Skip to main content

မန္တလေးမြို့ စက်မှုဇုန်အနီး ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ပေါ်ထွက်လာသော ရပ်ကွက်ကြီးများနှင့်ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ကြား တွင်ရှိသော မူလရှိရင်းစွဲကျေးရွာများ၏ဖွံ့ဖြိုးရေးဖြစ်ပါကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၏ ဘယ်ဘက်ခြမ်းအပိုင်းတွင် ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာ (၄)ရွာ ပါဝင်နေပြီး ၁၉၉၈ ခုနှစ် မန္တလေး စက်မှုဇုန်မြို့တော် တည်ထောင်ခဲ့သည့်အချိန်တွင် ကျေးရွာများ၏ လယ်ယာမြေများကို သိမ်းဆည်းပြီး စက်မှုဇုန်ကို တည်ထောင်ခဲ့ပါကြောင်း၊ မြေကို ရအောင်သိမ်းပြီး ကျေးရွာကို‌ ဖွံ့ဖြိုးရေးကိစ္စများ၊ လုပ်ဆောင်ရမည့်ကိစ္စများ၊ မြို့ပြအင်္ဂါရပ်နှင့်အညီ၊ ရပ်ကွက်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ ကျေးရွာ (၄) ရွာကို စက်မှုဇုန်ထဲတွင် ၎င်းအတိုင်းထားခဲ့ပါကြောင်း၊ အမှန်တကယ်ဆိုပါက ၎င်းတို့၏လယ်ယာမြေများကို သိမ်းပြီးစနစ်တကျ အကွက်ဖော်ပြီး မြေနေရာ အစားထိုးပေးခဲ့ကာ ရပ်ကွက်အသစ်၊ မြို့ပြအင်္ဂါရပ်နှင့်ညီအောင် လုပ်ဆောင်ပေးခဲ့ရမည်ဖြစ် ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ စက်ရုံ၊ အလုပ်ရုံများကြားတွင် ထိုကျေးရွာ လေးက ယနေ့အချိန်အထိ ရေဆိုးပစ်မြောင်းများ၊ လမ်းများကောင်းကောင်းမရှိဘဲ ဖြစ်နေပါကြောင်း၊

၁၉၉၈ ခုနှစ်တွင် ထိုကဲ့သို့ လယ်ယာမြေများကို သိမ်းပြီးအကွက်များ ပြန်ချပေးကာ စနစ်တကျ လုပ်နိုင်သော်လည်း ယင်းသို့ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် အခက်အခဲများ များစွာ ရှိပါကြောင်း၊ ယနေ့အချိန်တွင် စက်ရုံ၊ အလုပ်ရုံများကြားတွင် ထိုကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေကိစ္စ၊ ရေဆိုးပစ်ကိစ္စများ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊ ထိုရွာများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ကြီးတံခွန်မြို့နယ်ထဲကို လွှဲပြောင်းပေးခဲ့သည်ကို စာရင်းဇယားများအရ သိရှိရပါကြောင်း၊  ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးများ များစွာလုပ်ဆောင်ပေးရန် မေးခွန်းမေးမြန်းလိုပါကြောင်း၊

ဒုတိယအပိုင်းအနေဖြင့် အသစ်ပေါ်ထွက်လာသည့် ရပ်ကွက်ကြီးများနှင့်ပတ်သက်၍ မိမိတင်ပြခဲ့သည့် လယ်ယာမြေများကို သိမ်းယူပြီး အကွက်များရိုက်၊ စက်မှုဇုန်ဖော်သည့်နေရာတွင် တချို့သော မြေနေရာများမှာ ဂရန်များထုတ်ယူပြီး သတ်မှတ်ချိန်အတွင်း အကောင်အထည်မဖော်နိုင်ခဲ့သည့် စီမံကိန်းမြေများများစွာရှိပါကြောင်း၊ သက်ဆိုင်ရာ သိမ်းဆည်းခံရသည်ကို သိလျက်နှင့်ပြန်လည် အကွက်ရိုက်သည့်ပုဂ္ဂိုလ်များ ရှိသလို၊ မသိဘဲအကွက်ရိုက်ပြီး ပြန်ရောင်းသည်လည်း ရှိပါကြောင်း၊ အသိမ်းဆည်းမခံခဲ့ရသည့် လယ်သမားများကိုယ်တိုင် အကွက်များ ပြန်ရိုက်ပြီး မြေရောင်း မြေဝယ်များလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်စလုံး ရပ်ကွက်လူဦးရေအပြည့် ဖြစ်နေပြီး ၎င်းရပ်ကွက်ကို တရားဝင်ဖြစ်မြောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရကို  အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်က လက်မှတ်ရေးထိုးတင်ပြထားပါကြောင်း၊  ယနေ့အချိန်၂၀၁၉ ခုနှစ် အတွင်းတွင် အိမ်ခြေ ၅၀၀၀ ကျော်ရှိသည့် အဆိုပါရပ်ကွက်ကြီးကို ကျူးကျော်အဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပြီး လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးများ လုပ်ငန်းများ ဆက်လက်လုပ်ဆောင် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

