Skip to main content

လက်ရှိပြည်သူ့အစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မီးလင်းရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းလုံးတွင်အကောင်အထည်ဖော်ပေးနေသည်မှာအားလုံးအသိဖြစ်ပါကြောင်း၊နှစ်စဉ်နိုင်ငံတော်ဘဏ္ဍာငွေ၏၈၀ရာခိုင်နှုန်းကိုတည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုနေသည်ဖြစ်၍ ကျေးလက် ဒေသများပါမကျန်အောင် အဘက်ဘက်ကနေ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်သလို အရည်အသွေး ပြည့်မီရန် လည်းလိုအပ်ပါကြောင်း၊ အချိန်မီပြီးစီးရန် ဆိုလျှင်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းအရည်အသွေး စစ်ဆေး သည့် Third Party သုံးဦးသုံးဖလှယ်ကာတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတား၊ အဆောက်အဦစသည့် လုပ်ငန်းများ၊ နိုင်ငံဝန်ထမ်းအိမ်ယာများ ဆောက်လုပ်သည့် လုပ်ငန်းများတွင် ပြင်ပမှ အရည်အသွေး စစ်ဆေးသည့် Third Party များကို နှစ်ရာခိုင်နှုန်း ပေးချေပြီး တင်ဒါစနစ်ဖြင့် ငှားရမ်း အသုံးပြု နေသည်ကို တွေ့ရှိရပါကြောင်း၊သို့သော် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ပြင်ပမှ Third Party များကို ငှားရမ်းအသုံးပြုခြင်းမရှိဘဲ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် Third Party အဖွဲ့ကို ၁.၂ ရာခိုင်နှုန်းပေးချေပြီး ငှားရမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အဖွဲ့အစည်းကစစ်ဆေးနေသည်ဖြစ်ပါစေ Third Party များ၏တာဝန်ယူမှု၊ တာဝန်ခံမှုကသာ အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အချို့သော နိုင်ငံများတွင်အဆောက်အဦဖြစ်စေ၊ လမ်းဖြစ်စေသတ်မှတ်ချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုရှိပါက တာဝန်ယူဆောက်လုပသည့် ကုမ္ပဏီအပြင် အရည်အသွေးစစ်ဆေးသည့် Third Party ကပါ အစိတ် အပိုင်းတစ်ခုအနေဖြင့် ‌ပေးလျော်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ အနေဖြင့် အရည်အသွေးပြည့်မီသည့်လုပ်ငန်းများ ရရှိရန် တာဝန်ယူ ဆောက်လုပ်သည့် ကုမ္ပဏီ အပြင် Third Party များကပါ တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် ပျက်စီးဆုံးရှုံး သွားသည့် လုပ်ငန်း များအပေါ်တွင် ရာကိန်းနှုန်းတစ်ခုအနေဖြင့်ပေးလျော်သင့်ပါကြောင်း၊ထို့အပြင်အနည်းဆုံးအမည် ပျက် စာရင်း Blacklist ထည့်ပြီး အများပြည်သူသိအောင် ကြေညာရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ Third Party များ၏ ဖွဲ့စည်းပုံ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျောင်လင်း

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် နိုင်ငံတော်မှ ချမှတ်ပေးထား သည့် ဘတ်ဂျတ်များဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ခံ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏အရည်အသွေး ထိန်းသိမ်းရေး ဌာနခွဲ ဝန်ထမ်းများမှအရည်အသွေးထိန်းသိမ်းရေးလုပ်ငန်စဉ်များကို နိုင်ငံတော် ကိုယ်စားဆောင်ရွက် စေခြင်းဖြစ်ပြီး Third Party အနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း တင်ပြအပ်ပါကြောင်း၊

၎င်းကဲ့သို့ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ (QC)လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော် မှခန့်အပ်ထားသည့် ဝန်ထမ်းများအတွက် လုပ်အားခအနေဖြင့် ထပ်မံပေးရန်မလိုအပ်သော်လည်း လုပ်ငန်းစဉ်ဖြစ်သည့် လမ်းတည်ဆောက်ခြင်းလုပ်ငန်းများတွင်အသုံးပြုမည့် ကတ္တရာ၊ ကျောက်စ သည့် လမ်းခင်းပစ္စည်းများ၏ အရည်အသွေးစစ်ဆေးခြင်း၊ လမ်းအောက်ခံမြေသား တာဘောင်များ ၏ခံနိုင်ဝန်နှင့်သိပ်သည်းမှု (Degree of Compaction) စစ်ဆေးခြင်း၊ ဒု-အခြေခံလွှာ နှင့် အခြေခံလွှာ တို့၏ခံနိုင်ဝန် (CBR) စမ်းသပ်စစ်ဆေးခြင်း၊ ကတ္တရာလမ်းများ၏ မျက်နှာပြင်လွှာနှင့် ရေပိတ်လွှာ များအား(Skid Resistance) စမ်းသပ်စစ်ဆေးခြင်း၊ လမ်းတည်ဆောက်ရေးလုပ်ငန်း‌ ဆောင်ရွက်နေ စဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များအား စံချိန်စံညွှန်းနှင့်အညီကိုက်ညီအောင် ပြုပြင်ကြီးကြပ် လမ်းညွှန်ပေးခြင်း၊ (QC) အစီရင်ခံစာထုတ်ပြန်ပေးခြင်း၊ တံတား (QC) လုပ်ငန်းစဉ် များတွင်လည်း တံတားတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီခြင်းရှိ/မရှိ စမ်းသပ်စစ်ဆေး ခြင်း၊ ကွန်ကရစ်လုပ်ငန်းအရည်အသွေးစစ်ဆေးခြင်း၊ ဘိုးပိုင်အရည်အသွေးနှင့် သတ်မှတ်အနက် ပြည်မီခြင်းရှိ/မရှိစစ်ဆေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်လျှောက် စစ်ဆေးကြည့်ရှု့ကာ မှတ်တန်းတင်၍ လစဉ် (QC Report ) တင်ပြပေးခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊

Third Party နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များ၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ အရေးယူရမည့်အချက်များနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက် အဦ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Building Construction Industry Development Law-BCID) (မူကြမ်း)ရေးဆွဲပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေတွင် အခြေခံအဆောက်အဦများဆောက်လုပ်ရာတွင် သက်ဆိုင်ရာစည်းမျဉ်း၊ စံချိန်စံညွှန်များနှင့်အညီ ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊စစ်ဆေးခြင်းများစနစ်တကျ ဆောင်ရွက်နိုင်ရန်၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့များအရည်အသွေးတိုးတက်ကောင်းမွန်ရန်ရည်ရွယ်ရေးဆွဲထားပြီး အတည်ပြုထုတ်ပြန်နိုင်ရေးအတွက်လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ ပေးပို့တင်ပြခဲ့ရာ ကော်မတီမှ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေး ဌာနကြီးသို့ ဆက်လက်တင်ပြထားပါကြောင်း၊

တည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) များသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းတစ်ခုအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့တည်းသာရှိရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်း၊ပြည်ထောင်စု ဝန်ကြီး ဌာနများ၊ နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန် ပေးအပ်ထား သည့် အရည်အသွေးထိန်းချုပ်ရေးနှင့် အဆောက်အဦ အပြီးသတ် လက်ခံရေးကော်မတီကလုပ်ငန်း စတင်ဆောင်ရွက်သည့်အချိန်မှ လုပ်ငန်းပြီးစီးသည့် အချိန်အထိလုပ်ငန်းစဉ်အတိုင်း အရည်အသွေး စစ်ဆေးရေးအဖွဲ့နှင့် ဆောက်လုပ်ရေး အကြံပေးအဖွဲ့ (Consultant)၊ တတိယအဖွဲ့အစည်း (Third party) အဖွဲ့များမှ စစ်ဆေးမှတ်တမ်း ပြုစုတင်ပြခြင်းများကို ကြီးကြပ်စစ်ဆေးခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းကော်မတီမှ QC အဖွဲ့များကို ရွေးချယ်တာဝန်ပေးအပ်ရမည် ဖြစ်ပါကြောင်း၊

တင်ဒါစနစ်ဖြင့်သို့မဟုတ်ဈေးနှုန်းဖိတ်ခေါ်တင်သွင်းစေပြီးရွေးချယ်တာဝန်ပေးထားသည့်အရည်အသွေးစစ်ဆေးရေးအဖွဲ့များသည် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေး အတွက် လုပ်ငန်စဉ်တိုင်း ကြီးကြပ်စစ်ဆေးရမည်ဖြစ်ပြီး ကြီးကြပ်ဆောင်ရွက်သူများက ကြီးကြပ် သည့် လုပ်ငန်းအမျိုးအစားအလိုက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားသည့် အရည်အချင်းပြည့်မီသူများဖြစ်ရမည်ဖြစ်ပါကြောင်း၊အရည်အသွေးစစ်ဆေးရေးအဖွဲ့များကဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောစစ်ဆေးသူများလက်စွဲ (Inspector’s Manual)  သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများမှထုတ်ပြန်ထားသော Guidelines နှင့် Check List များ အတိုင်းစစ်ဆေးရပါကြောင်း၊

တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ကန်ထရိုက်တာကုမ္ပဏီများ၊ အရည်အသွေး စစ်ဆေးသူ အဖွဲ့(QC) များ၊ Third Party များသည် တင်ဒါသဘောတူစာချုပ်တွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီစွာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါကသတ်မှတ် ဒဏ်ကြေး ပေးသွင်းစေခြင်း၊ လုပ်ငန်းအာမခံကြေး(Performance Guarantee) ကိုသိမ်းဆည်းခြင်း၊ ကာလ သတ်မှတ်၍ အမည်ပျက်စာရင်းကြေညာခြင်း အင်ဂျင်နီယာကောင်စီဥပဒေအရ အရေးယူခြင်းတို့ ဆောင်ရွက်ရန် SOP တွင် ပါရှိပါကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စီမံကိန်းများ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။