Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း တပ်ရွာမြစ်ရေတင်စီမံကိန်းကို ၁၉၉၅ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ရေသောက် ဧရိယာ စုစုပေါင်းဧက ၂၀,၀၀၀ လျာထားခဲ့ပြီး ဝက်လက်မြို့နယ်အတွက် ဧက ၅,၀၀၀၊ စစ်ကိုင်း မြို့နယ်အတွက် ၁၅,၀၀၀ ဖြစ်ပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ရေစတင်ပေးဝေခဲ့ရာ စစ်ကိုင်းမြို့ဘက်သို့ သွားသည့် လက်တံမြောင်းသည် ရေစီးရေလာကောင်းမွန်ပြီး လယ်ဧကများစွာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ဝက်လက်မြို့နယ်ဘက်သို့ပေးသည့် လက်တံမြောင်းသည် ရေစီးဆင်းမှုနည်းပြီး လယ်ဧက အနည်းငယ်ကိုသာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ‌မြေပြင်အနေအထားအရ ဝက်လက်မြို့နယ်ဘက်မှ မြင့်မားပြီး စစ်ကိုင်းမြို့နယ်ဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားပါကြောင်း၊ မြေအမျိုးအစားပေါ်တွင် လည်းမူတည်ပြီး ဝက်လက်မြို့နယ်ရှိသည့် ၎င်းဆည်ရေသောက်မြေသည် ‌သဲနုန်းမြေစပ်များဖြစ်သည့် အတွက် ‌မြောင်းပေါင်များ ပြိုဆင်းပြီး မြောင်း‌ကောရခြင်းလည်း ဖြစ်နိုင်ပါကြောင်း၊

၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဒီဇယ်အင်ဂျင်စက်ကြီးများဖြင့် မြစ်ရေကိုမောင်းတင်ခဲ့ရာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ယခင်ကထက် ယခုအခါရေများစွာကို လွှတ်ပေးနိုင်ပါသော်လည်း ရေပေးမြောင်းနှင့် လက်ခွဲမြောင်းများပျက်စီးယိုယွင်းနေပါသဖြင့် ရေသောက် ဧကအနည်းငယ်သာ ရေရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် ၎င်းဧရိယာအတွင်း စနစ်ကျ လယ်ယာဧက ၂၀၀ ဖော်ဆောင်ပေးခဲ့သည့် အတွက်လည်း ကုန်ထုတ်လမ်းများ၊ ‌ရေသွင်းမြောင်းများ၊ ရေထုတ်မြောင်းများ ကောင်းလာပြီး နွေ စပါး၊ မိုးစပါး နှစ်သီးစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်လယ်ကွက်များကိုလည်း ဆက်လက်ပြီး ဆောင်ရွက်‌ပေးရန် အထူးလိုအပ်ပါကြောင်း၊ ယင်းစီမံကိန်းတွင် လက်တံ(၇) ရေပေးမြောင်းသည် ဝက်လက်မြို့နယ်အတွက် ရေပေးဝေသည့် အဓိကမြောင်းဖြစ်ပါကြောင်း၊ ကျေးရွာ (၆)ရွာတို့၏ ရေသောက်ဧက ၅,၀၀၀ အတွက် လျာထားဆောင်ရွက်ခဲ့သည့်မြောင်းလည်းဖြစ်ပါကြောင်း၊ လက်ရှိတွင် မြောင်းပုံစံမကျခြင်း၊ ချုံနွယ်ပိတ်ပေါင်းများရှိနေခြင်း၊ ‌မြောင်းတိမ်ကောနေခြင်းများတွေ့ရှိရပါကြောင်း၊ လက်ခွဲမြောင်းသုံးမြောင်းသည်လည်း မြောင်းပုံစံကျ မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရေပေးမြောင်းပေါ်မှ တူးမြောင်းအဆောက်အဦများတွင် ပိတ်ဆို့မှုများရှိနေပါသဖြင့် ရေအနည်းငယ်သာစီးဆင်းနိုင်ပါကြောင်း၊ ၎င်းရေကို တောင်သူများက စက်များဖြင့် စုပ်ယူစိုက်ပျိုးကြသော်လည်း ရေလုံလောက်မှုမရှိသည့်အတွက် မိုးရေကိုသာ အမှီပြုနေရပါကြောင်း၊ နှစ်စဉ် မိုးရေချိန် လက်မအနည်းငယ်သာရွာသွန်းမှုကြောင့် အရှုံးနှင့်သာရင်ဆိုင်နေရပါသဖြင့် ရေစီးရေလာ ကောင်းမွန်ပြီး ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေမြောင်းလက်တံနှင့် လက်ခွဲမြောင်းများ အား စနစ်တကျပြုပြင်ပေးရန်လိုအပ်ပါကြောင်း၊

