Skip to main content

၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပြောကြားချက်အရ လူတွေသောက်သင့်သည့် ရေသန့်သည် အချက်လေးချက်နှင့် ညီညွတ်သင့်ပါကြောင်း၊ (၁) အဏုဇီဝပိုးမွှားဆိုင်ရာ ရှုထောင့် ကနေကြည့်ပါက လူတွေကို ဘေးဥပဒ်ဖြစ်စေမည့် ပိုးမွှားများ ပါဝင်ခြင်းမရှိစေရန်၊ နံပါတ်(၂) ဓာတ်သတ္တုဆိုင်ရာရှုထောင့်ကကြည့်မည်ဆိုပါက လူတွေအတွက် ကျန်းမာရေးကို အဆိပ်သင့် စေနိုင်သော ဓာတ်သတ္တုများ ရေထဲတွင် ပျော်ဝင်ခြင်း မရှိစေရန်၊ နှင့် ရေရှည်တွင် ကင်ဆာအဖြစ် ပြောင်းလဲစေနိုင်သော ဓာတ်သတ္တုများ ရေထဲတွင် ပျော်ဝင်ခြင်း မရှိစေရန် ဟုဆိုကြောင်း၊ နံပါတ်(၃) ရေဒီယို ဓာတ်ကြွမှုဆိုင်ရာရှု ထောင့်ကကြည့်မည်ဆိုပါက ရေဒီယိုဓာတ်ကြွပစ္စည်းများ ရေထဲတွင် ပါဝင်ခြင်း မရှိစေရန်၊ နံပါတ်(၄) ရေ၏ အရောင်၊ အနံ့၊ အဆင်း၊ အရသာများသည် လူများ လက်ခံနိုင်ဖွယ်ရာ ဖြစ်စေရန်တို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းသည် ယနေ့ မိမိတို့ နိုင်ငံ၏ ဈေးကွက်တွင် ရေသန့်ဟူ၍ ရောင်းချနေသော ပြည်သူများက တန်ဖိုးတစ်ခုပေးပြီး ဝယ်ယူသောက်သုံး နေရသော ရေသန့်များသည် အထက်ပါအချက် လေးချက်နှင့် တက်အားသရွေ့ ညီညွတ်စေရန် ရည်ရွယ်ပါကြောင်း၊

ကျန်းမာရေးနှင့်ညီညွတ်သာ ရေသန့်များကို ပြည်သူများအနေဖြင့် ဝယ်ယူသောက်သုံးခွင့် ရရန် အတွက် အဆိုပါရေသန့်များ ထုတ်လုပ်၊ ဖြန့်ဖြူး၊ သယ်ယူ၊ ရောင်းချသည့် စနစ်အဆင့်ဆင့်တွင် ကျန်းမာရေးနှင့်ညီညွတ်နိုင်သည့် လိုက်ပါဆောင်ရွက်နိုင်ဖွယ်ရာများကို လိုက်ပါဆောင်ရွက်နိုင်မှ သာလျှင် ထိုအခွင့်အရေးကို ရရှိမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ စနစ်အဆင့်ဆင့်တွင် မိမိတို့ မည်သို့ကြီးကြပ်ဆောင်ရွက်နေသည်ကို ပြည်သူလူထုသိရှိနိုင်ရန်နှင့် မိမိတို့ သတိပြုနိုင်ရန်ယခု မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ရေသန့်များ ထုတ်လုပ်ရာတွင် ရေသန့် များတွင် ပါဝင်သည့် ဘက်တီးရီးယားပိုးမွှားများကို အတိုင်းအတာတစ်ခုအထိ လျော့ကျနည်းပါး သေစေရန် စက်ရုံများတွင် အသုံးပြုသည့် နည်းလမ်းသည် Ozone Generator သို့မဟုတ် UV မီးချောင်းများ အသုံးပြုသည်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါ UV မီးချောင်းများကို တချို့ နားမလည်သည့် ဒေသများတွင် အလှမွေးငါးကန်များတွင် အသုံးပြုသည့် မီးချောင်းများဖြင့် ရောညှပ် ပြီးသုံးခြင်းသည့် အင်မတန်အန္တရာယ်များကြောင်း၊ ထို့ပြင် UV မီးချောင်းများ၏ အာနိသင် သည်လည်း အချိန်အတိုင်းအတာတစ်ခုကိုရောက်သည့်အခါ ပိုးမွှားများကို သေစေသည့် အစွမ်း အာနိသင်က နည်းပါးတတ်သည့်အတွက် အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း အဆိုပါ မီးချောင်းများကို လဲလှယ် အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လဲလှယ်သုံးစွဲခြင်း မပြုလုပ်ဘဲ မီးချောင်း ကျွမ်းမှသာ လဲလှယ်အသုံးပြုမည်ဆိုပါက အဆိုပါက စက်ရုံကထွက်လာသည့် ရေသန့်များသည် ဘက်တီးရီးယား ပိုးမွှားများ ပါဝင်ခြင်းမရှိသည့် ရေသန့်များဖြစ်ရန် စိတ်ချရခြင်း မရှိသည့်အတွက် ထုတ်လုပ်ခြင်း အဆင့်တွင်လည်း အဆိုပါ ကိစ္စရပ်များကို ကြီးကြပ်လိုက်နာကြရန် လိုအပ်နေသည်ကို ဆွေးနွေး လိုပါကြောင်း၊

