Skip to main content

မိမိ၏မဲဆန္ဒနယ်မြေသည် လူဦးရေ ၁၈၀,၀၀၀ ခန့် နေထိုင်ပြီး ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းလိုအပ်ချက်က မိုင် ၂၅၀ ခန့်ရှိမည်ဟု ယူဆရပါကြောင်း၊ လက်ရှိအသုံးပြု နေသည့် လမ်းအခြေအနေက မြေသားလမ်းပိုင်း ၁၂၀ ကျော်ခန့်နှင့် ကျောက်လမ်းမိုင် ၂၀ ခန့် လက်ရှိတည်ဆောက်ဆဲ ကတ္တရာလမ်း နှစ်မိုင်ခန့်ဖြစ်ပါကြောင်း၊ လူဦးရေအများဆုံးအသုံးပြုနေသည်မှာမြေသားလမ်းများဖြစ်ပါကြောင်း၊ ထို့အပြင်ယခင်ပြီးခဲ့ပြီးသောလမ်းများအားလုံးနီးပါးသည် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ထားခြင်းမရှိခဲ့ကြပါကြောင်း၊လက်ရှိအစိုးရလက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်ကျေးလက်နေပြည်သူများတစ်ပြေးညီဖွံ့ဖြိုး အောင်ဆောင်ရွက်ရန်လက်တွေ့တွင် အခက်အခဲရှိသော်လည်းဟန်ချက်ညီစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်ကြီးများဖြစ်သော လမ်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်တို့သုံးစွဲလာနိုင်အောင် အထူးဂရုပြုဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ လမ်းရှိလျှင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများသည် အလိုအလျောက်ဖွံ့ဖြိုး တိုးတက်သွား တတ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေ‌သောလမ်းများသည် နဂိုကတည်းက စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့်အတွက် မြေသားလမ်းများ၊ ကျောက်လမ်းများသည် ယိုယွင်းပျက်စီးနေပါကြောင်း၊ ထို့အတွက် အကယ်၍ထိန်းသိမ်းပေးခြင်းမရှိပါက ဒေသခံများအတွက် အခက်အခဲဖြစ်နိုင်ပါကြောင်း၊ လမ်းအမျိုးအစားကို အနည်းငယ်အကြံပြုလိုပါကြောင်း၊ မိမိဒေသတွင် ကတ္တရာလမ်းတစ်မိုင်သည် သိန်း ၁,၇၀၀ ရှိပါကြောင်း၊ စံချိန်မီမြေသားလမ်းသည် ခြောက်မိုင်၊ ခုနစ်မိုင်မှ ကတ္တရာလမ်း တစ်မိုင် ခန့်မျှသာ ကုန်ပါကြောင်း၊ လမ်းမရှိသေးသည့်ဒေသများကို အမြန်ဆုံးဟန်ချက်ညီစဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် လမ်းများဖောက်လုပ်ရာတွင် ကုန်ကျစရိတ် အနည်းငယ်ဖြင့် အနာဂတ်မြေသား လမ်းမှတစ်ဆင့်မြှင့်တင်ရာတွင်လည်း အမာခံလမ်းခံပြီးသားဖြစ်သည့်အတွက် ရေတိုရေရှည်တွင် မြေသားလမ်းကို စမ်းပြီးခင်းပေးခြင်းအားဖြင့် နောင်ရေးအမာခံရှိသည့်လမ်းအဖြစ် ကျန်ခဲ့မည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တစ်နယ်လုံးတွင် ကတ္တရာလမ်း တစ်လမ်း ယခုနှစ်ရပါကြောင်း၊ နှစ်မိုင်ခန့်သာ ရှိပါကြောင်း၊ ၎င်းလမ်းကို တွက်ချက်မှုတောင်းကြည့်သည့်အခါ တွက်ချက်မှုတွင် အမာခံလမ်းဆောင်ရွက်သည့်တန်ဖိုးကိုကြည့်သည့်အခါလက်ရှိမြေသားလမ်းတစ်မိုင်တန်ဖိုးနှင့် အညီလောက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက် ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစားအလိုက် စံချိန်စံညွှန်းနှင့်အညီကြီးကြပ် ပေးရန်နှင့် ပျက်စီးသွားသောလမ်းများအား ပြုပြင်ထိန်းသိမ်းချထားပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများအား လမ်းအဆင့်သတ်မှတ်ချက် Class (A)၊ Class (B)နှင့် Class (C)တို့ဖြင့် သုံးမျိုး ခွဲခြားဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းအဆင့် သတ်မှတ်ချက် Class (A)အဆင့်ရှိ လမ်းများကို ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ပြီး တံတားများကို စံသတ်မှတ်ချက်(Standard) AASHTO HS 20-44 ဖြင့်လည်းကောင်း၊ လမ်းအဆင့်သတ်မှတ်ချက် Class (B)အဆင့်ရှိလမ်းများကို အမာခံလမ်း(ကျောက်၊ ဂဝံ၊ ရိစာ) အစရှိသဖြင့်ဆောင်ရွက်ပြီး တံတားများကိုစံသတ်မှတ်ချက်(Standard) ၂၀ တန်ဖြင့် လည်းကောင်း၊ လမ်းအဆင့်သတ်မှတ်ချက် Class (C)အဆင့်ရှိလမ်းများကို မြေသားလမ်းများ အဖြစ်လည်းကောင်း၊ ကျေးလက်လမ်း၊ တံတား များကို သတ်မှတ်ထားသော စံချိန်စံညွှန်း(Specification) များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကျေးလက်လမ်း၊ တံတားများတည်ဆောက်ရာတွင် တင်ဒါစနစ်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဆောင် ရွက်သောကုမ္ပဏီများကို စံချိန်စံညွှန်းပြည့်မီစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနအနေဖြင့် Quality Control အတွက် QC Lab ထားရှိပြီး အရည်အသွေးစစ်ဆေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားသော Third Party စစ်ဆေးရေးအဖွဲ့များဖြင့် အရည်အသွေးစစ်ဆေးခြင်း၊ ပျက်စီးသွားသော လမ်းများနှင့်ပတ်သက်၍ Periodic Maintenance၊ Routine Maintenance၊ Special Maintenance ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ပြုပြင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာက ပုံမှန် စစ်ဆေးရေးအဖွဲ့များအစီအစဉ်ဖြင့် Maintenance လုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ထိန်းသိမ်းရေးစရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များမှစ၍ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။