ဝက်လက်မြို့နယ်ရှိ ကျေးရွာခြောက်ရွာ၏ ရေသောက်ဧက ၅,၀၀၀ အတွက် တပ်ရွာမြစ်‌ရေတင်စီမံကိန်းမှ ဝက်လက်မြို့နယ်သို့ ရေပေးဝေမည့်လက်တံ(၇) ရေပေးမြောင်းစနစ်အား ပြုပြင် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မူလက တပ်ရွာမြစ်ရေတင်စီမံကိန်းကို စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေသောက်ဧရိယာ ၁၁,၃၃၀ ဧကနှင့် ဝက်လက်မြို့နယ်အတွင်းရှိ ရေသောက် ၅,၂၁၈ ဧက စုစုပေါင်း ၁၆,၅၄၈ ဧက အကျိုးခံစားရရန်အတွက် ၁၉၉၅-၁၉၉၆ ခုနှစ်တွင် ဒီဇယ်ရေတင်စီမံကိန်းလုပ်ငန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၁၉၉၈-၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ဒီဇယ်ရေတင်စနစ်နှင့် ၂၀၀၁-၂၀၀၂ ခုနှစ်ထိ ဝက်လက်မြို့နယ်အတွက် လက်တံမြောင်း(၇)မှ ဝက်လက်မြို့နယ်အတွင်း ရှိသည့်ရေသောက်ဧရိယာများကိုရေပေးဝေခဲ့ပါကြောင်း၊ သို့သော်လည်း အဆိုပါမြစ်ရေတင်လုပ်ငန်းသည် ဒီဇယ်ဆီရရှိသုံးနိုင်စွဲမှုအနေအထားအရ ၂၀၁၄-၂၀၁၅ ခုနှစ်အထိသာ ရေပေးရေး ဆောင်ရွက်နိုင်ခဲ့ပြီး လက်တံမြောင်း(၇)၏ ရေပေးဝေမှုများကို ရပ်နားထားခဲ့ရသည့် အခြေအနေဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဒီဇယ်မြစ်ရေတင်လုပ်ငန်းအဖြစ်မှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအဖြစ်ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်၊ နွေရာသီကစပြီး လက်တံမြောင်း(၇)သည် ရေသောက်ဧရိယာများကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပါကြောင်း၊

တပ်ရွာမြစ်ရေတင်စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် စီမံကိန်းရေပေးဝေမှုနှင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်နှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်ရွာမြစ်ရေတင်လုပ်ငန်း၏ တည်ဆောက်ထားသည့် ရေပေးမြောင်းအများစုသည် မြေသားမြောင်းများဖြစ်ကြပါကြောင်း၊ မူလတည်ဆောက်စဉ်က ရေပေးအဆောက်အဦများ ပြည့်စုံစွာတည်ဆောက်နိုင်ခဲ့မှုမရှိသည့် အနေအထားလည်း ရှိခဲ့ပါကြောင်း၊ တည်ဆောက်ပြီး နှစ်ကာလကြာမြင့်ပြီးနောက် လျှပ်စစ်ရေတင်အဖြစ် ပြောင်းလဲရာတွင်လည်း စက်စွမ်းအားပြည့်တပ်ဆင်နိုင်မှုမရှိခဲ့သည့် အတွက် ရေတင်လုပ်ငန်းမှ အမှန်တကယ်ရေပေးဝေနိုင်မည့် ဧရိယာများကို ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေသောက်ဧရိယာများကို