Skip to main content

မကျီးကွင်းစားကျက်မြေမှာ ၁၆၃.၆၂ ဧကကျယ်ဝန်းပြီး ရန်ကုန် - ပြည်လမ်းဘေး ဂရံစံပြကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာကြားတွင်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တည်ဆဲဥပဒေများနှင့်အညီ ညီညွတ်ခြင်းမရှိဘဲ စားကျက်မြေအားလုံးကို ပယ်ဖျက်ပြီး မဏိကမ္ဘာကုမ္ပဏီကို လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ထိုကိစ္စကို ဒေသခံတောင်သူများက မကျေနပ်ကြ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် နှစ်ကြိမ်တိုင်တိုင်ကန့်ကွက်ပြီး မူလအတိုင်းပြန်ထားရန်မေးမြန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါကြောင်း၊

ကျွဲ၊ နွားများ၏ အစာရေစာအတွက် လွှတ်ကျောင်းရန် စားကျက်မြေများကို ကာကွယ်ပေးထားသည့် ဥပဒေများရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၃)၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေများမှာ ပါဝင်ပါကြောင်း၊ ၁၈၇၆ ခုနှစ်၊ မြန်မာနိုင်ငံတော်အောက်ပိုင်း မြေယာနှင့်အခွန်‌တော် လက်စွဲဥပဒေ၊ ၁၉၁၁ ခုနှစ်၊ မြန်မာနိုင်ငံတော်အထက်ပိုင်း မြေယာနှင့်အခွန်တော် လက်စွဲဥပဒေများမှာ စားကျက်မြေများကို ကာကွယ်ပေးထားသည့်ဥပဒေများ ရှိပါကြောင်း၊ ယနေ့အထိ တည်ဆဲဥပဒေများဖြစ်ပါကြောင်း၊ စားကျက်မြေများကို ပယ်နှုတ်ခြင်းများ၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်မည်ဆိုလျှင် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေတွင် ပါရှိသည့်အချက်(၆)ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို အဖွဲ့ဖွဲ့ပြီးစိစစ်ရပါကြောင်း၊ အချက်(၆)ချက်နှင့် ကိုက်ညီမှ ပယ်နုတ်ရပါကြောင်း၊ ထိုသို့ ပယ်နုတ်ခွင့်ပေးခြင်းသည် ၁၉၇၃ ခုနှစ် မေလမတိုင်မီက တစ်စိတ်တစ်ပိုင်း စားကျက်ကျူး တောင်သူများအတွက် စဉ်းစားပေးခြင်း ဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ် မေလနောက်ပိုင်တွင် စားကျက်ကျူး တောင်သူများအတွက် မည်သည့် အကြောင်းပြချက်မျှ ပယ်ဖျက်ခွင့် မပြုပါကြောင်း၊ ယခုလို စားကျက်မြေအားလုံးကို ပယ်ဖျက်ပေးခြင်းမျိုး မဟုတ်ဘဲ တစ်စိတ်တစ်ဒေသကိုသာ ပယ်နုတ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မကျီးကွင်း စားကျက်မြေအားလုံးကို ပယ်ဖျက်ပြီး ယခုလိုကုမ္ပဏီကို လွှဲပြောင်းပေးသည့်ကိစ္စနှင့် စပ်လျဉ်းပြီး ဒေသခံများက ယခင်အစိုးရလက်ထက်တွင် မူလအတိုင်းပြန်ထားပေးရန် ကြိုးစား‌သော်လည်း မအောင်မြင်သည့်အပေါ် ယခုအစိုးရလက်ထက်တွင် တစ်ဖန် ပြန်ပြီးကြိုးစားကြခြင်း ဖြစ်ပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက တစ်ဆင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအဆင့်ဆင့်ကို ပြန်လည်စိစစ်တင်ပြရန် တာဝန်ပေးပါကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက တည်ဆဲဥပဒေများဖြင့် ညီညွတ်ခြင်းရှိ/မရှိ ဥပဒေရှုထောင့်က သုံးသပ်တင်ပြပြီး ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ အဆုံးအဖြတ်ကို ခံယူပါမည်ဟု အစီရင်ခံစာမှာဖော်ပြပြီး ပြန်တင်ပေးခဲ့ပါကြောင်း၊ သို့သော် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအဖွဲ့က ပယ်ဖျက်ပြီး စားကျက်မြေဖြစ်၍ စီမံခန့်ခွဲရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ပြုခဲ့ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လက်ပံတန်းမြို့နယ်ခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ လက်ပံတန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုမ္ပဏီတာဝန်ခံများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားကျက်မြေကိစ္စ ကို တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပါကြောင်း၊ ညှိနှိုင်းမှုမပြီးပြတ်၍ ထပ်မံညှိနှိုင်းပြီး အစီရင်ခံစာ ပြန်တင်ရန် ဝန်ကြီးချုပ်မှ မှာကြားခဲ့ပါကြောင်း၊ ၄-၇-၂၀၂၀ ရက်နေ့တွင် ကိုယ်စားလှယ်များနှင့် ကုမ္ပဏီ တာဝန်ခံများ ထပ်မံညှိနှိုင်းဆွေးနွေးကြပါကြောင်း၊ ညှိနှိုင်းမှုအရ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ ပါကြောင်း၊ ကုမ္ပဏီဘက်က ဒေသခံများ၏အကျိုးအတွက် ၎င်းတို့ရရှိခဲ့သည့်မြေဧက ၉၁.၅၅ ဧက အနက် ၅၁.၅၅ ဧကကို တိုင်းဒေသကြီးအစိုးရ၏စီမံခန့်ခွဲမှုဖြင့် ဒေသအကျိုးစီးပွားအတွက် ပြန်လည်စွန့်လွှတ်ခဲ့ပါကြောင်း၊ ယခုဖော်ပြထားသည့်ပုံမှာ မိမိတို့အားလုံး သဘောတူညီပြီး လက်မှတ်ရေးထိုးစဉ် ဝန်ကြီးချုပ်ကို ပြန်လည်တင်ပြသည့်စာနှင့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များ သဘောတူညီ ကြောင်း လက်မှတ်ရေးထိုးပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြထားသည့်စာ ဖြစ်ပါကြောင်း၊ မကျီးကွင်းစားကျက်မြေနှင့်စပ်လျဉ်းပြီး ယခင်အစိုးရလက်ထက်တွင် ဖြေရှင်းခဲ့ခြင်း မပြီးပြတ်ခဲ့သည့်အပေါ် အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်ပြီး ဒေသအကျိုးအတွက် ယခုလို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများက ၎င်းကိစ္စအပေါ် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် လက်ပံတန်းမြို့နယ်၊ မကျီးကွင်း ကျေးရွာအုပ်စုပိုင် စား‌ကျက်မြေအားလုံးကို တည်ဆဲဥပဒေများဖြင့် ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက် ခဲ့သည့်အပေါ် ဒေသခံများ၏အကျိုးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းစားကျက်မြေနှင့် ပတ်သက် ၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှ စားကျက်မြေပယ်ဖျက်ခွင့်ပြုပါရန် လျှောက်ထားခြင်းအား လက်ပံတန်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၉-၁၀-၂၀၁၄ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို ထောက်ခံတင်ပြခဲ့မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ ၁၁-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၅)၊ ဆုံးဖြတ်ချက်အပိုဒ် ၁၇ ပုဒ်မခွဲ (ဋ) ဖြင့် စားကျက်မြေပယ်ဖျက်ခွင့်အား သဘောတူခွင့်ပြုခဲ့သဖြင့် ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၆၈ အရ စိုက်ပျိုးမြေအတွက် ဧရိယာ ၁၁၁.