ရေသန့်စက်ရုံတွင် အသုံးပြုသည့်ရေသန့်ဗူးများကို နောက်ဆုံးသန့်စင်ရမည့် ရေသည် ရေသန့် သာသုံး ရမည်ဆိုသော်လည်း အဆိုပါ သတ်မှတ်ချက်ကိုလိုက်နာသည့် စက်ရုံများသည် အတိုင်းအတာ တစ်ခုသာရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ထပ်မံလေ့လာကြည့်ရာတွင် ရေသန့် စက်ရုံများတွင် အဆိုပါက စက်ရုံက အစဉ်သဖြင့်ထွက်ရှိလာသော ရေသန့်များကို အစဉ်တစိုက် ထိန်းသိမ်းပြီး ဓာတ်ခွဲနေခြင်းကို ပြုလုပ်လေ့မရှိကြဘဲ ရေသန့်များကို FDA ထောက်ခံချက်ရရန် အတွက် ဆောင်ရွက်စဉ်ကသာ ရေသန့်ဓာတ်ခွဲမှုကို ပြုလုပ်လေ့ရှိကြသည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ရေသန့်စက်ရုံများတွင် မိမိတို့စက်ရုံများက ထွက်ရှိလာသည့်ရေသန့်ကို အစဉ်တစိုက် အရည်အသွေးကိုစစ်ဆေးပြီး ဓာတ်ခွဲနိုင်သော မှတ်တမ်းတင်သော ဌာနများလည်းရှိရန်အတွင်လည်း တိုက်တွန်းလမ်းညွှန်ပေးရန် လိုအပ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

သယ်ယူဖြန့်ဖြူးရောင်းချသည့် စနစ်တွင်လည်း ရေများကို နေရောင်ခြည်နှင့် တိုက်ရိုက် အချိန်အကြာ ကြီး ထိတွေ့ခြင်း မရှိစေရန်အတွက် လမ်းညွှန်ရန်လိုပါကြောင်း၊ နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရပါက ရေသည် ဓာတ်တိုးမှုများဖြစ်ပေါ်လာပြီး တချို့ဓာတ်ပေါင်းများသည် ရေရှည်တွင် ကင်ဆာဖြစ်နိုင်ကြောင်း အထောက်အထားများကို သိရှိလာရသည့်အတွက် ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးသည့် ကျန်းမာရေးနှင့် ညီညွတ်သော ရေသန့်စနစ်ကို ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရာတွင် ကုန်ကျစရိတ်များလည်း ရှိလာနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီမှု၊ ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်သကဲ့သို့ ကြီးကြပ်လမ်းညွှန်ရန် လည်းလိုအပ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ် စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မိမိတို့အနေဖြင့် သောက်ရေသန့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထုတ်လုပ်ဖြန့်ဖြူးသယ်ယူ ရောင်းချသည့်အခါ ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ် စေရန် မည်သို့ပညာပေးကြီးကြပ်ဆောင်ရွက်သည်ကို သိရှိလိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တင်ပြလိုပါကြောင်း၊ (၁) မူဝါဒ၊ သောက်ရေသန့်လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် သောက်ရေသန့်ကွပ်ကဲမှု မူဝါဒ(၃) ရပ်အား ၄-၈-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ညွှန်ကြားခဲ့ပါကြောင်း၊ ရေသန့်ကွပ်ကဲမှု မူဝါဒ(၃) ရပ်မှာ (၁) ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်း၊ ထောက်ခံချက်ရှိ သက်တမ်းကုန် ရေသန့်လုပ်ငန်းနှင့် ထောက်ခံချက်ရှိ သက်တမ်းရှိသော ရေသန့်လုပ်ငန်းဟူ၍ အဆိုပါ သုံးခုမှ ရပ်ဆိုင်းခြင်း၊ ကတိကဝတ် လက်မှတ်ရေးထိုးခြင်း၊ ဈေးကွက်မှ ပြန်ရုပ်သိမ်းခြင်း၊ ထောက်ခံချက် အတိုင်း လျှောက်ခိုင်းခြင်း စသည် မူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဈေးကွက်မတိုင်မီစိစစ်ခြင်းအနေဖြင့် ဈေးကွက်ကိုမတင်မီ Good Manufacturing Practice (GMP) နှင့်ညီညွတ်စွာထုတ်လုပ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ သောက်ရေသန့်နမူနာ ကောက်ယူ ဓာတ်ခွဲ စစ်ဆေးခြင်း၊ အမှတ်တံဆိပ်သတ်မှတ်ချက်များနှင့် ညီ/မညီစစ်ဆေးခြင်း၊ အထက်ပါ သတ်မှတ်ချက် များ နှင့်ကိုက်ညီပါက အစားအသောက်ထုတ်လုပ်ခြင်း၊ ထောက်ခံချက်ထုတ်ပေးပြီး သက်တမ်း နှစ်နှစ် ရှိပါကြောင်း၊ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ထောက်ခံချက်လျှောက်ထားမှု