Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အဘယကျော်ထင်လမ်း၊ အမှတ် (၁၆၈) ရပ်ကွက်တွင်နေထိုင်လျက်ရှိသောအိမ်ထောင်စု ၁၉၂ အိမ်သည် ဖော်ပြပါမြေနေရာသို့ ပြောင်းရွှေ့မခံမီအထိသာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်တွင်မိသားစုများနှင့်အခြေတကျနေထိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ ၂၀၀၁-၂၀၀၂ ခုနှစ်၌ သာ‌ကေတမြို့နယ်၊ရှုခင်းသာရပ်ကွက်၊အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး‌ကော်မတီ၊ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီနှင့်ယုဇနဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကြရာ၌ ရှုခင်းသာရပ်ကွက်ရှိ နေထိုင်သူများကို စီမံကိန်းအကောင်အထည်ဖော်သည့်အချိန်အတွင်း ခေတ္တဖယ်ရှားပေးရန်နှင့် ‌မြေနေရာ အတည်တကျ ချထားပေးမည်ဟု ညှိနှိုင်းပြောဆိုမှုအပေါ် ပြည်သူများမှယုံကြည်၍ သဘောတူခဲ့ကြောင်း သိရှိရပါကြောင်း၊ ရှုခင်းသာရပ်ကွက်နေ ပြည်သူများအနက်မှ အိမ်ထောင်စု ၁၉၂ စုအား ယခု နေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၁၆၈)ရပ်ကွက်သို့ တစ်အိမ်ထောင်လျှင် (၁၅ x ၆၀ ပေ) အကျယ်တိုင်းတာ၍ ‌ခေတ္တနေထိုင်ရန်စီစဉ်ပေးပြီး အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇) စီမံကိန်းဧရိယာမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အကွက် (၁၆၈)သို့ ဖျက်သိမ်းရေးဆပ်ကော်မတီမှ မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့စေခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့နေထိုင်ကြောင်း စာရွက်စာတမ်းနှင့်တကွ ယာယီနေရာချထားပေးခဲ့သည်မှာ ယနေ့အချိန်ထိဆို ၁၈ နှစ်ကျော်ဖြစ်သော်လည်း မူလသဘောတူညီထားသည့် မြေနေရာအတည်တကျ စီစဉ်ဆောင်ရွက်ပေးမည့်ကိစ္စအား ယနေ့အချိန်ထိ ဆောင်ရွက်ခြင်းမရှိသကဲ့သို့ တရားဝင်ခံစားခွင့် တစ်စုံတစ်ရာလည်းမရှိကြောင်း သိရှိရပါကြောင်း၊

ထို့အပြင် ၉-၅-၂၀၁၆ ရက်နေ့တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈) ရပ်ကွက်အတွင်းရှိ အစိုးရမြေပေါ်ဝင်ရောက် နေထိုင်သည့်လူဦးရေစာရင်း ခေါင်းစဉ်ပါစာရွက်ဖြင့် လမ်းဘေးကျူးကျော် နေထိုင်သူများစာရင်းကောက်ခံခြင်း ဖြစ်ကြောင်းပြောကြားသောကြောင့် ကာယကံရှင် အိမ်ထောင်စု ၁၉၂ စုတို့မှ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းမဟုတ်ဘဲ စီမံကိန်းအတွက် ဖယ်ရှားပေးရခြင်းသာဖြစ်ကြောင်း ရှင်းပြသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း၊ အမှတ်(၇)မှ တာဝန်ရှိသူများ ထုတ်ပေးထားသော စာရွက်စာတမ်းများပြ၍ ကိုယ်စားလှယ်ထံတင်ပြချက်အရ တရားဝင်စာရွက်စာတမ်းများ ရရှိရေး အတွက် ‌ဆောင်ရွက်ပေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ယခင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးသည့်မြေပုံပါမစ် မူရင်းခွဲ၊ မြေငှားစာချုပ် မူရင်းခွဲများစာရင်းနှင့် မြေတိုင်းအမှတ် (၁၆၈)၊ (၁/၂) စာရင်းဖြင့် ပေးပို့လာခဲ့ပါကြောင်း၊ ပေးပို့လာသောစာရင်း အရ ၂၀၁၈ ခုနှစ်တွင် ကာယကံရှင်များမှ မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်သို့ တင်ပြလျှောက်ထားခဲ့ရာ ယနေ့အထိ ထူးခြားစွာ ဆောင်ရွက်‌ပေးခြင်းမရှိဘဲ တစ်လတစ်ခါ ချိန်းဆိုနေကြရာ ယခုအခါ တစ်နှစ်ခွဲကျော်ကြာမြင့်ပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံသို့ ပေးပို့လာသောစာရင်းအရ သက်ဆိုင်ရာ စည်ပင်သာယာရေး‌ကော်မတီမှ မိမိတို့တာဝန်အား ကာလတစ်ခုအတွင်း ဆောင်ရွက်ထားမှုမရှိခြင်းအတွက် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခြင်းခံရသော ပြည်သူများကိစ္စကို ဆက်လက်‌ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းဆောင်ရွက်စဉ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသည့်ပြည်သူများ ဒုက္ခရောက်နေသဖြင့် လိုအပ်သောစီမံမှုကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး မေးခွန်းပါ မြေနေရာအားစိစစ်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၁၆၈) ရပ်ကွက်၊ အပိုင်း (၆)၊ ကျည်စုသုသာန်မြေ ဧရိယာအတွင်း တည်ရှိသောမြေနေရာဖြစ်ပါကြောင်း၊ မြို့မြေစာရင်း (Town Land Roll)တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၆၈)၊ မြေကွက် အမှတ်(၁)၊ မြေဧရိယာ ၁၉.၅၈၈ ဧကရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကျည်စုသုသာန်မြေ အမည်ပေါက်အဖြစ် မှတ်သားထားရှိ သောမြေနေရာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစိစစ်ချက်အရ ကနောင်မင်းသားကြီးလမ်းနှင့် အဘယကျော်ထင်လမ်းထောင့် ကျည်စုသုသာန်‌မြေ ဧရိယာအတွင်း ကျူးကျော်နေထိုင်မှု တဲအိမ် ၅၀ ကျော်ခန့် တည်ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ သာ‌ကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းဆောင်ရွက်မှုတွင် ရွှေ့ပြောင်းပြည်သူများနေရာချထားမှုအား ပြန်လည်စိစစ်ခဲ့ရာ အဆိုပါရွှေ့ပြောင်းချထားမှုသည်သာကေတမြို့နယ်၊အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇) ကြီးကြပ်ရေးအဖွဲ့ ၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၁၆၈)၊ အပိုင်း (၁)သို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇) ကြီးကြပ်ရေး အဖွဲ့၏ ရွှေ့ပြောင်းနေရာချထားမှု စာရင်းဇယားများအရ ၁၇၇ ဦးရှိကြောင်း၊ အဆိုပါ ၁၇၇ ဦးအနက် ၂၀၀၁ ခုနှစ်တွင် ၇၄ ဦး၊ ၂၀၀၂ ခုနှစ် တွင် ၁၀၃ ဦး ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်း ပြောင်းရွှေ့ မှတ်တမ်းစာရင်းများအရ စိစစ်သိရှိရပါကြောင်း၊

ထိုသို့ပြောင်းရွှေ့နေရာချထားမှုတွင် ပြောင်းရွှေ့ရေးကြီးကြပ်မှုကော်မတီအနေဖြင့် တရားဝင်မြေချပါမစ် ချထားထုတ်ပေး ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ စီမံကိန်းဆောင်ရွက်မှုအရ ပြောင်းရွှေ့ရေးဆောင်ရွက်မှုအချိန်တွင် ကော်မတီနှင့်လာရောက် ဆက်သွယ်ဆောင်ရွက်သူများကိုသာ မှတ်တမ်းတင် ရွှေ့ပြောင်း ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ထိုသို့ အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇) အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် ဆောင်ရွက်သည့်ကော်မတီအနေဖြင့် ပြောင်းရွှေ့နေရာချထားရေး ဆိုင်ရာကိစ္စရပ်များ၏ မှတ်တမ်းမှတ်ရာများအား စီမံကိန်းအခြေပြုရာ ကုမ္ပဏီရုံးခန်းတွင် ထိန်းသိမ်းထားရှိရာပျက်စီးမှုများရှိသဖြင့်အပြည့်အစုံစိစစ်၍မရရှိနိုင်ကြောင်းကိုစစ်ဆေးတွေ့ရှိရပါကြောင်း၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြေနေရာမှာ လက်ရှိဝင်ရောက် နေထိုင်သူများအနေဖြင့်လည်း အဆိုပါ စီမံကိန်းပြောင်းရွှေ့ရေးထဲမှာ ပါဝင်သည့်အိမ်ထောင်စုဝင်များ ဟုတ်/မဟုတ်၊ မှန်ကန်မှုရှိ/မရှိကိုလည်း စိစစ်နိုင်ခြင်းမရှိသည့် အနေအထားမျိုးဖြစ်ကြောင်းကို စိစစ်သိရှိရပါကြောင်း၊ အဆိုပါ ဝင်ရောက်နေထိုင်သူများ အနေဖြင့်လည်း မည်သို့ပြောင်းရွှေ့လာမှုအခြေအနေကို အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိကြောင်းကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းပါမြေနေရာသည် လက်ရှိမြို့မြေစာရင်း (Town Land Roll) နှင့် မြို့ကွက်ကျမြေပုံ (Block Map) တို့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ‌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကျည်စုသုသာန်မြေ၏ မြေဧရိယာအတွင်း ဝင်ရောက်နေထိုင်ခြင်းသာဖြစ်ပြီး သာကေတမြို့နယ်၊ ရှုခင်းသာ အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇)၏ ပြောင်းရွှေ့ချထားမှုမှတ်တမ်း စာရင်းဇယားတွင် ပါဝင်မှု ရှိ/မရှိများကိုစိစစ်၍ မရရှိနိုင်သည့်အတွက် လတ်တလောမြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမြစိန် [ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်] မှ ဆက်စပ်မေးခွန်း‌ မေးမြန်းပါသည်။

မိမိတို့မြို့နယ်မှာ ကျူးကျော်မှုအလွန်များသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိပြောသည့်အိမ်ထောင်စု ၁၉၂ လုံးက ကျူးကျော်များမဟုတ်ဘဲ ၎င်းတို့က ၎င်းတို့အကျိုးစီးပွားအတွက် ဆောင်ရွက်၍ မိမိဘက်ကိုပို့ပြီး အထောက်အထားလည်း မိမိတို့ဘက်က တင်ပြပါကြောင်း၊ ထိုစည်ပင်သာယာရေးကော်မတီကို တစ်ခေါက်လိုက်သွားသည့်အခါ မိမိတို့ပြသည့် အထောက်အထားများကို မယူဘဲနှင့် ကုမ္ပဏီမှာထားပြီး ပျောက်ခြင်းသည် ယုဇနကုမ္ပဏီဆိုသည်မှာ မိမိတို့ယုဇနဥယျာဉ်မြို့တော် တည် ဆောက်စဉ်တုန်းက မည်သည့်စာချုပ်မျှမရှိဘဲ တည်ဆောက်ထားသောကုမ္ပဏီ ဖြစ်ပါကြောင်း၊ ထိုသို့ သောကုမ္ပဏီမျိုးမှာ သွားထားပါက မိမိတို့ပြည်သူများ အရမ်းနစ်နာပါကြောင်း၊ ထို့ကြောင့် ဆိုလိုသည် မှာ (၄၀ x ၆၀ ‌ပေ) မဟုတ်ဘဲနှင့် မူလပေးထားသည့် (၁၅ x ၆၀ ပေ)ကို ပြန်လည်စိစစ်ပြီး မိမိတို့အထောက်အထားနှင့် တင်ပြနိုင်ဖို့ အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ကိုယ်စားလှယ်ကြီးမေးမြန်းထားသည်မှာလက်တွေ့ကျပါကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်တွင်စိစစ်နိုင်ခြင်းမရှိသောကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ‌ကြောင်း ဖြေကြား ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်ကြီး၏ အထောက်အထားတင်ပြချက်နှင့် ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိကို ထပ်ဆင့်မေးခွန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည် မေးမြန်းပြီး ဖြေကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။