၂၀ ဧက၊ ကန်မြေအတွက် ဧရိယာ ၁၇.၅၁ ဧက၊ အိမ်ခြံမြေအတွက် ဧရိယာ ၉.၅၁ ဧက၊ ဆည်မြောင်းမြေအတွက် ဧရိယာ ၅.၂၄ ဧကနှင့် အခြားမြေအတွက် ဧရိယာ ၂၀.၁၆ ဧက၊ စုစုပေါင်းမြေဧရိယာ ၁၆၃.၆၂ ဧကကို စိုက်ပျိုးရေး၊ ကျေးရွာအုပ်စု မီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားကျက်မြေ အဖြစ်မှ နုတ်ပယ်လိုက်ကြောင်းနှင့် နုတ်ပယ်သည့်ဧရိယာအတိုင်း ခွင့်ပြုသည့်နည်းလမ်းများနှင့် အညီ အသုံးပြုရန်နှင့် ပျက်ကွက်ပါက ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၇-၁၀-၂၀၁၅ ရက်စွဲပါစာဖြင့် ဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမိန့်ထုတ်ပြန်ပြီး နုတ်ပယ်ခွင့်ပြုခဲ့ခြင်းသာဖြစ်ပါကြောင်း ဦးစွာ ရှင်းလင်းတင်ပြအပ်ပါကြောင်း၊

ပယ်ဖျက်ပြီး စားကျက်မြေဧရိယာ ၁၆၃.၆၂ ဧကအနက် စိုက်ပျိုးမြေဧရိယာ ၁၁၁.၂၀ ဧကအား ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ မဏိကမ္ဘာကုမ္ပဏီမှ ဦးမင်းသက်ခိုင်အမည်ဖြင့် ဧရိယာ ၉၁.၅၅ ဧက၊ ‌တောင်သူများဖြစ်သည့် ဦးထက်ပြည့်ဖြိုးအမည်ဖြင့် ဧရိယာ ၅.၉၂ ဧက၊ ဦးဝင်းခိုင်အမည်ဖြင့် ဧရိယာ ၁၀.၈၄ ဧကနှင့် ဦးညွန့်ရင်အမည်ဖြင့် ဧရိယာ ၂.၈၉ ဧကတို့ကို လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇)များ အသီးသီးထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း သိရှိရပါကြောင်း၊ အဆိုပါ စားကျက်မြေနှင့်ပတ်သက်ပြီး မကျီးကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာနေ ဦးအောင်မြင့်သိန်းပါ ခြောက်ဦးမှ ပယ်ဖျက်ထားသည့်မြေများ မူလ စားကျက် မြေအတိုင်း ပြန်လည်ထားရှိရန် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို တင်ပြခဲ့မှုအပေါ် ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် ၂၄ အရ တင်ပြပါ နေရာသည် စားကျက်မြေပယ်ဖျက်ပြီးမြေ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အမှုတွဲအား ပိတ်သိမ်းနိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကိုတင်ပြခဲ့ရာ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ၁၇-၅-၂၀၁၉ ရက်နေ့မှာ အမှုတွဲပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း တင်ပြအပ်ပါကြောင်း၊

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ၂၉-၁၂-၂၀၁၈ ရက်နေ့တွင် မကျီးကွင်းကျေးရွာအုပ်စု အထွက်တိုးစခန်း၌လည်းကောင်း၊ ၁၀-၃-၂၀၁၉ ရက်နေ့တွင် မကျီးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ပြည်သူများမှ စားကျက်မြေဧရိယာ ၁၆၃ ဧကအား အများအကျိုးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း တင်ပြခဲ့မှုအပေါ် မကျီးကွင်းစားကျက်မြေဧရိယာ ၁၆၃.၆၂ ဧကမှာ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်၍လည်းကောင်း၊ စားကျက်မြေတွင် လက်ရှိစိုက်ပျိုးနေသူ တောင်သူ ၁၃ ဦးမှာလည်း ကျေးရွာမီးလင်းရေးကို ဦးတည်ပြီး မဏိကမ္ဘာကုမ္ပဏီမှ ထိုက်သင့်သည့်နှုန်းထားရယူ၍ လွှဲပြောင်းရောင်းချခဲ့ပြီး ဖြစ်၍လည်းကောင်း၊ ယခုအခါ မဏိကမ္ဘာကုမ္ပဏီမှ ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ မကျီးကွင်းကျေးရွာအုပ်စု၊ ဂရံစံပြကျေးရွာမှာ၂၈- ၁- ၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ ဂွေးတောက်ကွင်း ကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းရွာမ ကျေးရွာတွင်

