Skip to main content

မန်ကျည်းပင်ပုကျေးရွာသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အဆုံးစသည့်မြို့နယ်အဆုံးနှစ်ခုတွင်ရှိပြီး ပခုက္ကူမြို့မှခြောက်မိုင်ခန့်ကွာဝေးပါကြောင်း၊ လူဦးရေအားဖြင့် ၁,၀၀၀ ခန့်၊ အိမ်ထောင်စု ၁၂၆ စုနှင့် မှီခိုကျေးရွာ အုပ်စုနှစ်စုရှိပြီး ကျေးရွာရှစ်ရွာ ရှိပါကြောင်း၊ မန်ကျည်း ပင်ပုအုပ်စုတွင် နှောကုန်းကျေးရွာ၊ ဒေါင်းစာကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဆိပ်ကမ်းသာ ကျေးရွာ၊ မန်ကျည်းပင်ပု‌ ကျေးရွာ၊ နယ်ဒဲကျေးရွာနှင့် ကြွေးအိုကျေးရွာများဖြစ်ပါကြောင်း၊ တစ်ဆက်တည်း မှာပင် ကူးလူးဆက်ဆံသည့် နတ်ကျင်းကျေးရွာ၊ ကင်မွန်းခါး ကျေးရွာ၊ ရွှေဒါးကျေးရွာ အုပ်စုများနှင့် ရေစကြိုမြို့နယ်အစွန်က ဇရာမအုပ်စုနှင့် ညောင်ပင်သာ ကျေးရွာများကလည်း ကူးလူး ဆက်ဆံ နေကြပါကြောင်း၊

အဆိုပါ ကျေးရွာ ၁၁ ရွာ၊ လူဦးရေ ၅,၅၀၀ ခန့်ရှိ ကျန်းမာရေးဌာနခွဲအနေဖြင့် ဖွင့်လှစ်ပေး မည်ဆိုပါက လူဦးရေ ၅,၅၀၀ ကျော်ကို စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာ အနေနှင့် အထက်တန်း ကျောင်းရှိပါကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်၏ အောက်နားတွင် ရှိပါကြောင်း၊ ကျေးရွာ ဆေးပေးခန်းရရှိရန် အလှူရှင်သည် မြေနေရာလည်း လှူဒါန်းထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ ရရှိရန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ မန်ကျည်းပင်ပုကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနခွဲ ရရှိရန် အလှူရှင်ဒေါ်တင်မီးက မြေနေရာသာမက ကျေးလက်ဆေးပေးခန်း ၂၄ ပေပတ်လည်အမြင့် ၁၂ ပေ အုတ်နံရံနှင့် သမံတလင်းကာပြီး မျက်နှာကျက်နှင့် အဆောက်အဦလည်း ဆောက်ထားပေးပြီးဖြစ်သည့်အပြင် ခြံစည်းရိုးနယ်မြေလည်းကာထားပေးပြီးဖြစ်ပါကြောင်း၊ ကျေးရွာ ပြည်သူများအနေဖြင့် မြေနေရာ၊ အဆောက်အဦနှင့်၊ ရေတွင်းကိုပါ ဆောက်လုပ် လှူဒါန်းထားပြီး ဖြစ်သည့်အပြင် စတင်လျှောက်ထားသည့် ၂၀၁၇ ခုနှစ် မတ်လကနေ စတင်မည်ဆိုပါက သုံးနှစ်ကြာပြီ ဖြစ်သည့်အတွက် ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပု ကျေးရွာတွင် ကျေးလက်လမ်းကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မကျည်းပင်ပုကျေးရွာသည် ကွင်းရွာကျေးလက် ကျန်းမာရေး ဌာန၊ ကင်မွန်းခါးကျေးလက်ကျန်းမာရေးဌာနခွဲအပိုင်ကျေးရွာ ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာသည် ကွင်းရွာကျေးလက်ကျန်းမာရေးဌာနနှင့် လေးမိုင်၊ ကင်မွန်းခါးကျေးလက် ကျန်းမာရေးဌာနခွဲနှင့် သုံးမိုင်၊ ပခုက္ကူပြည်သူ့ဆေးရုံနှင့်ခြောက်မိုင်ကွာဝေးပြီး မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မကျည်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိပါက ကျေးရွာပေါင်းငါးရွာ၊ လူဦးရေ စုစုပေါင်း ၂၀၀၉ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ရန် မြေစာရင်းပုံစံ (၁၀၅၊ ၁၀၆) ရရှိပြီးဖြစ်ပါသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်တိုးချဲ့ဖွင့်လှစ်သင့်ကြောင်းကို မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ထောက်ခံတင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ မကျည်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၁၁-၉-၂၀၁၉ ရက်စွဲပါ စာအမှတ်၊၃၈ မခ(ထ)၂၀၁၉(၃၅၀၉)/၁၅၂၀၉ ဖြင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့သို့ ဝန်ထမ်းအင်အားဖွဲ့စည်းပုံအဆိုပြုချက်နှင့်အတူ ညှိနှိုင်းပေးပို့ထားပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများက အမှူတွဲတင်ပြရာတွင် အချိန်ကြန့်ကြာမှု မရှိစေရန် (One Stop Service-OSS)ပုံစံနှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၃/၂၀၁၉ ဖြင့်ထုတ် ပြန်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ်များအား ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းမူဝါဒအသစ် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှသာ မူဝါဒအသစ်နှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ၅-၅-၂၀၂၀ ရက်စွဲပါစာအမှတ်၊ စဘစ/စီမံ-၁/၃/၅၂(၁၁၃၇)/၂၀၂၀ ဖြင့် အကြောင်း ကြားလာပါကြောင်း၊ ထို့ကြောင့်ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒ၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မကျည်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။