ကောင်းမွန်ပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ သင်ကြား သင်ယူမှုများကို ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်နိုင်နေသည့်အပြင် ယခင်ကာလတွင် PAE သည် နည်းကြောင်း၊ ခွင့်ပြုရန်ပုံငွေ နည်းသည့် အားနည်းချက်များ ရှိသည့်အတွက် နှစ်စဉ် အန္တရာယ်ရှိကျောင်းဆောင် ၃,၀၀၀၊ ၄,၀၀၀ သည် နှစ်စဉ်ပေါ်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည် ပြည်သူ့ ဘဏ္ဍာငွေများကို အကျိုးရှိ ထိရောက်ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သည့်အချိန်တွင် ကျောင်းဆောင်သည် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်သာ အရည်အသွေး ကောင်းစွာဖြင့် လုံခြုံဘေးကင်းစွာ ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ သင်ကြားသင်ယူမှု ဆောင်ရွက်ရမည့် နေရာများ မဟုတ်ပါကြောင်း၊ ဖြစ်နိုင်ပါက အနှစ် ၅၀ ကြာ အရည်အသွေး ကောင်းမွန်စေရန်အတွက် ပညာရေးဝန်ကြီးဌာနသည် ဆွစ်ဇာလန်နိုင်ငံနှင့် ပူးပေါင်းပြီး ပြုစုထားသည့် Safe School Guidelines များဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် နှစ်စဉ် စီမံကိန်း လုပ်ငန်း အတည်ပြုပြီးပါက ဒီဇိုင်းပြင်ဆင်ခွင့် မပြုပါကြောင်း၊ BP၊ BQ များ ပြင်ဆင်ခွင့် လုံးဝမပြုပါကြောင်း၊ သို့သော် ရေကြီးနစ်မြုပ်နိုင်သည့် နေရာများတွင် Plinth Level တိုးမြှင့်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ သဘောထားဖြင့် သဘောတူပါက ၎င်းတို့ကို အရည်အသွေး ကောင်းမွန်စေရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့်အခြေခံပညာကျောင်းများဆောက်လုပ်သည့်အချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီသည် ဆောက်လုပ်မှုပိုင်းဆိုင်ရာတွင် အတတ်ပညာပိုင်း စံပြုချက်များ၊ ချို့ယွင်းအားနည်းချက်များ ဖြစ်ပေါ်လာပါက၎င်းတို့ကို ကြမ်းခင်းပြိုခြင်း ၎င်းတို့သည် နှစ်စဉ် တွေ့နေ၊ ကြားနေရသည် ဖြစ်ပါကြောင်း၊ မျက်နှာကြက် ပျက်စီးခြင်း၊ အဆောက်အဦ ရွဲ့စောင်း ပြိုကျခြင်း၊ နံရံအက်ကွဲမှု ဖြစ်ခြင်း၊ မြေသား မခိုင်မာ၍ နိမ့်ဆင်းခြင်း၊ ယိုင်နဲ့ခြင်း အပါအဝင် ပျက်စီးခြင်းများကို တင်ဒါစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းလက်ခံသူက မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူသည့် ကာလမှစတင်ပြီး ၎င်းကိစ္စများသည် မရှိသလောက် ဖြစ်သွားသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ယခင် ကာလတစ်ခု တွင် PAE နည်းကြောင်း၊ ခွင့်ပြုရန်ပုံငွေနည်းကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည့် အတွက် ၎င်းကိစ္စများသည် ယနေ့ထိ ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အချိန်တွင် စံချိန် စံညွှန်းအရည်အသွေးနှင့် မကိုက်ညီပါက သတ်မှတ်ချက်များနှင့် တင်ဒါစည်းမျဉ်းပါစည်းကမ်းချက်များနှင့် မကိုက်ညီပါက Blacklist သွင်းပါကြောင်း၊ ကုမ္ပဏီစာရင်းကိုသွင်းပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပေးပို့ပြီးသည့်အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာန၏ Website တွင် အသိပေး ထုတ်ပြန်ပါကြောင်း၊ Blacklist သွင်းခံရသည့် ကုမ္ပဏီစာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများတွင် မှတ်တမ်း ထားရှိပါကြောင်း၊ ၎င်းကို မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ မှတ်တမ်းများကို ပူးပေါင်းပြီး စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်တွင် Blacklist သွင်းထားကြောင်း-

(၁) ရခိုင့်ရတနာကို စာရင်းသွင်းထားကြောင်း၊ ကုမ္ပဏီပိုင်ရှင်သည် ဦးရဲသော်ထူး ဖြစ်ပါကြောင်း၊ ၎င်း၏ နိုင်ငံသားစိစစ်ရေးအမှတ် ပါပါကြောင်း၊ မှတ်ပုံတင်သည့် နေ့ပါပါကြောင်း၊ တာဝန်ခံ အင်ဂျင်နီယာ၏ အမည်ပါပါကြောင်း၊ ၎င်းတို့ ကုမ္ပဏီမှ တည်ဆောက်သည့် ကျောင်းအမည်များ ပါပါကြောင်း၊ ကျောင်းအရေအတွက် ပါပါကြောင်း၊ ပြီးစီးမှု ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းသာ ပြီးသည့်အတွက် Blacklist သွင်းထားခြင်း ဖြစ်ပါကြောင်း၊ (၂) သည် ကိန်းသာ ဖြစ်ပါကြောင်း၊ အလားတူပဲ ဖြစ်ကြောင်း