၂၅ - ၂ - ၂၀၁၇ ရက်နေ့တွင်လည်းကောင်း မီးရရှိခဲ့ပြီးဖြစ်ပါကြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၇-၁-၂၀၂၀ ရက်နေ့မှာ လက်ပံတန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လက်ပံတန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ဦးအောင်မြင့်သိန်းပါ ခြောက်ဦးကို အသိပေးရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၈-၆-၂၀၂၀ ရက်နေ့တွင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုးပုလဲဖြူကုမ္ပဏီ (ယခင်မဏိကမ္ဘာကုမ္ပဏီ)ဖြစ်ပါကြောင်း၊ ၎င်းတာဝန်ခံများနှင့် မကျီးကွင်းကျေးရွာအုပ်စု၊ မကျီးကွင်း စားကျက်မြေပယ်ဖျက်ခွင့် ခွင့်ပြုထားပြီးဖြစ်သည့်ဧရိယာ ၁၆၃.၆၂ ဧကအနက်မှ မိုးပုလဲဖြူကုမ္ပဏီ (ယခင်ကမဏိကမ္ဘာကုမ္ပဏီ)မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဧကများနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါကြောင်း၊ ထိုသို့ ညှိနှိုင်း ဆွေးနွေးခဲ့ရာ မိုးပုလဲဖြူကုမ္ပဏီ (ယခင်ကမဏိကမ္ဘာကုမ္ပဏီ)မှ လက်ရှိလုပ်ကိုင်နေသည့် ဧရိယာ ၉၁.၅၅ ဧကအနက်မှ ၅၁.၅၅ ဧကကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲနိုင်ရန် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ကျန်ဧရိယာ ၄၀ ဧကအား ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် အခြားနည်းအသုံးပြုခွင့်အား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက စက်မှု/ စီးပွားမြေငှားဂရန် လျှောက်ထားသွားရန် ညှိနှိုင်းဆွေးနွေး သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါ ကြောင်း၊

သို့ဖြစ်ပါ၍ ၂၈-၆-၂၀၂၀ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းဆွေးနွေး သ‌ဘောတူဆုံးဖြတ်ချက်အရ မိုးပုလဲဖြူကုမ္ပဏီ (ယခင်က မဏိကမ္ဘာကုမ္ပဏီ)မှ လက်ရှိလုပ်ကိုင်နေသော ဧရိယာ ၉၁.၅၅ ဧကအနက်မှ ၅၁.၅၅ ဧကကို ‌ဒေသ ဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်အပ်နှံသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ နုတ်ပယ်ခွင့်ပြုပြီး စားကျက်မြေဧရိယာ ၁၆၃.၆၂ ဧကအနက် အခြားမြေ ၂၀.၁၆ ဧကသည် လက်ရှိမြေပြင်မှာ လမ်းမြေ ၄.၀၅ ဧက၊ အင်းအိုင်မြေ ၁.၈၆ ဧက၊ ရိုးမြေ ၆.၅၄ ဧကနှင့် ကျန်အခြားမြေ ၇.၇၁ ဧကတို့အား အသီးသီး အသုံးချဆောင်ရွက်ထားရှိရာ အဆိုပါ အခြား မြေ ၂၀.၁၆ ဧကအနက် လမ်းမြေ ၄.၀၅ ဧကကိုချန်လှပ်ပြီးတော့ စုစုပေါင်း ၁၆.၁၁ ဧကကို ကျွဲ၊ နွားများ လွှတ်ကျောင်းမွေးမြူနိုင်ရန်အတွက် စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။