မေးခွန်းပါမြေနေရာနှင့်ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၄-၁၂-၂၀၁၉ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၅၅၃/၂၀၁၉)အရ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအား အောက်ပါအတိုင်း နယ်နိမိတ်ဧရိယာ ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊

(ဆ)ရက်ကွက်အား မူလက မြေဧရိယာ ၄၇၀ ဧကဖြင့် ဖွဲ့စည်းထားရာမှ ပုသိမ်ကြီး မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုမှ မြေဧရိယာ ၁၁၅ ဧကအား ထည့်သွင်း၍ စုစုပေါင်း မြေဧရိယာ ၅၈၅ ဧက၊ (ဇ)ရပ်ကွက်အား မူလကမြေဧရိယာ ၂၅၀ ဧကဖြင့် ဖွဲ့စည်းထားရာမှ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုမှ မြေဧရိယာ ၇ ဧကအားထည့်သွင်း၍ စုစုပေါင်းမြေဧရိယာ ၂၅၇ ဧက၊ (ဈ)ရပ်ကွက်အား မူလက မြေဧရိယာ ၈၄၁ ဧကဖြင့် ဖွဲ့စည်းထားရာမှ အသစ်တိုးချဲ့ဖွဲ့စည်းမည့် (ည)ရပ်ကွက်သို့ မြေဧရိယာ ၁၁၀ ဧကလွှဲပြောင်းပြီးကျန်ရှိသည့် မြေဧရိယာ ၇၃၁ ဧကနှင့် ပုသိမ်ကြီးမြို့နယ်၊ ရေလောင်းကျေးရွာအုပ်စုမှ မြေဧရိယာ ၂၅ ဧက၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုမှ မြေဧရိယာ ၅၄ ဧကအား ထည့်သွင်း၍ စုစုပေါင်း မြေဧရိယာ ၈၁၀ ဧက စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၄-၁၂-၂၀၁၉ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၅၅၃/၂၀၁၉) အရ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှစ်ရပ်ကွက်အား အောက်ပါအတိုင်း တိုးချဲ့ဖွဲစည်းခဲ့ပါကြောင်း၊ (ဈ)ရပ်ကွက်မှလွှဲပြောင်းသည့် မြေ ဧရိယာ ၁၁၀ ဧက၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာအုပ်စုမှ မြေဧရိယာ ၅၃၈ ဧက၊ အမရပူရ မြို့နယ်၊ ပြည်လုံးကျော် ကျေးရွာအုပ်စု မြေဧရိယာ ၁၅ ဧက၊ နတ်ရေကန်ကျေးရွာအုပ်စုမှ မြေဧရိယာ ၂၆၆ ဧက၊ ဒေါင်းရွေး ကျေးရွာအုပ်စုမှ မြေဧရိယာ ၁၀၃ ဧက စုစုပေါင်းမြေဧရိယာ ၁၀၃၂ ဧကဖြင့် (ည)ရပ်ကွက်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊

(ခ) ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုမှ မြေဧရိယာ ၆၉၆ ဧကနှင့် ရေလောင် ကျေးရွာအုပ်စုမှ မြေဧရိယာ ၁၀၄ ဧက စုစုပေါင်းမြေဧရိယာ ၈၀၀ ဧကဖြင့် (ဋ)ရပ်ကွက် အဖြစ် လည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပုသိမ်ကြီးမြို့နယ်တွင် ဇီးအုပ်ကျေးရွာနှင့် ကံကြီးကုန်းကျေးရွာနှစ်ရွာဖြင့် ဖွဲ့စည်းထားသည့် ဇီးအုပ်ကျေးရွာအုပ်စုတစ်အုပ်စုနှင့် ရေလောင် ကျေးရွာအုပ်စုရှိ ရွာသစ်ကလေးကျေးရွာ တစ်ရွာတို့အား ပယ်ဖျက်ခြင်း၊ ဇီးအုပ်ကျေးရွာအုပ်စုသည် မူလက မြေဧရိယာ ၁၄၀၇ ဧကရှိရာမှ မြေဧရိယာ ၈၁၈ ဧကသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းသို့ ပါဝင်သွားသည့်အတွက် ကျန်ရှိသည့် မြေဧရိယာ ၅၈၉ ဧကနှင့် ရေလောင်ကျေးရွာအုပ်စုသည် မူလက မြေဧရိယာ ၁၃၇၈ ဧကဖြင့် ဖွဲ့စည်းထားရာမှ မြေဧရိယာ ၆၆၇ ဧကသည် ပြည်ကြီးတံခွန် မြို့နယ်အတွင်းသို့ ပါဝင်သွားသည့်အတွက် ကျန်ရှိသည့်မြေဧရိယာ ၇၁၁ ဧကတို့ကို စုစည်း၍ စုစုပေါင်းမြေဧရိယာ ၁၃၀၀ ဧကဖြင့် ရေလောင်ကျေးရွာအုပ်စုနယ်နိမိတ်ဧရိယာအား ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊

စက်မှုဇုန်အနီးရှိ ဇီးအုပ်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကလေး ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာမြေနေရာတို့သည် ယခင်ပုသိမ်ကြီးမြို့နယ်တွင်ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၆-၃-၁၉၉၈ ရက်စွဲပါ အမိန့်အမှတ် (၉/၉၈)အရ ကွင်းအမှတ်(၅၃၅)၊ (၅၁၈/က)၊ (၅၁၈/ခ)တို့ဖြစ်သော ဇီးအုပ်ကွင်း၊ ရေလောင်ကွင်း မြေနေရာများကို မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သို့ မန္တလေးမြို့တိုးချဲ့ မြေနေရာအဖြစ် (လ/န-၃၉)ဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊

ထို့နောက် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ အခြေခံလမ်းများဖော်ဆောင်ထားခြင်း မရှိခဲ့သော်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ (ဆ)ရပ်ကွက်၊ (ဇ)ရပ်ကွက်၊ (ဈ)ရပ်ကွက် များအဖြစ် တိုးချဲ့အကွက်ရိုက်ပြီး မြေနေရာချထားပေးခဲ့၍ အချို့နေရာတို့မှာ နှစ်(၃၀)မြေငှားဂရန် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၏ ၄-၁၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ(၅၅၃/၂၀၁၉)အရ အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ (ဆ)ရပ်ကွက်၊ (ဇ)ရပ်ကွက်၊ (ဈ)ရပ်ကွက်များမှ (၅၁ x ၄၄)လမ်းကြား၊ အောင်ဆန်းလမ်းနှင့် ကနောင်မင်းသားကြီး လမ်းအကြား မြေနေရာများကို ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါ၍ မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် ခေါင်းဆောင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စာရင်း ဇယားများ၊ မြေပြင်အခြေအနေနှင့် နယ်နိမိတ်တို့အား စနစ်တကျလွှဲပြောင်းလက်ခံ ဆောင်ရွက် နိုင်ရေးအတွက် အဖွဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါအဖွဲ့မှ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီးပါက မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ည)၊ ပုဒ်မ ၄၊ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးမြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ်ကြေညာခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးအပ် သောအဖွဲ့ဖြင့် ခွင့်ပြုဘဏ္ဍာငွေအခြေအနေပေါ်မူတည်၍ မြို့ကွက်သစ်လမ်းများအား တိုင်းတာ ဖော်ထုတ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူ ၅၀၀၀ ကျော်အား ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းခြင်း၊ မြေငှား ဂရန်ရရှိထားသူများအား စနစ်တကျမြေနေရာသတ်မှတ်ပေးခြင်း၊ အကွက်ရိုက်ချထားပေးခဲ့ခြင်း မရှိသော မြေကွက်ကျန်များအား စနစ်တကျစီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသစ်ဖော်ထုတ်ခဲ့သော ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်အတွင်းရှိ မူလဇီးအုပ်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကလေးကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာများမှ မူလရွာမြေ အတွင်းနေထိုင်သူများသည် ဂရန်သစ်လျှောက်ထားလာပါက မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်စေရန် တာဝန်ပေးဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သောလမ်းများ၏အကျယ်ကိုသတ်မှတ်ပြီး မြေငှားဂရန် လျှောက်ထားခွင့် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသောင်းဌေးလင်း(ပုသိမ်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၏ ဖြေကြားချက်တွင် ဒေသဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ခြင်း၊ မြေငှားဂရန်ရရှိရေး၊ ဥပဒေနှင့်မညီသည်များ ဖယ်ရှားခြင်းများ ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ လူဦးရေ ၅၀၀၀ ကျော်ကို ဖယ်ရှားသွားရန်နှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ရှိသည့် စာရင်းဇယားအရ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်သည့်အတွက် တစ်မိသားစုကို ပျမ်းမျှ သုံးဦး၊ လေးဦး၊ ငါးဦးနှင့် တွက်ကြည့်ပါက လူဦးရေက သောင်းဂဏန်းကျော် နေပါပြီဖြစ်ပါကြောင်း၊ မြို့ကွက်သစ်‌ဖော်စဉ်က လယ်ယာမြေများကို အကွက်ရိုက်ပြီး တချို့ကိုလည်း ဂရန်ပေးခဲ့သည်ကို တချို့တောင်သူများက အသိမ်းခံရတာ သိပါလျက်နှင့် လက်လွှဲပြီး ပြန်ရောင်းခဲ့ ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ကျူးကျော်နေထိုင်သူများကလည်း မည်သည့်နေ့တွင် လာရောက် ဖျက်သိမ်းခံမည်ကို စိုးရိမ်နေရပါကြောင်း၊ ဂရန်သမားကလည်း ဂရန်ကိုကိုင်ပြီး ယင်းတို့ အကွက်တွင် ဝင်ရောက်နေထိုင်သူများကို မည်သည့်အစိုးရကများ ဖြေရှင်းပေးမည်ကို စောင့်လျက် တစ်ဖက်နှင့် တစ်ဖက် သံသယနှင့် ကြည့်နေ အနေအထားဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများ ထူပြောသည့် အတွက် လည်း မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ကိုယ်တိုင် မူးယစ်ဆေးဝါးတွေကို ဆင်းဖမ်း နေရသည့် အနေအထားအထိ ဖြစ်ခဲ့ပါကြောင်း၊

ထို့ကြောင့်  အိမ်ခြေ အိမ်ထောင်စု ၅၀၀၀ ကျော် တစ်နည်းအားဖြင့် လူဦးရေသောင်းဂဏန်း ကျော်သည့်  အဆိုပါရပ်ကွက်သစ်ကြီး၏ အခြေအနေကို အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုကိစ္စနှင့်ပတ်သက်ပြီး ရာဇဝင်၊ အကြောင်းအရာ အပြည့်အစုံဖော်ပြထားသကဲ့သို့ နောက်ဆုံးအခြေအနေအရ ၄-၁၂-၂၀၁၉ ရက်စွဲပါ အမိန့် ကြော်ငြာစာအရ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းပြီးနောက် မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၃ ဦးဖြင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများ၊ မြေပြင်အခြေအနေနှင့် နယ်နိမိတ်များကို စနစ်တကျ အဖွဲ့ဖွဲ့စည်းဆောင်ရွက်မည့်အကြောင်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ခေါင်းဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဟု ဖော်ပြထားရှိပါကြောင်း၊ ယခု ဆက်စပ်မေးခွန်းသည် မည်သို့ မြန်မြန်ဆောင်ရွက်ပေးမည်ဟု မေးမြန်းခြင်းဖြစ်သည်ဟု နားလည်မိပါကြောင်းနှင့် အဆို ပါကိစ္စနှင့် စပ်လျဉ်း၍  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းပြီး ဖြေကြားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။