Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့နယ်ဆေးရုံ ၂၅ ခုတင်ဆံ့ကနေ ခုတင် ၅၀ ဆံ့ အဆင့်ကို ၂၀၁၅ ခုနှစ်တွင် တိုးမြှင့် သတ်မှတ်ခဲ့ပြီး လိုအပ်သည့် တိုးချဲ့နှစ်ထပ် လူနာကုသဆောင်နှင့် ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတို့ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ သော်လည်း ၎င်းအဆောက်အအုံများသည် အသုံးပြုရန် အဆင်သင့် မဖြစ်သေးသည့်အတွက် ဒုတိယ အကြိမ် ပြည်သူ့လွှတ်‌တော် နဝမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းအဖြစ် ထီးချိုင့်မြို့ ခုတင် ၅၀ ဆံ့ ဆေးရုံတွင် လိုအပ်လျက်ရှိသည့် ဆက်လက်လုပ်ကိုင်ရန်လိုအပ်သည့် ကိစ္စများ၊ ခြံစည်းရိုးကာရံခြင်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ သားဖွားခန်း၊ ရင်ခွဲရုံစသည့် လုပ်ငန်းများကို မည်သည့် ဘဏ္ဍာရေးနှစ်တွင်လျာထားကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေခွန်းကို မေးမြန်းခဲ့သည့် အချိန်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လက်ထောက်ဆရာဝန် နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းနှင့် ကုသဆောင်များပါသည့် တိုးချဲ့နှစ်ထပ်ဆောင် ၃၀ ရာခိုင်နှုန်း တည်ဆောက်ခြင်းနှင့် ကျန် ၇၀ ရာခိုင်နှုန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ လတ်တလောအခြေအနေအရ မူလ ဆေးရုံဟောင်းနေရာတွင် အဆင်ပြေသော်လည်း မိမိတို့၏ ပြည်သူများသည် အခုတင်ပြပါ ဆေးရုံနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို အတူတူတည်ဆောက်ခဲ့ရာတွင် တိုင်းရင်းဆေးရုံက စတင်ဖွင့်လှစ် အသုံးပြုနေပြီး ခုတင် ၅၀ ဆံ့ ဆေးရုံ ဖွင့်လှစ်မှုကို မေးမြန်းကြသည့်အချိန်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေအရပ်ရပ်ကို ထီးချိုင့်မြို့နယ်သူ မြို့နယ်သားအားလုံး သိရှိစေလိုသည့်အတွက် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

၂၀၁၅-၂၀၁၆ ခုနစ်တွင် တည်ဆောက်ခဲ့သည့် ခုတင် ၅၀ ဆံ့ ဆေးရုံ (မူလဆောင်)၊ မူလဆောင်နှင့် အတူတူတည်ဆောက်ခဲ့သည့် ခြောက်ခန်းတွဲလေးထပ်ဝန်ထမ်းဆောင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ခဲ့သည့် လက်ထောက်ဆရာဝန်နေအိမ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဆဲခွဲစိတ်ခန်း၊သားဖွားခန်း၊ဓာတ်မှန်ခန်းနှင့်ကုသဆောင်များပါသည့် တိုးချဲ့နှစ်ထပ် ဆောင် (တည်ဆောက်ဆဲ) ဖြစ်ပါကြောင်း၊ ဖော်ပြပါ လုပ်ငန်းများ၏ ဓာတ်ပုံများနှင့် လက်ရှိ ထီးချိုင့် မြို့နယ် ဆေးရုံဟောင်း၏ ဓာတ်ပုံ ဖြစ်ပါကြောင်း၊ ဆေးရုံဟောင်းနှင့် တစ်ဆက်တည်း အလှူရှင် ဦးကျော်သိန်း+ဒေါ်ဆင့် (သိန်းဆင့်မိသားစု)က ပုဂ္ဂလိက လှူထားသည့် သိန်း ၁၀၅၀ တန် RC နှစ်ထပ် အဆောက်အအုံဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် အဆောင် ဖြစ်ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ခုတင် ၅၀ ဆံ့ဆေးရုံသစ်ကို မည်သည့်အချိန်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည်နှင့် လက်ရှိ အသုံးပြုနေသောဆေးရုံဟောင်းအား မည်သို့ ဆက်လက် အသုံးပြုမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ ၏ မြေအကျယ်အဝန်းသည် ၂.၂၃ ဧကဖြစ်၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပူးတွဲ‌ဆောင်ရွက်နေရပါသဖြင့် ပြည်သူလူထုအတွက် ကုသစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားဖြည့်နိုင်စေရန်အတွက် ၁၀ ဧက အကျယ်အဝန်းရှိသော မြေပေါ်တွင်ပြောင်းရွှေ့ ဆောက်လုပ် ရန် ရည်မှန်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ခုတင် ၅၀ ဆံ့‌ ဆေးရုံသစ် မြေနေရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုးချဲ့နှစ်ထပ် လူနာဆောင်နှင့် ခြောက်ခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ အဆောက် အအုံများ ဆောက်လုပ်ပေးခဲ့ပြီး တိုးချဲ့နှစ်ထပ်အဆောက်အအုံ လူနာဆောင် သီးသန့် ဖြစ်၍ ကုသရေး ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် အဆောက်အအုံ ထပ်မံလိုအပ်သည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကုသရေးအတွက် လိုအပ်သည့် ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းပါ နှစ်ထပ် အဆောက်အအုံ ဆောက်လုပ်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ခွင့်ပြုငွေ ၁၇၇.၃၀၀၀ ကျပ်သန်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ လျာထားငွေ ၃၉၉.၅၀၀၀ ကျပ်သန်း ပါရှိပြီး ဆောက်လုပ်လျက် ရှိပါကြောင်းနှင့် ခုတင် ၅၀ ဆံ့ ဆေးရုံသစ်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ဆောင်ရွက်လျက်ရှိနေပါကြောင်း၊လက်ရှိ အသုံးပြုလျက်ရှိသည့် ဆေးရုံဟောင်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ရောဂါ တိုက်ဖျက်ရေးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ခုခံအားကျကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တိုးချဲ့ကာ ကွယ်ဆေးထိုးလုပ်ငန်း၊ ဆီးချိုသွေးတိုး ရောဂါတိုက်ဖျက်ရေးလုပ်ငန်း၊ ဖွားသေစာရင်း လုပ်ငန်းများနှင့် ပြင်ပလူနာ ကုသရေးဌာနအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးမောင်မောင်(ထီးချိုင့်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရွှေ့ပြောင်းမည်ဖြစ်သည့်အတွက်ဝမ်းသာပါကြောင်း၊ လက်ရှိ ဆေးရုံတွင် လိုအပ်နေသည့် ခြံစည်းရိုးကာရံခြင်း၊ ဆေးရုံတွင်းတွင် ကွန်ကရစ်လမ်း ခင်းခြင်း ကိစ္စများ ကျန်နေပါကြောင်း၊ ၎င်းတို့ကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း ‌ဆက်စပ်မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မိမိအနေဖြင့် ပြန်လည်တင်ပြပြီးသည့် အချိန်တွင် လိုအပ်သည့် ဘဏ္ဍာငွေကို ထည့်သွင်းပေးရန် တောင်းဆို ပေးသွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။