Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကို ၁-၆-၁၉၈၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁-၆-၂၀၀၂ ရက်နေ့ တွင် အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်မှာ ၁၈ နှစ် ကျော်လွန် ခဲ့ပြီဖြစ်ပါကြောင်း၊ အောင်မင်္ဂလာရပ်ကွက်သည် အေးချမ်းသာမြို့မှ မွန်စုစသောအကွက်ငယ်များဖြင့် ကျယ်ပြန့်စွာဖွဲ့စည်းတည်ရှိပြီး နေထိုင်သူဦးရေမှာ တဖြည်းဖြည်း များပြားလာခဲ့သောကြောင့် ကျောင်းသားကျောင်းသူဦးရေမှာ နှစ်စဉ်တိုးတက်များပြားလျက်ရှိပါကြောင်း၊ အနီးဆုံးအဆင့်မြှင့်ကျောင်းဖြစ်သည့် ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နှစ်မိုင်ခန့်ကွာဝေးပြီး ကျောင်း(၂)ကျောင်းမှာ မြို့၏တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် သီးခြားစီတည်ရှိနေပါကြောင်း၊ သတ္တမတန်းအောင်မြင်ပြီးသူများသည် ဘုတ်ပြင်း အ.ထ.ကကျောင်းသို့ စက်ဘီး၊ ဆိုင်ကယ်များ စီးပြီးကျောင်းတက်ကြရပြီး လမ်းများမှာကျဉ်းမြောင်းသဖြင့် ကျောင်းတက်ကျောင်းဆင်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားပြီး ကျောင်းဆင်းချိန် ယာဉ်မတော်တဆဖြစ်စဉ်တစ်ခုတွင် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ကျောင်းသားကျောင်းသူအများစုမှာ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားမိဘများ၏ သားသမီးများဖြစ်ကြပြီး သတ္တမတန်း အောင်မြင်ပြီးသည်နှင့် အဆင့်မြင့်ကျောင်းသို့ ပို့ရန်အဆင်မပြေသောကြောင့် ကျောင်းသားတစ်ဝက်ခန့်မှာ ကျောင်းထွက်သွားခဲ့ကြရပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန်အတွက် လိုအပ်ချက်များကိုလည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းအေးချမ်းစွာ အလယ်တန်းပညာကို ပြီးမြောက်အောင် ဆက်လက် သင်ယူနိုင်ရေးအတွက် ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်အတွင်း ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁)ကျောင်း စုစုပေါင်း (၂)ကျောင်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်မူအနေဖြင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးနှင့်အထက်ရှိခြင်း၊ အနီးဆုံး အလယ်တန်းအဆင့်သင်ကျောင်းနှင့် သုံးမိုင်အထက်ကွာဝေးခြင်း စသည်ဖြင့် သတ်မှတ်ထားမှု ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၏ လက်ရှိကျောင်းသားစာရင်းမှာ ၁၃၅ ဦးခန့်ရှိပါကြောင်း၊ အနီးဆုံးအလယ်တန်းအဆင့်သင် ဘုတ်ပြင်းအခြေခံပညာ အထက်တန်းကျောင်းနှင့် လေးဖာလုံခန့်သာ ဝေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘုတ်ပြင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်စိစစ်ရာတွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ရန် သတ်မှတ်ထားခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။