Blacklist နမူနာ တင်ပြလိုသည်က ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ ဖြစ်ပါကြောင်း -

သစ္စာကျော် ဖြစ်ပါကြောင်း၊ ကုမ္ပဏီပိုင်ရှင်သည် ဦးသိန်းစိုး ဖြစ်ပါကြောင်း၊ နိုင်ငံသား စိစစ်ရေးအမှတ် ပါပါကြောင်း၊ မှတ်ပုံတင်သည့် နေရက်၊ လိပ်စာ ပါပါကြောင်း၊ တည်ဆောက်ခွင့် ရသည့် ကျောင်းအမည်၊ ဖျာပုံမြို့နယ်ရှိ ကျောင်းအရေအတွက် ခုနစ်ကျောင်း၊ ပြီးစီးမှု ရာခိုင်နှုန်းသည့် ကျန်သည့် ကျောင်းများ ၁၀၀ ရာခိုင်နှုန်း ပြီးသော်လည်း တစ်ကျောင်းသည် မပြီးသည့်အတွက် မိမိတို့ လုပ်ငန်းစတင်ရန် နောက်ကျသည့်အတွက် ၎င်းကို Blacklist သွင်းထားခြင်းကို မှတ်တမ်းများဖြင့် ဆောင်ရွက်ကြောင်း၊

ထို့အတူ ကျောင်းတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အချိန်တွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို လုပ်ငန်းအပ်နှံပြီး ဆောင်ရွက်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ အရည်အသွေး စစ်ဆေးရေးအဖွဲ့များ ဖွဲ့ပါကြောင်း၊ ၎င်းအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရေး၊ ပြည်သူ့ဆောက်လုပ်ရေး၊ မြို့နယ်ပညာရေးမှူးများပါကြောင်း၊ ကျောင်းအုပ်များနှင့်မိဘဆရာအသင်းများမှ QC စစ်ဆေးလျက် ရှိပါကြောင်း၊ ၎င်းနှစ်ပတ် တစ်ကြိမ် QC စစ်ဆေးခြင်းကို မိမိတို့က ဓာတ်ပုံနှင့် မှတ်တမ်း ပြုစုပါကြောင်း၊ နှစ်ပတ် တစ်ကြိမ် ပညာရေး ဝန်ကြီးဌာနကို တင်ပြသည့်အချိန်တွင် ပညာရေး ဝန်ကြီးဌာနရှိ တည်ဆောက်ရေး လုပ်ငန်း အရည်အသွေး စိစစ်ကြပ်မတ်ရေး အဖွဲ့မှ စိစစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီတွင် မှတ်တမ်းတင် ထားရှိပါကြောင်း၊

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေးဖြင့် ၁၀၀ ရာခိုင်နှုန်းပြီးစီးသည့် ကျောင်းများ၏ စာရင်းအနက် ကယားပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးတို့ကို သွားရောက်စိစစ်သည့် နေ့ရက်များနှင့် ဆောင်ရွက်မှုများ နှစ်ပတ်တစ်ကြိမ် တင်ပြသည့် အနက် ကျောင်းအဆောက်အဦ‌များ၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေသည့် ကျောင်းဆောင်များ၊ ကယားပြည်နယ်ရှိ နှစ်ထပ် RC စာသင်ကျောင်းဆောင် အ.ထ.က(၂) ပြီးစီးမှု ၁၀၀ ရာခိုင်နှုန်းပြီးစီးခြင်း မှတ်တမ်းတင်ထားမှု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မူလတန်းကျောင်း နှစ်ကျောင်း၏ ကျောင်းဆောင်များ ၎င်းကို နှစ်ပတ် တစ်ကြိမ်မှတ်တမ်းတင် ထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ မူလတန်းကျောင်း၏ ကျောင်းဆောင် ပြီးစီးမှု မှတ်တမ်းတင်ထားခြင်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေး ဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး လုပ်ငန်းများ စုစုပေါင်း ၃,၂၆၅ ခု ရှိပါကြောင်း၊ ကိုဗစ်ကြောင့် ပြန်အပ်ရသည့် လုပ်ငန်း ၁၀၆ ခု ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို မိမိတို့ ၅-၈-၂၀၂၀ ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားသည်က ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သုည ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း စသည်ဖြင့် ၎င်းတို့ကို စိစစ်ထားခြင်း ဖြစ်ပါကြောင်း၊ ၅-၈-၂၀၂၀ ရက်နေ့နှင့် ၁၆-၇-၂၀၂၀ ရက်နေ့ကို နှိုင်းယှဉ်မည်ဆိုပါက ၁၀၀ ရာခိုင်နှုန်း ပြီးသွားသည့် ကျောင်းများသည် ၃၀၀ ခန့် ပိုမိုပြီး တိုးတက်လာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည် ပညာသင်နှစ်တိုင်းတွင် တာဝန်ယူသည့် ၂၀၁၆ ခုနှစ် ဧပြီလမှ စပြီး ကျောင်းဖွင့်ချိန်မှ ပညာသင်နှစ် တစ်နှစ်လုံးတွင် မည်သည့် လက်ဆောင်ပစ္စည်း၊ ငွေကြေးပေးခြင်း/ယူခြင်းကို လုံးဝ ခွင့်မပြုထားကြောင်း၊ ကျောင်းအပ်နှံသည့် သီတင်းပတ်တွင် အမြဲတမ်း ၎င်းကို Accomplished Mechanism Box များ စသည်တို့ကို တိုင်ကြားနိုင်ကြောင်းကို အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်များ ဆောက်လုပ်သည့်အချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါ ခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေကိုလည်း အလေအလွင့် မဖြစ်စေရေးနှင့် အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အရည်အသွေး ပြည့်မီရေးအတွက် အရည်အသွေးစိစစ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း၊ အရည်အသွေး မမီမှုများ တွေ့ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများ၊ မိဘများ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် လုပ်ငန်း ပူးပေါင်းပြီး မှတ်တမ်းများကို ကောက်ယူ၍ ပြုစု မှတ်တမ်းတင်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။

