Skip to main content

သပိတ်ကျင်းမြို့နယ်အတွင်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခု၏ အုပ်စုခြား နယ်နိမိတ်သတ်မှတ်ပေးရန်နှင့် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် နှစ်ခုကြားတိကျသော မြို့နယ်ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာသည် ယခင်က အုန်းဇုန်းကျေးရွာအုပ်စုအတွင်း ပါဝင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ချောင်းကြီးကျေးရွာအုပ်စုအဖြစ် သီးခြားဖြစ်တည်လာပြီး ချောင်းကြီးရွာ၊ ကျောက်ဖြူရွာ၊ ရေထွက်ရွာတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း သို့သော်လည်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခုအကြား တိကျသော အုပ်စုခြားနယ်နိမိတ် ယနေ့တိုင်မရှိသေး၍ ထိစပ်လျက် ရှိသောနယ်မြေများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲခြင်း၊ ရွှေသတ္တုတူးဖော်ထုတ်လုပ်မှု လုပ်ကိုင်ခွင့် လျှောက်ထားရာတွင်လည်း အုပ်စုထောက်ခံချက်များရယူရန် အခက်အခဲများကြုံတွေ့ လာနိုင်ပါကြောင်း၊

ချောင်းကြီးကျေးရွာအုပ်စု နယ်နိမိတ်အတွင်းပါဝင်ပြီး သပိတ်ကျင်းမြို့နယ်တောင်ဘက် အစွန်ဆုံးကျေးရွာလေးတစ်ရွာဖြစ်သည့် ဇိုက်ချောင်းကျေးရွာသည် အစောပိုင်းကာလများကပင်ရွာအဖြစ် တည်ရှိနေပြီးသားဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် သပိတ်ကျင်းမြို့နယ်၊ ဌာနဆိုင်ရာ ကွင်းဆင်းအဖွဲ့မှ ကျေးရွာမြေတိုင်းတာပြီး တရားဝင်ပြန်တမ်းဝင်ကျေးရွာရရှိရေး အမှုတွဲတင်ပြထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ကွင်းဆင်းတိုင်းတာခဲ့စဉ် ဇိုက်ချောင်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ထိုအချိန်က ဇိုက်ချောင်းကျေးရွာ၏အုပ်ချုပ်မှုအောက်တွင်ရှိသည့် ထောက်ကြံ့ပင်ကွက်ရပ်ကို ကွင်းဆင်းတိုင်းတာခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် သပိတ်ကျင်းမြို့နယ်နှင့်  စဉ့်ကူးမြို့နယ်နှစ်မြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် နှစ်ဖက်ကွင်းဆင်းရေးအဖွဲ့မှ မြေပြင်အနေအထားကို ကွင်းဆင်းစစ်ဆေးကာ ထောက်ကြံ့ပင် ကွက်ရပ်အား စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးအုပ်စုသို့ လွှဲပြောင်းပေးထားခဲ့ပါကြောင်း၊ ထိုသို့ လွှဲပြောင်းစဉ် ထောက်ကြံ့ပင်ရွာမြောက်ဘက်ရှိ ထောက်ကြံ့ပင်မူလတန်းကျောင်းသည် စဉ့်ကူးမြို့နယ်အတွင်းသို့ပါဝင်ခြင်း မရှိခဲ့သောကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လကျမှ စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး ၏စီမံကွပ်ကဲမှု အောက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့ပါကြောင်း၊