လုပ်ငန်းစဉ် မြန်စေရေးအတွက် စက်ရုံကွင်းဆင်းစစ်ဆေးသည်မှစ၍ ထောက်ခံချက် ထုတ်ပေးနိုင်သည့် အဆင့် အထိ စိစစ်ပြီး One Page Report ဖြင့် နေပြည်တော်ရုံးချုပ်သို့ ထောက်ခံတင်ပြပေးခြင်း စနစ်အား ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်တင်ပြီးနောက် စိစစ်ခြင်းတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်များအား ဈေးကွက်နမူနာကောက်ယူ ဓာတ်ခွဲစစ်ဆေး၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါက ဈေးကွက်မှ ပြန်လည်သိမ်းဆည်းဖျက်ဆီးစေခြင်း၊ လုပ်ငန်းအား ခံဝန်ကတိထိုး၍ ထုတ်လုပ်မှုယာယီ ရပ်ဆိုင်းခြင်း၊ လိုက်နာမှုမရှိပါက အစားအသောက် ဥပဒေအရ တရားစွဲဆိုခြင်းများနှင့် သောက်ရေသန့် ထုတ်လုပ်ရောင်းချမည်ဆိုပါက အစားအသောက် ထုတ်လုပ် ခြင်း ထောက်ခံချက်ရရှိပြီးမှသာ ဈေးကွက်တွင်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ ရှောင်တခင် ကွင်းဆင်း စစ်ဆေးရာတွင် ထောက်ခံချက်မရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးနေသည်ကို တွေ့ရှိပါက ရေသန့်များကွပ်ကဲမှု မူဝါဒအရ ၎င်းစက်ရုံအား ချက်ချင်းပိတ်သိမ်းအရေးယူပြီး ဈေးကွက်တွင်း ဖြန့်ဖြူးထားသော ထုတ်ကုန် များအား ဈေးကွက်မှ ပြန်လည် သိမ်းဆည်းဖျက်ဆီးစေခြင်း၊ လုပ်ငန်းအား ဝန်ခံကတိ ရေးထိုးခြင်းနှင့် ထောက်ခံချက်အမြန်ဆုံး လျှောက်ထားရန် ညွှန်ကြားခြင်းတို့ကို ဆောင်ရွက်နေပါကြောင်း၊

စီမံချက်အနေဖြင့် စားသုံးမှုများသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရန် ဈေးကွက် ထောက်လှမ်းရေး လုပ်ငန်းစီမံချက်အား ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အထိရေးဆွဲထားပြီး တစ်တိုင်းပြည်လုံးအနေဖြင့် ဆောင်ရွက်လျက်ရှိရာ သောက်ရေသန့်နမူနာ ကောက်ယူစစ်ဆေးခြင်းလည်း ပါဝင်ပါကြောင်း၊ သင်တန်းများကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးတို့၌ (၁၁)ကြိမ်ပြုလုပ်ခဲ့ပြီး သင်တန်း သား ၅၀၃ ဦးတက်ရောက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ် လစဉ်စီမံချက်များရေးဆွဲ၍ အသိပညာပေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များ အသင်း အား ဖွဲ့စည်း၍ ပညာပေးသင်တန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နှစ်ကြိမ်ဆောင်ရွက် ပေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရေသန့်လုပ်ငန်းများအား သင်တန်းပို့ချရေး သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်းနှင့် ခရိုင်နှင့်မြို့နယ်များတွင် အဆိုပါသင်တန်းများပို့ချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် ချက်ဖြင့် Bottle Drinking Water Safety Project ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှောင်တခင်စစ်ဆေး နိုင်ရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီများနှင့်ဆွေးနွေး၍ စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းပေးပြီးလုပ်ငန်းများအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်၍ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖော်ပြပါအတိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