ဦးမြင့်ကြည်(ကသာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စု ဝန်ကြီးဖြေသွားသည့် ကိစ္စသည် ကောင်းမွန်ပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း၊ သို့သော် မိမိတို့ ယခုကြုံနေရသည်က Blacklist သွင်းကြောင်း၊ Blacklist သွင်းထားသော်လည်း ကုမ္ပဏီတစ်ခုကို ထပ်ပြီး ၎င်းလူများသာ ဖြစ်နေသည် ဆိုသည့် အနေအထားမျိုးလည်း ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စသည် မိမိတို့ ပြည်သူများ အားလုံး၏ ကြားတွင် ဖြစ်နေသည်ကို ၎င်းလူများ၊ မဟုတ်သည်ကို လုပ်ပြီး အပြစ်မဖြစ်ဘူး၊ အရေးယူ မခံရဘူးလား၊ ထိုကဲ့သို့ ကိစ္စမျိုးများ မေးသည်ကို တွေ့ပါကြောင်း၊ သို့သော် ပထမ တင်ပြခဲ့သည့် အရည်အသွေး မပြည့်မီသည့် ကုမ္ပဏီများကို စာရင်းပြုစုရန် စသည်ကို တင်ဒါကော်မတီနှင့် ချိတ်ဆက်ပြီး စာရင်းများ ပေးထားရန်ဆိုသည့် ကိစ္စများသည် Data Collecting ကိစ္စမျိုးသာ ရှိပါကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်သည့် အဆောက်အဦနှင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်‌ရေး ဥပဒေ၊ Third Party များ ပီပီပြင်ပြင်၊ ထိထိရောက်ရောက် အကုန်လုံး ဝိုင်းကွပ် ညှပ်ပြီး ဥပ‌ဒေအရ ဥပဒေများကို အမြန်ဆုံး ဖြစ်စေရန် ကြိုးစားပြီး ၎င်းဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်မည့် အစီအစဉ် ရှိ/မရှိ၊ မည်သူက မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး မိမိတို့၏ တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေး ကောင်းမွန်စေရန်အတွက် စုပေါင်းအင်အားဖြင့် အဆင့်ဆင့်ပူးပေါင်းကြီးကြပ်မှ လွှတ်တော် ကိုယ်စားလှယ်ကြီး ဆွေးနွေးသည့်အတိုင်း တည်ဆောက်ရေး လုပ်ငန်းများ၏ ကြီးကြပ်မည့် ဥပဒေများ လိုပါကြောင်း၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုပေါင်း အင်အားဖြင့် ဝိုင်းကြီးချုပ် ကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် ဆောင်ရွက်ရသည့် လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သည့်အတွက် အကျိုးရှိ ထိရောက်၊ ပွင့်လင်းမြင်သာစေရန် အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊

Blacklist စာရင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို နှစ်စဉ်တင်ပြပါကြောင်း၊ ထို့အတူ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များကိုပေးပို့ပြီးတင်ပြပါမည်၊ လွှတ်တော်ကိုယ်စားလှယ်များကို မိမိတို့ Blacklist စာရင်းများကို ပေးပို့ပြီး တင်ပြပြီး ၎င်းကို စုပေါင်းအင်အားဖြင့် ဝိုင်းကြီးချုပ် ပူးပေါင်း ကြီးကြပ် ဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်း ဖြေကြားပါသည်။