Skip to main content

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်သည် ကချင်အထူးဒေသ(၁)ကို ထာဝရငြိမ်းချမ်းရေးရယူထားသော တောင်ပေါ်နယ်စပ်မြို့နယ်တစ်မြို့ဖြစ်ပါကြောင်း၊ ချီဖွေမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ခုရှိပြီး အိမ်ခြေသည် ၄၀၀ ခန့်နှင့် ဌာနဆိုင်ရာများနေထိုင်ကြပြီး ချီဖွေမြို့၏ စည်ပင်သာယာအခွန်သည်လည်း ဆယ်ဂဏန်းခန့်သာ ကောက်ခံရရှိပါကြောင်း၊

ချီဖွေမြို့သည် တွင်းရေတူး၍မရသော တောင်ပေါ်မြို့ဖြစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖြန့်ဝေပေးသော မြို့ရေပေးရေးလုပ်ငန်းငယ်သည် မြို့ပေါ်အိမ်ခြေ ၆၀ ခန့်သာဖြန့်ဝေပေးနိုင်ပြီး မြို့ပေါ်ရပ်ကွက်အားလုံးကို ဖြန့်ဝေပေးနိုင်ခြင်းမရှိပါကြောင်း၊ ကျန်ရှိသည့်ပြည်သူများသည် မြို့တွင်း အနီးအနားရှိ စိမ့်စမ်းရေကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် သောက်သုံးရေများကို သွယ်ယူသုံးစွဲလျက်ရှိရာ ချီဖွေမြို့အတွင်း လူဦးရေတိုးပွားလာသည်နှင့်အမျှ သောက်သုံးရေသုံးစွဲမှုများပြားလာပါကြောင်း၊ အဆိုပါသောက်သုံးရေများသွယ်ယူသည့် စိမ့်စမ်းရေများသည် ခန်းခြောက်လာခြင်းနှင့် အန္တရာယ် ဖြစ်စေသည့် ထုံးဓာတ်များ များစွာပါဝင်နေပြီး ကျန်းမာရေးထိခိုက်စေမှုများ ကြုံတွေ့နေသည်ကို တွေ့ရှိရပါကြောင်း၊

ချီဖွေမြို့မှ (၈)မိုင်ကွာဝေးသည့် ဝမ်ထယ်ကျေးရွာအလွန်ရှိ ချီချန်းချောင်းသည် ထုံးဓာတ်ကင်းစင်ပြီး ချီဖွေမြို့ပေါ် ရပ်ကွက်လေးခုနှင့် ရေသွယ်လမ်းကြောင်း၏အနီးအနားရှိ ကျေးရွာများပါသုံးစွဲရန် လုံလောက်သည့် သောက်သုံးရေသန့်အဖြစ်အသုံးပြုနိုင်သည့် တောင်ကျချောင်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ ချီချန်ချောင်းမှ သောက်သုံးရေသန့်အား ချီဖွေမြို့သို့ သွယ်တန်းသုံးစွဲနိုင်ပါက ချီဖွေမြို့ပေါ် ရပ်ကွက် (၄)ခုနှင့်ရေလမ်းကြောင်းရှိကျေးရွာများနှင့် ပြည်သူများ အားလုံး နေထိုင်ကြသည့် ပြည်သူလူထုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရာသီမရွေး လုံလောက်သော သောက်သုံး ရေသန့်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချီဖွေမြို့ မြို့ပေါ်ရပ်ကွက်လေးခုနှင့် မြို့အနီးအနား ရွာများနှင့် မြို့ပေါ်ရှိပြည်သူလူထုများ၊ ဌာနဆိုင်ရာများ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုံးဓာတ် မပါသော သောက်သုံးရေသန့်အား လုံလောက်စွာရရှိနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် သောက်သုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက် မည်ဆိုပါက ရေထွက်နေရာမှ စိမ့်စမ်းရေသွယ်ခြင်းအတွက် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း မြို့ပြင်ရှစ်မိုင်နှင့် မြို့တွင်းရေဖြန့်ဝေခြင်းလုပ်ငန်း ကိုးမိုင် စုစုပေါင်း ၁၇ မိုင်အတွက် ကျပ် ၃၅၈.၀ သန်း၊ ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်း (၁၅ x ၂ x ၄ ပေ)ခန့်မှန်းကုန်ကျငွေ ကျပ် ၁.၄၅ သန်းနှင့် ဂါလန် ၆၀,၀၀၀ ဆံ့ အုတ်ရေကန် (၃၀ x ၃၀ x ၁၁ ပေ)တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၁.၆ သန်း စုစုပေါင်း ခန့်မှန်း ကုန်ကျငွေကျပ် ၃၈၁.၀၉ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဝင်ငွေ လျာထားမှုသည် ကျပ် ၁၆.၄၀ သန်းသာ ရှိပြီး ဝင်ငွေနည်းပါးသော မြို့ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း အား စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဦးဇုံးတိန့်(ချီဖွေမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စုအစိုးရ ဘတ်ဂျက်မှ ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

နိုင်ငံတော်အဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက်တင်ပြပြီး ဆောင်ရွက်မည့်ကိစ္စဖြစ်သည့်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အား မေးမြန်းပြီး ဖြေကြားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။