ထိုသို့အဆင့်ဆင့်လွှဲပြောင်းပေးခဲ့သော်လည်း ယခင် မြို့နယ်နှစ်ခုအား ပိုင်းခြား သတ်မှတ်ထားသည့် နယ်ခြားမှတ်တိုင်အား ရွှေ့ပြောင်းစိုက်ထူ၍ မြို့နယ် နှစ်ခု၏ဧရိယာအား တိကျစွာပိုင်းခြား သတ်မှတ်ပေးခြင်းမရှိခဲ့ပါကြောင်း၊ ရံဖန်ရံခါ စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှ ဇိုက်ချောင်းအိမ်ထောင်စုဝင်များအား လာရောက်စာရင်း ကောက်ယူခြင်း၊ ထောက်ကြံ့မြေ ကျေးရွာရှိ သာရေး၊ နာရေးကိစ္စရပ်များအား တာဝန်ခွဲဝေချထားခြင်း၊ အစည်းအဝေးများ ဆင့်ခေါ် တက်ရောက်စေခြင်းတို့ကို ကြားသိရသည့်အပြင် လာမည့်‌ရွေးကောက်ပွဲအတွက် အခြေခံလူဦးရေစာရင်း၊ မဲစာရင်းများကောက်ယူရာတွင် ကျေးရွာနှစ်ရွာကြား သဘောထား ကွဲလွဲမှုရှိပြီး မဲစာရင်းများ ထပ်နေခြင်း၊ မဲစာရင်းများကျန်ခဲ့ခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထို့အတွက်ကြောင့် မလိုလား အပ်သောပြဿနာများမဖြစ်ပေါ်စေရေးအတွက် တိကျသည့် မြို့နယ်ခြား နယ်နိမိတ်မှတ်တိုင်ကို အမြန်ဆုံးကွင်းဆင်းသတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် (၁)အုန်းဇုန်း ကျေးရွာ အုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခုအကြား တိကျသော အုပ်စုခြား နယ်နိမိတ်သတ်မှတ် ပေးပါရန်၊ (၂) ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၏ တရားဝင် ပြန်တမ်းဝင်ကျေးရွာ နယ်နိမိတ်အတိုင်း ဧရိယာနယ်နိမိတ်မှတ်တိုင်များသတ်မှတ်စိုက်ထူပေးပါရန် နှင့် (၃) သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ဇိုက်ချောင်းကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ ထောက်ကြံ့မြေကျေးရွာတို့အား နယ်နိမိတ်ပိုင်းခြားထားသည့် တိကျသော မြို့နယ်ခြား နယ်နိမိတ် သတ်မှတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စုကို ယခင်က ချောင်းကြီးကျေးရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အုပ်ချုပ်ရေးအခြေအနေအရ ချောင်းကြီးကျေးရွာ၊ ရေထွက် ကျေးရွာနှင့် ကျောက်ဖြူကျေးရွာတို့ကို ချောင်းကြီးကျေးရွာအုပ်စု အဖြစ်လည်းကောင်း၊ အုန်းဇုန်း ကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ လိပ်ကျကျေးရွာ၊ ကျောက်ဖြာကျေးရွာ၊ ကွင်း(၂၉)ကျေးရွာ၊ ကွင်း(၃၀) ကျေးရွာ၊ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာတို့အား အုန်းဇုန်း ကျေးရွာအုပ်စုအဖြစ် လည်းကောင်း ခွဲခြားခဲ့သော်လည်း မြေပြင်တွင် အုပ်စုနယ် နိမိတ်ခွဲခြားမှု တိကျသောမှတ်တိုင် မရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ၃၀-၇-၂၀၂၀ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အုန်းဇုန်းကျေးရွာနှင့် ချောင်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တို့ပါဝင်သည့် အဖွဲ့နှင့် ပဏာမကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း၊ ပဏာမစစ်ဆေးတွေ့ရှိချက်များအရ ကျေးရွာအုပ်စု နယ်နိမိတ်မှတ်တိုင်စိုက်ထူနိုင်ရေးနှင့် ချောင်းကြီးကျေးရွာ၏ တရားဝင်အမည်ပေါက် ကျေးရွာ နယ်နိမိတ်အတိုင်း နယ်နိမိတ် မှတ်တိုင်များ စိုက်ထူနိုင်ရေးအတွက် ခေတ်မီမြေတိုင်း စက်ကိရိယာ များဖြင့် နယ်နိမိတ်အတိအကျ တိုင်းတာခြင်း၊ စစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်နိုင်ရေးနှင့် မြေတိုင်းမှတ်တိုင်နှင့် နယ်နိမိတ်မှတ်တိုင်အရေအတွက်တို့ကို ခန့်မှန်းတန်ဖိုး အသေးစိတ် တွက်ချက်မှု စာရင်းများနှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ဇိုက်ချောင်းကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ ထောက်ကြံ့ပင်ကျေးရွာတို့ကို နယ်နိမိတ်ပိုင်းခြားသတ်မှတ်သည့် တိကျသောမြို့ နယ်ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စနှင့် စပ်လျဉ်းပြီး သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့မှ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီးနယ်မြေကွင်းဆင်းစိစစ်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိခဲ့သော်လည်း နှစ်ဖက်မြို့နယ်များမှ ဌာနဆိုင်ရာများပါဝင်သည့် ကွင်းဆင်းစိစစ်ရေး အဖွဲ့များ အနေဖြင့် အဆိုပါကာလများတွင် COVID-19 ရောဂါဆိုင်ရာကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း တာဝန်များကို ဌာနဆိုင်ရာများအလိုက် တာဝန်များခွဲဝေကာ ဖိဖိစီးစီးကြိုးပမ်း ဆောင်ရွက်နေရသည့် အတွက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး ကြန့်ကြာခဲ့ရပါကြောင်း၊

အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ၃၀-၇-၂၀၂၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ ချောင်းကြီးကျေးရွာအုပ်စုနှင့် ရှောက်ပင်ရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဇိုက်ချောင်းကျေးရွာနှင့် ထောက်ကြံ့ကျေးရွာတို့မှ ကျေးရွာတာဝန်ခံများပါဝင်သည့်အဖွဲ့များသည် ပဏာမကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ကွင်းဆင်စစ်ဆေးတွေ့ရှိချက်များအရ (က) စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ထောက်ကြံ့ကျေးရွာသည် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် အစပ် တွင် တည်ရှိပြီး ၁၉၈၇ ခုနှစ်မှစတင်ပြီး တည်ရှိရာ ကျေးရွာစတင်ခဲ့စဉ် အိမ်ခြေ ၂၀ အိမ်၊ လူဦးရေ ၄၅ ဦးသာသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကျေးရွာမှာနေထိုင်သည့် ဒေသခံများအနေဖြင့် ရွှေတူး ဖော်သည့် လုပ်ငန်းကို လုပ်ကိုင်ခြင်းမှစတင်၍ တရားမဝင်ရွှေ့ပြောင်း ရောက်ရှိနေထိုင်ခဲ့ခြင်း ဖြစ် ကြောင်း၊ ယခုအချိန်တွင် အိမ်ခြေ ၁၁၈ အိမ်၊ လူဦးရေ ၄၅၃ ဦးနေထိုင်ပြီး တရားဝင်အမည် ပေါက်မရ သေးသည့် ကျေးရွာဖြစ်သည်ဟု သိရှိရပါကြောင်း၊ ဇိုက်ချောင်းကျေးရွာသည်လည်း သပိတ်ကျင်း မြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်တွင် တည်ရှိပြီး ချောင်းကြီးသစ်တောကြိုးဝိုင်း အကွက် အမှတ်(၆) အတွင်း ကျရောက်ပြီး စဉ့်ကူးမြို့နယ်၊ ထောက်ကြံ့ကျေးရွာနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ စုစည်းနေထိုင်ရာမှ ကျေးရွာပေါ် ပေါက်လာခဲ့ ခြင်းဖြစ်ရာ နေထိုင်သူအများစုသည် ရွှေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ပြီး တောင်ယာ စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းများလည်းလုပ်ကိုင်ခဲ့ပါကြောင်း၊ ယခု အချိန်တွင် လည်း အိမ်ခြေ ၁၀၇ အိမ်၊ လူဦးရေ ၄၂၆ ဦး နေထိုင်လျက်ရှိပါကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၄-၆-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၀) ဖြင့် ၅၆.၄၅ ဧကကို ဇိုက်ချောင်းကျေးရွာ၏ ရွာမြေ ၄၆.၄၅ ဧကနှင့် သာသနာ/ အများ ပိုင် မြေ ၁၀ ဧကအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ရာ တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် အမည်ပေါက်ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်လျက်ရှိပါကြောင်း၊

ပဏာမစစ်ဆေးတွေ့ရှိချက်များအရ မြို့နယ်ခြားနယ်နိမိတ်အား မြို့နယ်နှစ်မြို့နယ်အဖြစ် အငြင်းပွား မှု မရှိဘဲ တရားမဝင်ရွှေလုပ်ကွက်များရှိနေသည့်အတွက်ကြောင့်သာ အငြင်းပွားခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့် အဖွဲ့အစည်းများမှတစ်လက်မ တစ်မိုင်စကေး မြေပုံပေါ်တွင် မြို့နယ်ခြား ပွိုင့်သုံး ခုအား GPS များဖြင့် အနီးစပ်ဆုံးတိုင်းတာပေးသော်လည်း ဒေသခံများမှ ရေဝေရေလဲတောင်ကုန်း၊ ချိုင့်ဝှမ်းအမှတ်အသားများဖြင့် နယ်နိမိတ်သတ်မှတ် လိုကြပြီး ကုမ္ပဏီ များမှ သတ္တုတူးဖော်မှုများ ပြုလုပ်ခဲ့သဖြင့် လက်တွေ့မြေပြင်အနေအထားအရ တစ်လက်မတစ်မိုင် စကေးမြေပုံနှင့် ကိုက်ညီမှု မရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ၃၁-၇-၂၀၂၀ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ နှစ်ဖက်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးများ၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးမှူးများ ပါဝင်သည့်အဖွဲ့နှင့် ထပ်မံကွင်းဆင်းခဲ့ရာ ပဏာမကွင်းဆင်း စိစစ် သတ်မှတ်ထားသည့် မြို့နယ်ခြားနယ်နိမိတ်သတ်မှတ်ချက်များအပေါ် ဒေသခံများမှ လက်ခံ နိုင်ခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ မြို့နယ်ခြားနယ်နိမိတ်ကို အဆိုပါ အတိုင်း သတ်မှတ်မည်ဆိုပါက မလိုလားအပ်သော အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နှစ်ဖက်မြို့နယ်မှ သက်ဆိုင်ရာဌာန များမပါဝင်ဘဲ တိုင်းဒေသကြီးအဆင့်မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အဖွဲ့နှင့်အဆင့်မြင့် တိုင်းတာရေးစက်များ အသုံးပြုပြီး တိုင်းတာနိုင်ရေးအတွက်ကို ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။