အသိပညာပေးခြင်းအနေဖြင့် သောက်ရေသန့်ဗူးများအား သိုလှောင်ရာတွင် ပူလွန်းသောနေရာ သို့မဟုတ် နေရောင်ခြည်တိုက်ရိုက်တွေ့ထိသောနေရာများတွင် မထားရှိရန်၊ အမိုး၊ အကာ အောက် အေးမြ၍ ခြောက်သွေ့သောနေရာတွင်ထားရှိရန်၊ သောက်ရန်သန့်ဗူးများအား သယ်ယူ ဖြန့်ဖြူးရာတွင် အမိုး၊ အကာပါသောကားများဖြင့် သယ်ယူဖြန့်ဖြူးရန်တို့ကို ထောက်ခံချက်ထုတ်ပေးစဉ် ညွှန်ကြား ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းတွင် ပလတ်စတစ် အသုံးပြု ထုပ်ပိုးသော စားသောက်ကုန်များ နေရောင်ခြည်နှင့် အချိန်ကြာမြင့်စွာတိုက်ရိုက် ထိတွေ့ခြင်း မရှိစေရေး၊ အစားအသောက်အန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတိပြုဖွယ် ပလပ်စတစ်အစားအသောက် ကုန်ထုတ်ပိုးပစ္စည်း အန္တရာယ်နှင့် ပလတ်စတစ်နှင့်ပြုလုပ်ထားသော အစားအသောက်ထုပ်ပိုးပစ္စည်းများနှင့် ပတ်သက်၍ သိကောင်းစရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် FDA Website များတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းအစီအစဉ်များကို ၂၀၁၇ ခုနှစ်တွင် ၁၃၃ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၂၀၅ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၇၇ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်လည်း အသိပညာ ပေးခြင်းအစီအစဉ်များ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ သောက်ရေသန့်ဗူးများ သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်းကို နှီးနွှယ်ဌာနများနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းများ၊ လိုအပ်ပါကလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ဖောက်ဖျက်ပါက အရေးယူပေးနိုင်ရန် နှီးနွှယ်ဌာနများ ဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့များကိုလည်း ညှိနှိုင်း အကြောင်းကြား ပေးနိုင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန် တင်ပြပြီးဆောင်ရွက်လျက် ရှိနေ ပါကြောင်း၊ သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ဖြန့်ဖြူး ဈေးကွက်တင်ရောင်းချခြင်းများအား ကြီးကြပ်ကွပ်ကဲရန် ညွှန်ကြားချက်များထုတ်ခြင်း၊ သောက်ရေသန့်လုပ်ငန်းများ ထောက်ခံချက် လျှောက်ရာတွင် လိုက်နာရမည့်အချက်များ ကြေညာချက်များထုတ်ခြင်း၊ လက်ရှိဖြစ်ပွားနေသော Corona Virus Disease 2019(COVID-19)ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ သောက်ရေသန့် ထုတ်လုပ်‌ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် အထူးသတိပြုလိုက်နာဆောင်ရွက်ရမည့် ကြေညာချက်များကို ထုတ်ပြန်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊

သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ဖြန့်ဖြူးဈေးကွက်တင်ရောင်းချခြင်းအား ကြီးကြပ်ကွပ်ကဲမှု နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့် ‌ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများကို စိစစ်ရန်အတွက် ညွှန်ကြား ချက်များထုတ်ပြန်ထားပါကြောင်း၊ နောက်တစ်ခုအနေဖြင့် စားသောက်ကုန် ထုတ်လုပ်ရာတွင် ထုပ်ပိုးရာ၌ အသုံးပြုသည့် ပလပ်စတစ်များသည် Good Grade Plastic ကိုအသုံးပြုရန်အတွက် ညွှန်ကြားချက်များ ထုတ်ထားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Corona Virus ဖြစ်သည့်အခါ Virus ကြောင့် ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ‌ကြေညာချက်များထုတ်၍ ရေသန့်နှင့် ပတ်သက်၍ ပညာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နောက်ဆုံးအနေဖြင့် သောက်ရေသန့်လုပ်ငန်းများကို ‌ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီဆောင်ရွက်ရန် အတွက် လမ်းညွှန်ချက်များကို ဌာန၏ ဝက်ဆိုဒ်တွင် ၂၁-၇-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန် ထားပြီး ဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်များအနေဖြင့် (၁)သက်ဆိုင်ရာနယ်ပယ်၊ (၂) အဓိပ္ပာယ် ဖွင့်ဆိုချက်များ စသည့် အချက်ပေါင်း(၁၉)ချက်ပါဝင်ပါကြောင်း၊ စက်ရုံ၏ တည်နေရာ၊ အဆောက်အဦ၊ ဖွဲ့စည်းပုံ၊ အခန်းတွင်း အပြင်အဆင်၊ ရေအရင်းအမြစ်၊ ရေသွယ်တန်းအသုံးပြုခြင်း၊ ရေသန့်စင်စက်များ၊ ‌သောက်ရေသန့်ထည့်သွင်းသည့်ဗူးကို ဝန်ထမ်း၊ သောက်သုံးရေသန့်ထုတ်လုပ်သည့်လုပ်ငန်းစဉ်၊ အမှတ်တံဆိပ်ကပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရေစွန့်ပစ်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးမွှားထိန်းချုပ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အထောက်အပံ့ပစ္စည်းများ၊ မှတ်တမ်းများ စသဖြင့်ဆောင်ရွက်ထားပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ Website တွင်လည်းသက်တမ်းရှိသောက်ရေသန့်လုပ်ငန်းများ၏ စာရင်းကို လစဉ်ထုတ်ပြန်ပြီး ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ဖြန့်ဖြူး‌ ရောင်းချခြင်းစနစ် ပေါ်ထွက်လာစေရန်အတွက် ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူ၊ စားသုံးသူများ သိရှိလိုက်နာရန်အတွက် Website များ၊ လူမှုကွန်ရက်စာမျက်နှာများတွင် အားလုံးကို အသိပညာ ပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ် သန့်ရှင်းမှုမရှိ သောအခြေအနေများနှင့် သိုလှောင်ထားပါက အမျိုးသားအစားအသောက် ဥပဒေအရ ပြစ်ဒဏ် ချမှတ်နိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာအေဇင်လတ်(ရွှေဘိုမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကြီးကြပ်ဆောင်ရွက်သည့် အပိုင်းတွင် မိမိသိလိုသည့် ဆက်စပ်နှစ်ချက်ကိုသာ ထပ်မံ မေးမြန်းလိုပါ ကြောင်း၊ ပထမအချက်အနေဖြင့် ကြီးကြပ်ဆောင်ရွက်ခြင်းတွင် စက်ရုံကထွက်ရှိ လာသော ရေသန့် ၏ အရည်အသွေးကို အစဉ်တစိုက်ဖြင့်ကြည့်ရှုမှတ်တမ်းတင်သည့် မှတ်တမ်းဌာနမျိုး အဆိုပါ ရေသန့် စက်ရုံများတွင် ထားရှိရန် အစိုးရအနေဖြင့် အကြံပြုတိုက်တွန်းရန် အစီအစဉ်ရှိ/မရှိ ကို လည်း ကောင်း၊ ဒုတိယအချက်အနေဖြင့် သတ်မှတ်ထားချက်များနှင့် မညီညွတ်သည့် မလိုက်နာသည့် ရေသန့် စက်ရုံများကိုတွေ့ရှိခဲ့ပါက မည်သို့အရေးယူဆောင်ရွက်မှုများ ပြုလုပ်သည်ကိုလည်းကောင်း သိရှိလို ပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒေါက်တာဒေါ်မြလေးစိန်

မိမိတို့အနေဖြင့် စက်ရုံများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အားလုံးကို ချမှတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသွားခဲ့သည့် ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ မိမိ အနေဖြင့် အသေးစိတ် တင်ပြထားခြင်း မရှိပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်ရန် လမ်းညွှန်ချက်များ တွင် အများကြီး ဆောင်ရွက်ထားပြီး အဆိုပါလမ်းညွှန်ချက်ထဲတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း မရှိပါက မိမိတို့တွင် အစားအသောက်နှင့်ဆိုင်သည့် ဥပဒေရှိပါကြောင်း၊ အဆိုပါ ဥပဒေသည်လည်း ပြန်ပြီး Revise လုပ်ထားပြီးသားဖြစ်ပါကြောင်းနှင့် ယင်းဥပဒေများအရ မိမိတို့ အရေးယူဆောင်ရွက်နိုင်ခြင်းရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။