ပြန်လည်စိစစ်ခဲ့ရာတွင် စီမံကိန်းဧရိယာ၏ မြေအနိမ့်အမြင့်အနေအထားအရ စစ်ကိုင်းမြို့နယ်အတွင်း တိုက်ရိုက်ရေဝင်နိုင်မှုမရှိသည့် ကုန်းမြင့်ဧရိယာသည် ၃,၈၇၃ ဧကပါရှိ ကြောင်း၊ အင်းနှင့်ချိုင့်ဝှမ်းမြေဧက ၃၀ နှင့် ရေပေးမြောင်းတည်ဆောက်ခဲ့သည့် ဧရိယာ ၅၀၂ ဧက စုစုပေါင်း ၄,၄၀၅ ဧက လျော့နည်းခဲ့သည့် အတွက် လက်တံ(၁)ကနေ(၆)ထိ မြောင်းများအလိုက် ရေပေးနိုင်မှုစိစစ်ပြီးဧရိယာဟာ ၆,၉၂၅ ဧကသာ ဖြစ်ခဲ့ပါကြောင်း၊ အလားတူ ဝက်လက်မြို့နယ်အတွင်းတွင်လည်း တိုက်ရိုက်ရေဝင်နိုင်မှု မရှိသည့် ကုန်းမြင့်ဧရိယာ ၃,၇၈၂ ဧက၊ ရေပေးမြောင်းတည်ဆောက်ခဲ့သည့် ဧရိယာ ၂၃၆ ဧက စုစုပေါင်း ၄,၀၁၈ ဧကလျော့နည်းခဲ့သည့်အတွက် လက်တံမြောင်း(၇)မြောင်း၏ ရေပေးနိုင်မှု ဧရိယာ သည် ဧက ၁,၂၀၀ သာဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ် နှစ်မြို့နယ်ပေါင်း စုစုပေါင်း ရေပေးနိုင်မှုဧရိယာသည် ၈,၀၂၅ ဧကရှိသည့် အခြေအနေသာဖြစ်ပါကြောင်း၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်တာကာလ နီးပါးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ် ၁၄၁.၂၅ သန်းဖြင့် တပ်ရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ ဝက်လက်မြို့နယ်အတွင်း ရေပေးဝေနိုင်ရန် ဖောက်လုပ်ခဲ့သည့် လက်တံ(၇)မြောင်း၏ မူလအရှည်ပေ ၃၆,၆၀၀ အနက် မြောင်းအရှည်ပေ ၂၀,၀၀၀ အထိ မြောင်းပုံစံကျလုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အတူ လက်တံခွဲမြောင်းများ ဖောက်လုပ်ခြင်း၊ ရေပေးပြွန်နှင့် ရေကျအဆောက်အဦ၊ ကွန်ကရစ်တံတား၊ ရေငုတ်ပြွန်အပါအဝင် တူးမြောင်းဆိုင်ရာရေပေးအဆောက်အဦများ ဖြည့်စွက်တည်ဆောက်ခြင်းနှင့် အုတ်လိုင်နင်စီခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် တွင် လက်တံ(၇)မြောင်းမှ နွေသီးနှံ ၂၀၅ ဧကနှင့် မိုးသီးနှံဧက ၄၀၀ ရေပေးစိုက်ပျိုးနိုင်မှုရှိပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လက်တံ(၇)မြောင်းပြုပြင်ဖို့ ရန်ပုံငွေတင်ပြ တောင်းခံခဲ့သော်လည်း တိုင်းဒေသကြီး၏ အနေအထားအရ စိစစ်ဖြတ်တောက်မှုကြောင့် ဆောင်ရွက်နိုင်မှု မရှိခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်ရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ဝက်လက်မြို့နယ် ရေပေးဝေစိုက်ပျိုးနိုင်ရန် လက်တံ(၇)မြောင်း၏ စိစစ်ပြီးဧက ၁,၂၀၀ ပြည့်ရေပေးနိုင်ရန် လိုအပ်သည့် လက်တံခွဲမြောင်းများပြုပြင်ခြင်းနှင့် ရေပေးဝေရေး အဆောက်အဦများ ဖြည့်စွက်တည်ဆောက်နိုင် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကစတင်၍ နှစ်စဉ်ရန်ပုံငွေထည့်သွင်းလျာထားတောင်းခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။